တရားသူကြီးမှတ်စာ - ၄
တရားသူကြီးမှတ်စာ - ၄ (အနက်ဖွင့်)
(ဃ) ဒေဗောရနှင့်ဗာရက် (အခန်း၄–၅)
၁။ ဘဝဇာတ်လမ်း (စကားပြေ) (အခန်း ၄)
၄:၁–၃ ဣသရေလတို့အား နှိပ်စက်ဖိစီးသော နောက်ဘုရင်တစ်ပါးမှာ ခါနန်ပြည် ဟာဇော်မြို့စား ရာဘိန်မင်းဖြစ်သည်။ သူ၏ စစ်သူကြီးမှာ သိသရဖြစ်သည်။ သံရထားကိုးရာရှိ၍ စစ်အင်အား တောင့်တင်းသည်။ ဣသရေလတို့ကို နှစ်ပေါင်း(၂၀)ကြာ နှိပ်ကွပ်ကြသည်။
၄:၄–၉ ထိုကာလတွင် ဘုရားသခင်က အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားများ မသုံးပါ။ သုံးတောင်ဝတ်မိန်းမသားကိုသုံးသည်။ ပရောဖက်မ၏ နာမည်ကို ဒေဗောရဟုခေါ်သည်။ (ထိုသို့ ပရောဖက်မိန်းမပေါ်ထွန်းစေခြင်းသည် ဝိညာဉ်ရေးရာတွင် မိန်းမများအချုပ်အခြာ အာဏာသုံးစွဲပိုင်ခွင့် ပေးထားခြင်း မဟုတ်ပါ။ အမြင့်ဆုံးစံချိန် ချိုးခြင်းဖြစ်သည်။ ယနေ့ခေတ်ကာလတွင် ထိုအမျိုးသမီးကို နမူနာယူ၍ မဏ္ဍပ်တိုင်ထိပ်ပေါ် တက်စရာမဟုတ်။ ထုံးတမ်းစဉ်လာနည်းနာမရှိသော ထူးခြားချက် တစ်ခုဖြစ်သည်)။ ဒေဗောရက ဗာရက်အား မြောက်ဘက်အရပ်ရှိ သိသရ စစ်တပ်အား သွားရောက်တိုက်ခိုက်ရန် ပရောဖက်ပြုသည်။ ဗာရက် ကလည်း သူ့စစ်တပ်နောက်သို့ လိုက်၍ လိုက်လံဆုတောင်းပေးမှသာ တိုက်ခိုက်နိုင်မည်ဟု စျေးကိုင်သည်။ ဒေဗောရလိုက်မည်။ ထိုသို့လိုက်ခြင်းသည် သိသရစစ်သူကြီးသည် မိန်းမလက်ချက်ဖြင့် ဆုံးရှုံးမည်ဟု သတိပေးလိုက်သည်။
၄:၁၀–၁၆ ဘုရားသခင်က ဗျာဒိတ်ပေးထားသည့်အတိုင်း ဒေဗောရက ဗာရက်အားရန်သူသိသရကို တိုက်ခိုက်ခိုင်းသည်။ ဟေဗြဲ ၁၁:၃၂တွင်မူ ဒေဗောရ အမိန့်ကြောင့် ဗာရက်တိုက်ခိုက်ခြင်းမဟုတ်။ သူ၏ယုံကြည်ခြင်း၊ ဘုရားသခင်၏စကားတော်နားထောင်ခြင်း ဖြစ်သည်ဟုဆိုသည်။ (NIV ကျမ်းမူ အပိုဒ်ငယ် ၁၁တွင် ဟောဗတ်သည် မောရှေ၏ ယောက်ဖဟုဆိုသည်။ NKJV ကျမ်းမူတွင်မူ ယောက္ခမ ဟု ဆိုသည်။
ဗာရက်စစ်သည်တော်အင်အားတစ်သောင်းသည် တာဗော်တောင် တောင်ဘက်ဆင်ခြေလျှောတွင် နေရာယူထားကြသည်။ သိသရ၏ စစ်သားများ ချီတက်လာကြသည်။ စစ်ကြောင်းတစ်ခုလုံးကျည်ကွယ်မျက်ကွယ်မဲ့ တာဗော်သတ်ကွင်းကို ဖြတ်ကျော်လာကြသည်။ အရှေ့တောင်ဘက်ရှိ တာနပ်ဆီသို့ ဦးတည်ကြသည်။ တောင်ဘက်အရပ်မှ ဧဖရိမ်လူများ ယေနင် ချိုင့်ဝှမ်းသို့ ရောက်လာကြသည် (၅:၁၄)။ ဗာရက်စစ်ကြောင်းနှင့် တာနပ်လွင်ပြင်တွင် ပူးပေါင်းကြသည်။ ဒေဗောရက စစ်တိုက်ခိုင်းသည်(၁၄)။ ခြေလျင်စစ်သားများနှင့် သံရထားတပ်ဖွဲ့ လယ်ပြင်မှာ ကျားနှင့်ဆင်တွေ့ကြသည်။ ထိုသို့အဆုံး အဖြတ်တိုက်ပွဲဆင်နွှဲခိုက် မိုးကြီး သီးထန်စွာရွာချသဖြင့် လွင်ပြင်တစ်ခုလုံးရွှံ့ဗွက်များ ထူထပ်သွား၍ မြင်းရထားများ အစွမ်းအစပျောက်ကုန်သည် (၅:၄)။ ခြေလျင်တပ်ဘက်တွင် အခွင့်အရေးသာသွားသည်။ သိသရသည် သူ့တပ်နှင့်ကွဲသွားပြီ၊ တစ်ယောက်တည်း လမ်းပျောက်သည်။ ခေါင်းဆောင်မဲ့သွားသော မြင်းတပ်သည် အထိန်းအကွပ် မရှိသဖြင့် ပုရွက်ဆိတ်အုံ တုတ်ထိုးခံရသည့်ပမာ ခြေဦးတည့်ရာ ထွက်ပြေးကြသည်။ မိုးကလည်း သဲကြီးမဲကြီးရွာပြီး ရွာနေသည်။ ဣသရေလတို့ ဓားချက်မိသူများသည် သေကြ၍ ဓားချက် မမိလိုက်သူများသည် ဟာရိုရှေသတ်ကွင်းကို ပြန်လည် ဖြတ်သန်း၍ သေပြေးရှင်ပြေး ပြေးကြသည် (ငယ် ၁၀–၁၆ နှင့် ၅:၂၀–၂၁)တို့ကို ယှဉ်ဖတ်ပါ။
၄:၁၇–၂၄ သိသရသည် ကေဣတ်အမျိုး ယေလအမျိုးသမီးတဲတွင် ပုန်းခိုသည်။ သိသရမောမောပန်းပန်းဖြင့် အိပ်မောကျနေစဉ် ယေလသည် သိသရ၏နားထင်ထဲသို့ တင်းပုတ်ဖြင့် တံသင်ရိုက်ထည့်လိုက်သည်။ သိသရနောက်သို့ ထပ်ချပ်လိုက်လာသော ဗာရက်ကိုတဲနားသို့ရောက်အသောအခါ ယေလက လှမ်းခေါ်၍ သိသရအလောင်းကို ထုတ်ပြသည်။ ဤနေရာတွင် အပိုဒ်ငယ် ၉မှ ဒေဗောရ၏ ပရောဖက်ပြုချက်ပြည့်စုံမှန်ကန်ကြောင်းတွေ့ရသည်။ ဘုရားသခင်သည် ပျားရည်ဟု အနက်ရသော ဒေဗောရ မိန်းမသားအား အသုံးပြု၍ ဘုရားသခင်ကို ဆန့်ကျင်သော ယာအင်လူအား ဆုံးမသည်။ ဘုရားရှင်သည် ဗာရက်(အလင်းရောင်)အား၊ ယေလ(တက်လမ်း) ကိုသုံး၍ တံသင် (သာဝကခရီးသည် အထိမ်းအမှတ်)ဖြင့် အံ့ဖွယ်အမှုပြုစေခဲ့သည်။ တင်းပုတ်ဆိုသည်မှာ နှုတ်ကပတ်တော် (ယေ ၂၃:၂၉)ဖြစ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။