တရားသူကြီးမှတ်စာ - ၁၇

မိက္ခာ၏ရုပ်တု
1မိက္ခာအမည်ရှိသော ဧဖရိမ်တောင်သားတစ်ယောက် ရှိ၏။ 2သူသည် အမိအား၊ အိုအမေ၊ ပျောက်သောငွေ၊ အကျွန်ုပ်ရှေ့မှာ ကျိန်ဆဲသောစကားကိုပြောသော ငွေဆယ်တစ်ပိဿာသည် အကျွန်ုပ်၌ ရှိပါ၏။ အကျွန်ုပ်ယူမိပြီဟု ဆိုသော်၊ အမိက၊ ငါ့သား၊ ထာဝရဘုရား ကောင်းချီးပေးတော်မူပါစေသောဟု ဆို၏။ 3ထိုငွေဆယ်တစ်ပိဿာကို အမိအားပြန်ပေးသောအခါ၊ အမိက၊ ငါ့သားသည် ထုသောရုပ်တုနှင့် သွန်းသောရုပ်တုကို လုပ်စရာဖို့ ဤငွေရှိသမျှကို ထာဝရဘုရားအား ငါပူဇော်နှင့်ပြီ။ 4သို့ဖြစ်၍ ငါ့သားအား ယခုငါပြန်ပေးမည်ဟုဆိုသော်လည်း၊ သားသည် ထိုငွေကို အမိအားပြန်ပေး၏။ အမိသည်လည်း နှစ်ပိဿာကိုယူ၍ ပန်းထိမ်သမား၌ အပ်သဖြင့်၊ သူသည် ထုသောရုပ်တုနှင့် သွန်းသောရုပ်တုကိုလုပ်၍ ရုပ်တုတို့သည် မိက္ခာအိမ်၌ ရှိ၏။ 5ထိုလူမိက္ခာသည် ဘုရားကျောင်းရှိ၍၊ သင်တိုင်းတော်နှင့် တေရပ်ရုပ်တုကို လုပ်ပြီးမှ၊ မိမိသားတစ်ယောက်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။ 6ထိုကာလ၌ ဣသရေလရှင်ဘုရင် မရှိ။ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။
7ယုဒအမျိုးနှင့် စပ်ဆိုင်သော ဗက်လင်ယုဒမြို့သား လေဝိအမျိုး လုလင်တစ်ယောက်သည်၊ ဗက်လင်မြို့မှာ တည်းခို၍ နေပြီးလျှင်၊ 8တစ်ဖန် ထွက်သွား၍ တည်းခိုစရာအရပ်ကို ရှာလျက် ခရီးသွားသဖြင့်၊ ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက်လေ၏။ 9မိက္ခာကလည်း၊ သင်သည် အဘယ်က လာသနည်းဟုမေးသော်၊ လုလင်က၊ ငါသည် ယုဒခရိုင် ဗက်လင်မြို့သား လေဝိလူဖြစ်၏။ တည်းခိုစရာအရပ်ကို ရှာ၏ဟု ပြန်ပြောသော်၊ 10မိက္ခာက၊ အကျွန်ုပ်နှင့်အတူ နေပါ။ အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ် လုပ်ပါ။ အကျွန်ုပ်သည် တစ်နှစ်တစ်နှစ်လျှင် ငွေအကျပ်တစ်ဆယ်နှင့် အဝတ်စုံကိုလည်းကောင်း၊ စားစရာကိုလည်းကောင်း ပေးပါမည်ဟု ပင့်ဖိတ်သောအခါ၊ လေဝိလူသည်ဝင်၍၊ 11ထိုသူနှင့်အတူနေခြင်းငှာ အလိုရှိသဖြင့် သားကဲ့သို့ဖြစ်လေ၏။ 12မိက္ခာသည်လည်း၊ ထိုလေဝိလုလင်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားသည်အတိုင်း၊ လုလင်သည် ယဇ်ပုရောဟိတ်လုပ်၍ မိက္ခာအိမ်၌ နေ၏။ 13မိက္ခာကလည်း၊ ယခုမှာ လေဝိလူသည် ငါ၏ယဇ်ပုရောဟိတ် ဖြစ်သောကြောင့်၊ ထာဝရဘုရားသည် ငါ၌ကျေးဇူးပြုတော်မူမည်ကို ငါသိသည်ဟု ဆို၏။

တရားသူကြီးမှတ်စာ - ၁၇ (အနက်ဖွင့်)

၃။ ဘာသာရေး၊ ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးခြစားခြင်း (အခန်း ၁၇၂၁)

ဤအခန်းသည် တရားသူကြီးမှတ်စာ၏ နောက်ဆက်တွဲဖြစ်သည်။ အခန်း၁၇-၂၁ အကြောင်းအရာများနှင့် တိုက်ရိုက်ပတ်သက် နှီးနွယ်ခြင်းမရှိ။ ဘာသာရေးအဆင့်အတန်းနိမ့်ကျလာပုံ၊ ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးအယူအဆများ ဖောက်ပြန်လာကြပုံတို့ကို ရှင်းပြထားသည်။ ရုသဝတ္ထုတိုသည် တရားသူကြီးများခေတ်ကို မဖော်ဆောင်သော်လည်း၊ တရားသူကြီးမှတ်စာနှင့်ယှဉ်၍ ဘုရားသခင်၌ ဆောက်တည်ရာ အလင်းငွေ့တွေ့ရှိသည်။ ထိုခေတ်ကာလသည် ဟေဗြဲသမိုင်း၏ အမှောင်တစ်ခေတ်ဖြစ်သည်။

(ကမိက္ခာ၏ဘာသာရေးဆောက်တည်ပုံ (အခန်း ၁၇)

          ၁၇: ပထမဆုံး ဘာသာရေးအယူဝါဒ ပျက်စီးမှုတွေ့ရသည်။ ဧဖရိမ်အမျိုးသား         မိက္ခာသည် သူ့မိခင်ထံမှ ငွေဆယ့်တစ်ပိဿာခိုးယူသည်။ ထိုမိခင်သည် သူခိုးအား ကျိန်စာတိုက်ရာ သူ့သားဖြစ်နေသည်။ ကျိန်စာသင့်မည်ကြောက်သောကြောင့် သားသူခိုးသည် ခိုးယူထားသော ပစ္စည်းများကို မိခင်အား ပြန်ပေးသည်။ မိခင်သည်လည်း ကျိန်စာပြန်ရုတ်သိမ်းပြီး သားတော်မောင်အား ကောင်းကြီးမင်္ဂလာပြန်ပေးသည်။ မိခင်သည် မူလရည်ရွယ်ထားသည့်အတိုင်း ငွေပိဿာ (၂၀)ဖြင့် ဘုရားတုသွန်းခိုင်းလိုက်သည်။ သစ်သားဖြင့် ရုပ်တုလုပ်ပြီး အပေါ်မှ ငွေသွန်းလုပ်သည်။

၁၇: မိက္ခာသည် အိမ်စောင့်နတ်ထုလုပ်ပြီး အိမ်ပေါ်တင်ကိုးကွယ်သည်။ သူ့မိသားစုထဲမှ ယဇ်ပုရောဟိတ်ပေါ်ထွန်းစေလိုသဖြင့် သင်တိုင်းကိုလည်း လုပ်သည်။ သူ့သားတစ်ယောက်ကို ယဇ်ပုရောဟိတ်အဖြစ် မြှောက်စားသည်။ ထိုသို့ပြုလုပ်ခြင်းသည် ဘုရားသခင်၏ ပညတ်တော်အား ဆန့်ကျင်ခြင်းဖြစ်သည်။ ဘုရားရှင်က ဧဖရိမ်အမျိုးအား ယဇ်ပုရောဟိတ် အရိုက်အရာမပေး။ လုပ်ဆောင်သမျှသည် မောရှေပညတ်ချက်ထုံးတမ်းစဉ်လာများနှင့် အားလုံးဆန့်ကျင်သည်။

၁၇:၁၃ တစ်နေ့သောအခါ ဗက်သလင်မြို့မှ လေဝိအမျိုးသားတစ်ယောက်သည် ဧဖရိမ်ပြည်တွင် တည်းခိုစရာနေအိမ် လိုက်ရှာသည်။ (ထိုသူသည် ယေဟောဝါဘုရားသခင်၏ အစေခံဖြစ်၍ ဆယ်ဘို့တစ်ဘို့ ခံထိုက်သူဖြစ်သည်။ သို့သော်လည်း ယဇ်ပုရောဟိတ်များသည် ရာထူးနေရာလိုက်လံရှာဖွေခြင်းမပြုရဟု ပညတ်တရားရှိသည်)။ ထိုသူသည် လေဝိအမျိုးဖြစ်သော်လည်း ယဇ်ပုရောဟိတ်အရိုက်အရာ ဆက်ဆံခွင့်ရှိသော အာရုန်အနွယ်ဝင်မဟုတ်။ မိက္ခာကမိသားစု ယဇ်ပုရောဟိတ်လုပ်ဖို့ ကမ်းလှမ်းသည်။ စားဝတ်နေရေး လခမှစ၍ စီစဉ်ပေးမည်ဟုဆိုသည်။ ထိုသို့မိက္ခာ၏ ကမ်းလှမ်းချက်သည် ယဇ်ပုရောဟိတ်ခံယူခြင်း၊ ထုံးနည်းနာများနှင့် ဖီလာဆန့်ကျင်သည်။ ကမ်းလှမ်းချက်လက်ခံနိုင်အောင် မက်လုံးများဖြင့် မြူဆွယ်ဗန်းပြသည်။ အတုအယောင်နှင့် လိမ်ညာသူ၊ ဘုန်းကြီးရူးနှင့် လှေလူးသည် တစ်စခန်းတည်းသွားကြပြီ။

အခန်း(၁၇)တွင် နားရှုပ်စရာရှိပါသည်။ ခိုးယူခံရသော ငွေဖြင့် ဘုရားတုသွန်းလုပ်၍ သူခိုးအား ကောင်းကြီးမင်္ဂလာပေးခြင်းဖြစ်သည် (ငယ် ၂)။ လူတစ်ဦးချင်းအတွက် ယဇ်ပလ္လင်တည်ဆောက်ကြောင်း တွေ့ရသည်။ ယဇ်ပလ္လင်ကို ယဇ်ပုရောဟိတ်များနှင့် လေဝိလူများက အနေကဇာတင်ပေးရသည်။ ရုပ်တုကို ဘုရားကိုးကွယ်ဖို့ အသုံးပြုကြသည်။ မိက္ခာပြုသမျှကို သာဓုဟုခေါ်သည် (ငယ်၁၃)။ ဤလုပ်ဆောင်ချက်များသည် လူ့အတွေးအခေါ်သက်သက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်ပညတ်ထားသော ပညတ်တော်များနှင့် ချိန်ထိုးကြည့်လျှင် မည်သို့ရှိပါစေ။ “သု ၁၄:၁၂” တွင် ” လူထင်သည့်အတိုင်း မှန်သော လက္ခဏာရှိသော်လည်း အဆုံးတွင် သေခြင်းသို့ ပို့သောလမ်းတစ်မျိုးရှိ၏။ ” ဟု ဆိုထားပါသည်။ လာမည့်အခန်းတွင် ဆက်လက် ရှုစားကြပါစို့။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။