တရားသူကြီးမှတ်စာ - ၁၅

1နောက်တစ်ဖန် ဂျုံစပါးရိတ်ရာ ကာလ၌ ရှံဆုန်သည် ဆိတ်သငယ်ပါလျက်၊ မိမိမယားကို ကြည့်ရှုခြင်းငှာ သွား၍၊ သူ့အခန်းထဲမှာ သူနှင့်အတူအိပ်မည်ဟု ကြံသော်၊ ယောက္ခမသည် ဆီးတား၍၊ 2သင်သည် ငါ့သမီးကို ဆက်ဆက်မုန်းသည်ဟု ငါအထင်ရောက်သောကြောင့်၊ သင့်အပေါင်းအဖော်အား ငါပေးစားပြီ။ သူ့ညီမသည် သူ့ထက်သာ၍လှသည် မဟုတ်လော။ အစ်မ၏ကိုယ်စား ညီမကိုယူပါတော့ဟု ဆို၏။ 3ထိုအမှုကို ထောက်၍ ရှံဆုန်က၊ ငါသည် ဖိလိတ္တိလူတို့၌ အပြစ်ပြုသော်လည်း၊ သူတို့သည် ငါ့ကိုအပြစ်တင်စရာမရှိဟု ဆိုသည်နှင့်အညီ၊ 4သွား၍ မြေခွေးသုံးရာတို့ကို ဖမ်းပြီးမှ၊ မြေခွေးအမြီး တစ်ခုနှင့်တစ်ခုကို ပေါင်းလျက်၊ အမြီးနှစ်ခုကြား၌ မီးရှူးကိုစည်း၍၊ 5မီးရှူးတို့ကို မီးညှိသဖြင့် ဖိလိတ္တိလူတို့ စပါးလယ်ထဲသို့ လွှတ်လိုက်၍ စပါးပင်ကိုလည်းကောင်း၊ ကောက်လှိုင်းကိုလည်းကောင်း၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်တို့ကိုလည်းကောင်း မီးလောင်လေ၏။ 6ဖိလိတ္တိလူတို့ကလည်း၊ ဤအမှုကို အဘယ်သူပြုသနည်းဟု မေးမြန်းသော်၊ တိမနတ်မြို့သား၏သားမက် ရှံဆုန်ပြုပြီ။ သူ၏မယားကို သူ၏အပေါင်းအဖော်အား ပေးစားပြီတကားဟု ပြန်ပြောလျှင်၊ ဖိလိတ္တိလူတို့သည်လာ၍ ထိုမိန်းမနှင့် သူ၏အဘကို မီးရှို့ကြ၏။ 7ရှံဆုန်ကလည်း၊ ထိုသို့ပြုသောကြောင့် ငါသည် စိတ်ပြေအောင် ပြုမည်။ စိတ်ပြေပြီးမှ ငြိမ်သက်စွာနေမည်ဟု ဆိုလျက်၊ 8သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် တစ်ပြိုင်နက် ရိုက်သတ်ပြီးလျှင် ဧတံကျောက်ထိပ်သို့ သွား၍ နေ၏။
ဖိလိတ္တိအမျိုးသားတို့ကိုရှံဆုန်နှိမ်နင်းခြင်း
9တစ်ဖန် ဖိလိတ္တိလူတို့သည် ယုဒပြည်သို့ချီသွား၍ တပ်ချသဖြင့်၊ လေဟိအရပ်၌ အနှံ့အပြားနေကြ၏။ 10ယုဒလူတို့ကလည်း၊ အဘယ်ကြောင့် ချီလာကြသနည်းဟုမေးသော်၊ ငါတို့၌ ရှံဆုန်ပြုသကဲ့သို့ သူ့ကိုချည်နှောင်၍ ပြုခြင်းငှာ ချီလာသည်ဟု ပြန်ပြောကြ၏။ 11ထိုအခါ ယုဒလူသုံးထောင်တို့သည် ဧတံကျောက်ထိပ်သို့သွား၍၊ ဖိလိတ္တိလူတို့သည် ငါတို့သခင်ဖြစ်ကြောင်းကို သင်မသိသလော။ သင်သည် ငါတို့၌ အဘယ်သို့ပြုသနည်းဟုမေးသော်၊ ငါ၌ သူတို့ပြုသကဲ့သို့ သူတို့၌ငါပြုပြီဟု ပြန်ပြော၏။ 12သူတို့ကလည်း၊ သင့်ကို ချည်နှောင်၍ ဖိလိတ္တိလူတို့လက်သို့ အပ်ခြင်းငှာ ယခု ငါတို့လာကြပြီဟုဆိုသော်၊ ရှံဆုန်က၊ သင်တို့သည် ကိုယ်တိုင် ငါ့ကိုမလုပ်ကြံပါဟု ကျိန်ဆိုကြလော့ဟု ဆိုလျှင်၊ 13သူတို့က၊ ငါတို့သည် မလုပ်ကြံပါ။ ကျပ်ကျပ်ချည်နှောင်၍ သူတို့လက်၌ အပ်မည်။ အကယ်စင်စစ် ကိုယ်တိုင်သင့်ကို မသတ်ပါဟုဆိုလျက် ကြိုးသစ်နှစ်စင်းဖြင့် ချည်နှောင်၍ ကျောက်ပေါ်က ဆောင်ခဲ့ကြ၏။ 14လေဟိအရပ်သို့ ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် ကြွေးကြော်ကြ၏။ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူ့လက်၌ ချည်သောကြိုးတို့သည် မီးထိသော ပိုက်ဆန်ရိုးကဲ့သို့ ဖြစ်၍ အချည်အနှောင်ကျွတ်လေ၏။ 15သူသည်လည်း မြည်းမေးရိုးလတ်လတ်ကိုတွေ့၍ ကိုင်ယူပြီးလျှင် လူတစ်ထောင်တို့ကို သတ်လေ၏။ 16သတ်ပြီးလျှင် မြည်းမေးရိုးဖြင့် အပုံပုံ၊ မြည်းမေးရိုးဖြင့် လူတစ်ထောင်ကို ငါသတ်လေပြီဟုဆိုသောနောက်၊ 17မြည်းမေးရိုးကို ပစ်လိုက်၍၊ ထိုအရပ်ကို ရာမတ်လေဟိအမည်ဖြင့် တွင်လေ၏။ 18အလွန်ရေငတ်၍ ထာဝရဘုရားကို ဆုတောင်းလျက်၊ ကိုယ်တော်သည် ဤကြီးစွာသော ကယ်တင်ခြင်းကို ကိုယ်တော်၏ကျွန်လက်၌ ပေးတော်မူပြီးမှ၊ ယခု အကျွန်ုပ်သည် ရေငတ်သဖြင့်သေ၍ အရေဖျားလှီးခြင်းကို မခံသောလူတို့လက်သို့ ရောက်ရပါမည်လောဟု လျှောက်သော်၊ 19လေဟိအရပ်၌ ချိုင့်ဝှမ်းရာကို ဘုရားသခင်ဖောက်တော်မူ၍ ရေထွက်လေ၏။ သူသည် ရေကိုသောက်သဖြင့် အသက်ရှူပြန်၍ အားဖြည့်လေ၏။ သို့ဖြစ်၍ ထိုချိုင့်ဝှမ်းရာကို အဟက္ကောရအမည်ဖြင့် တွင်၍ ယနေ့တိုင်အောင် လေဟိအရပ်၌ ရှိသတည်း။ 20ရှံဆုန်သည်လည်း ဖိလိတ္တိလူတို့လက်ထက် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်အုပ်စိုးလေ၏။

တရားသူကြီးမှတ်စာ - ၁၅ (အနက်ဖွင့်)

၃။ ရှံဆုန်လက်တုံ့ပြန်ခြင်း (အခန်း ၁၅)

          ၁၅: ရှံဆုန်သည်သူများနှင့် ပေးစားခဲ့သော သူ့မိန်းမအား တဖန် လာရစ်ပြန်သည်။ ယောက္ခမက မောင်းထုတ်သောအခါ စိတ်ဆိုး၍ ကလဲ့စားပြန်ချေသည်။ မြေခွေးသုံးဆယ်ကို အတွဲလိုက်အမြီးစုချည်ပြီး မီးတုတ်ထည့်ချည်ကာ လယ်ကွင်းပြင်ထဲသို့ မောင်းထုတ်လိုက်သည်။ ထိုမြေခွေးများသည် လယ်ကွင်းပြင်ထဲသို့ ပြေးလွှားကြသောအခါ စပျစ်ခင်း၊ သံလွင်တောနှင့် စပါးပင်များ မီးလောင်ပျက်စီးကုန်သည်။ ထိုသို့ဖြစ်ရခြင်း အကြောင်းရင်းသိရှိကြသောအခါ ဖိလိတ္တိလူကြီးများက ရှံဆုန်၏ ယောက္ခမဟောင်းအား စိတ်ဆိုးကြ၍ တစ်အိမ်သားလုံး မီးရှို့ပစ်ကြသည်။

၁၅:၁၃ ဖိလိတ္တိလူအတုံးအရုံးသေမှ အေးမည်ဟု ရှံဆုန်သည် ကြွေးကြော်အော်ဆဲလျက် ယုဒပြည်နယ်စပ်ရှိ ဧတံကျောက်ဆောင်ထိပ်ပေါ်သို့ သွားနားသည်။ ရုန်းရင်းဆန်ခတ်မှု ဆိုးသထက်ဆိုးလာသည်။ ဖိလိတ္တိလူတို့ အလုံးအရင်းဖြင့် လိုက်လာကြသောအခါ ယုဒလူများက ဖိလိတ္တိလူများသည် ယုဒလူတို့၏ အရှင်သခင်ဖြစ်ပါ၍ အဘယ်ကြောင့် ထိုသို့လာကြကြောင်း မေးမြန်းကြသည်။ ရှံဆုန်၏ ဂြိုဟ်မွှေခြင်းကိစ္စဖြစ်ကြောင်း သိရှိကြသောအခါ၊ ယုဒလူများက ရှံဆုန်အား ကြိုးသစ်နှစ်ချောင်းဖြင့် တုပ်နှောင်ကြလျှင် ကြိုးဆတ်နှောင်ခြင်း နာခံမည်ဟု သဘောတူသည်။ ယုဒတို့သည် ဘုရားသခင်၏ မိမိညီအကိုထက် သူစိမ်းသရံ မိမိလူမျိုးနှိပ်ကွပ်သူများကို မဟာမိတ်ပြုကြပြီ။

၁၅:၁၄၁၇ ရှံဆုန်ဘဝတွင် ဘုန်းတော်ထင်ရှားသော အမှတ်တရ အဖြစ်အပျက် တစ်ခုဖြစ်သည်။ ကြိုးဖြင့် တုတ်နှောင်၍ ဖိလိတ္တိတို့က ခေါ်ဆောင်သွားကြစဉ် ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှံဆုန်အား ခွန်အားသစ်ထပ်မံပေးသည်။ ချည်နှောင်ထားသော ကြိုးအလိုလို ပြတ်ထွက်လျက် ရှံဆုန်လွတ်မြောက်သည်။ မြည်းမေးရိုးကိုယူ၍ ဖိလိတ္တိလူ တစ်ထောင်အား ရိုက်သတ်ပစ်သည်။ ထိုရိုက်သတ်သည့်နေရာဒေသကို ရာမဇလေဟိ (မေးရိုးကုန်းNKJV)ဟု ခေါ်တွင်စေသည်။

ဟုတ်တိပတ်တိ စစ်လက်နက်ပစ္စည်းမဟုတ်သော မြည်းမေးရိုးဖြင့် ဘုရားသခင်သည် ရှံဆုန်ကို စစ်သူကြီးအင်အားပေးခဲ့သည်။ ဘုရားသခင်က ရှံဆုန်အား မစင်ကြယ်သောအရာ မထိပါးဖို့ မွေးစကပင် တားမြစ်ထားသော်လည်း တိရစ္ဆာန်အသေကောင်၏ မေးရိုးကိုသုံးသည်။ သို့သော်ဤနေရာတွင် ထိုမစင်ကြယ်သော အရာသုံးစွဲခြင်းထက် တန်ဖိုးအစွမ်းအစ မရှိသောပစ္စည်းကို ဘုရားသခင်အသုံးပြုလျှင် အစွမ်းထက်မြတ်ကြောင်း သင်ခန်းစာပေးလိုခြင်းဖြစ်သည်။ ထို့ကြောင့် တော်မှတတ်မှ ဘုရားသခင်အသုံးပြုသည် မဟုတ်။ သာမန်ပုံမှန်ပစ္စည်း၊ အစွမ်းအစများကိုလည်း ဘုရားရှင်အသုံးပြုကြောင်း သိရှိနားလည်ရသည်။

၁၅:၁၈၂၀ ထိုသို့လူတစ်ထောင်ရိုက်သတ်သောကြောင့် ရှံဆုန်သည် မောပန်း၍ ရေဆာငတ်သည်။ ထို့ကြောင့် ဘုရားသခင်ထံ ရေတောင်းခံရာ မေးရိုးကုန်းမှ အံ့ဩဖွယ်ရာ စမ်းရေထွက်ပေါ်ထွန်းလာသည်။ ထိုစမ်းရေထွက်ကို ‘ဆုတောင်းပြည့်စမ်းရေတွင်း’ (NKJV)ဟု ခေါ်တွင်ကြသည်။

ရှံဆုန်အသက်တာတွင် ဘုရားသခင်၏ဝိညာဉ်တော်ပေါ်လွင် ထင်ရှားသည် နှစ်ပေါင်း(၂၀)ကာလ အဖြစ်အပျက်များဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။