တရားသူကြီးမှတ်စာ - ၁၄

ရှံဆုန်နှင့်တိမနမြို့သူ
1တစ်ရံရောအခါ၊ ရှံဆုန်သည် တိမနတ်မြို့သို့ သွား၍၊ ထိုမြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတစ်ယောက်ကို မြင်လျှင်၊ 2မိဘထံသို့ ပြန်လာ၍၊ တိမနတ်မြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတစ်ယောက်ကို မြင်ခဲ့ပြီ။ ကျွန်ုပ် ကြင်ဖက်ဖြစ်ဖို့ရာ တောင်း၍ပေးပါဟု ဆိုသော်၊ 3မိဘတို့က၊ သင်သည် အရေဖျားလှီးခြင်းကို မခံသော ဖိလိတ္တိလူတို့တွင် မယားကို သွား၍ ယူရမည်အကြောင်း၊ သင်၏ညီအစ်ကိုသမီး ငါတို့အမျိုးသားချင်းသမီးတို့တွင် မိန်းမတစ်ယောက်မျှ မရှိလောဟု ဆိုသော်လည်း၊ ရှံဆုန်က၊ ထိုမိန်းမကို တောင်း၍ပေးပါ။ အလွန်နှစ်သက်ပါသည်ဟု အဘအားပြောဆို၏။ 4ထာဝရဘုရား စီရင်တော်မူသောအားဖြင့်၊ ရှံဆုန်သည် ဖိလိတ္တိလူတို့၌ အမှုရှာကြောင်းကို မိဘတို့သည် မရိပ်မိကြ။ ထိုကာလ၌ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို အုပ်စိုးသတည်း။ 5ထိုအခါ ရှံဆုန်သည် မိဘနှင့်တကွ တိမနတ်မြို့သို့ သွား၍၊ တိမနတ်စပျစ်ဥယျာဉ်များသို့ရောက်လျှင်၊ ခြင်္သေ့ပျိုတစ်ကောင်သည် သူ့ကိုတွေ့၍ ဟောက်လေ၏။ 6ထိုအခါ ရှံဆုန်လက်၌ တစ်စုံတစ်ခုမျှ မပါသော်လည်း၊ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည် ဆိတ်သငယ်ကို ဆွဲဖြတ်သကဲ့သို့ ထိုခြင်္သေ့ကို ဆွဲဖြတ်၏။ သို့ရာတွင် မိမိပြုသောအမှုကို မိဘတို့အား မကြားမပြောဘဲ နေ၏။ 7မြို့သို့ရောက်၍ မိန်းမနှင့် နှုတ်ဆက်သဖြင့် ရှံဆုန်သည် နှစ်သိမ့်၏။ 8အချိန်စေ့၍ ထိုမိန်းမကိုသိမ်းယူခြင်းငှာ သွားစဉ်အခါ၊ ခြင်္သေ့အသေကောင်ကို ကြည့်ရှုအံ့သောငှာ၊ လမ်းမှလွှဲသွား၍ ခြင်္သေ့အသေကောင်ထဲမှာ ပျားအုံနှင့် ပျားရည်ရှိသည်ကို တွေ့မြင်လျှင်၊ 9နှိုက်ယူ၍စားလျက် ခရီးသွားလေ၏။ မိဘထံသို့ရောက်သော် ပေး၍ သူတို့သည်လည်း စားကြ၏။ သို့ရာတွင် ထိုပျားရည်ကို ခြင်္သေ့အကောင်ထဲက နှိုက်ယူကြောင်းကို မကြားမပြောဘဲ နေ၏။
10အဘသည်လည်း၊ မိန်းမနေရာအရပ်သို့ သွားပြန်၍ ရှံဆုန်သည် လူပျိုထုံးစံအတိုင်း ပွဲလုပ်လေ၏။ 11ထိုအရပ်သားတို့သည် ရှံဆုန်ကို မြင်သောအခါ၊ သူနှင့်အတူ ပွဲခံခြင်းငှာ အပေါင်းအဖော်သုံးဆယ်တို့ကို ခေါ်ခဲ့ကြ၏။ 12ရှံဆုန်ကလည်း၊ သင်တို့အား စကားဝှက်ကို ငါပြောမည်။ ပွဲခံရာခုနစ်ရက်တွင် ဖော်ပြနိုင်လျှင် ခြုံထည်သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါပေးမည်။ 13မဖော်မပြနိုင်လျှင် သင်တို့သည် ခြုံထည်သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါ့အားပေးရမည်ဟုဆိုသော် သူတို့က၊ သင့်စကားဝှက်ကို ငါတို့အား ကြားပြောပါဟုဝန်ခံကြ၏။ 14ရှံဆုန်ကလည်း၊ စားတတ်သောသူ၏အထဲက အစာ၊ သန်စွမ်းသော သူ၏အထဲက အချိုထွက်လေစွဟု ဆို၏။ ထိုစကားဝှက်အနက်ကို သူတို့သည် သုံးရက်ပတ်လုံးရှာ၍ မတွေ့နိုင်ကြ။ 15စတုတ္ထနေ့ရောက်မှ၊ သူတို့က၊ သင်၏လင်သည် စကားဝှက်အနက်ကို ဖော်ပြစေခြင်းငှာ သူ့ကို ချော့မော့ရမည်။ သို့မဟုတ် သင်နှင့်တကွ သင့်အဆွေအမျိုးကို မီးရှို့မည်။ ငါတို့ဥစ္စာကို လုယူခြင်းငှာ ငါတို့ကို ခေါ်ဖိတ်သလောဟု ရှံဆုန်၏မယားကို ဆိုသောကြောင့်၊ 16သူသည် လင်ရှေ့မှာငိုကြွေး၍ သင်သည် ငါ့ကိုမချစ် မုန်းပါ၏။ ငါ့အမျိုးသားချင်းတို့အား စကားဝှက်ကို ပြောသော်လည်း၊ အနက်ကို ငါ့အား မပြပါတကားဟု ဆို၏။ ရှံဆုန်ကလည်း၊ ငါသည် ကိုယ်မိဘကိုမျှမပြဘဲ သင့်အား ပြရမည်လောဟု ဆိုသော်လည်း၊ 17ပွဲခံရာခုနစ်ရက်စေ့အောင် လင်ရှေ့မှာ ငိုကြွေး၍ ခုနစ်ရက်မြောက်သောနေ့၌ အလွန်ပူဆာသောကြောင့် အနက်ကိုဖော်ပြ၏။ မိန်းမသည်လည်း အမျိုးသားချင်းတို့အား ပြန်ပြောလေ၏။ 18မြို့သားတို့သည် ခုနစ်ရက်မြောက်သောနေ့ နေမဝင်မီလာ၍ ပျားရည်ထက် အဘယ်အရာ ချိုသနည်း။ ခြင်္သေ့ထက် အဘယ်အရာသန်စွမ်းသနည်းဟု ဖော်ပြကြ၏။ ရှံဆုန်ကလည်း၊ သင်တို့သည် ငါ့နွားမပျိုနှင့်မထွန်လျှင် ငါ့စကားဝှက်အနက်ကို ရှာ၍မတွေ့ဟု ဆို၏။ 19ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည် အာရှကေလုန်မြို့သို့ သွား၍ မြို့သားသုံးဆယ်ကို သတ်ပြီးမှ သူတို့ဥစ္စာကိုလုယူ၍ စကားဝှက်အနက်ကို ဖော်ပြသောသူတို့အား အဝတ်စုံတို့ကိုပေးပြီးမှ၊ အမျက်ထွက်၍ မိမိအဘအိမ်သို့ ပြန်သွားလေ၏။ 20မယားကိုကား ရှံဆုန်ပေါင်းဖော်သော အဆွေခင်ပွန်းအား ပေးစားသတည်း။

တရားသူကြီးမှတ်စာ - ၁၄ (အနက်ဖွင့်)

၂။ ရှံဆုန်၏ ပွဲတော်နှင့်စကားထာ (အခန်း ၁၄)

          ၁၄: ရှံဆုန်သည် ဣသရေလတို့၏ ရန်သူ ဖိလိတ္တိအမျိုးသမီးတစ်ဦးတွေ့မြင်သည်နှင့် တပြိုင်နက် ငမ်းငမ်းတက်ချစ်ကြိုက် လက်ထပ်ချင်သည်။ မိဘများက ဟန့်တားသော်လည်းမရ။ အပိုဒ်ငယ် ၄သည်  ဘုရားသခင်က ရှံဆုန်၏ မနာခံမှုကို သဘောတူခြင်းမဟုတ်။ ဣသရေလတို့၏ အရေး၊ ဣသရေလ ရန်သူများအပေါ် အရေးယူရေးအတွက်ဖြစ်သည်။

၁၄: ဖိလိတ္တိမြို့တော် တိမနသို့ မိဘများနှင့်အတူ သွားကြစဉ် လမ်းခရီးတွင် ခြင်္သေ့ပျိုနှင့် ပက်ပင်းတိုးကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ဆင်းသက်၍ ခွန်အားထင်ရှားစေသဖြင့် ရှံဆုန်သည် ထိုခြင်္သေ့ပျိုအား လက်ချည်းသက်သက်ဖြင့် ရိုက်သတ်ပစ်သည်။ ထို့နောက် ဖိလိတ္တိသူနှင့် လက်ထပ် ထိမ်းမြားသွားကြသည်။

၁၄: နောက်တဖန် တိမနသို့ ထပ်သွားစဉ် ခြင်္သေ့ဂူတွင် ပျားအုံတွေ့ရှိရာ ပျားရည်ဖွတ်ယူ၍ မိဘများကို တိုက်ကျွေးလိုက်သည်။ ထိုပျားရည်သည် ခြင်္သေ့အသေကောင်နှင့် ထိပါးကြောင်း မိဘများကို မပြောပြ။ (အသေကောင်ကို ထိပါးခြင်းဖြင့် နာဇရိသစ္စာသည် အလိုလိုပျက်ပြယ်သွားသည်)။

၁၄:၁၀၁၄ တိမနတွင် မင်္ဂလာဆောင်ပွဲ ခမ်းနားစွာ ကျင်းပပြီးသောအခါ ရှံဆုန်သည် ကာလသားအဖော် (၃၀)အား စကားထာဝှက်သည်။ သူ၏ စကားထာအား ဖြေနိုင်လျှင် အဝတ်အစားသစ် တစ်စုံစီပေးမည်ဟု ဆိုသည်။ မဖော်နိုင်လျှင် အလျော်ပြန်ပေးမည်ဟု သဘောတူကြသည်။

စားတတ်သောသူ၏အထဲကအစာ

သန်စွမ်းသောသူ၏ အထဲကအချိုရည်

ထွက်လေစွ။

          ထိုစကားထာ၏ အနက်အဓိပ္ပါယ်မှာ ရှံဆုန်၏ ခြင်္သေ့ပျိုရိုက်သတ်ခြင်းနှင့် ခြင်္သေ့သေကောင်မှ ပျားရည် ဖွတ်ယူခြင်းဖြစ်သည်။

၁၄:၁၅၁၈ ကာလသားများသည် စကားထာကို မဖြေနိုင်ကြသဖြင့် ရှံဆုန်မိန်းမထံမှ အဖြေစကား ညှစ်တောင်းကြသည်။ ထိုမိန်းမကလည်း လင်တော်မောင်ထံမှ မိန်းမပရိယာယ်ဖြင့် အဖြေရယူပြီး၊ ကာလသားများအား ပြောပြသည်။ ကာလသားများသည် ရှံဆုန်အား အဖြေပေးကြပြီးလောင်းကြေးလာတောင်း ကြသည်။ ထိုသူများသည် သူ့မိန်းမထံမှ အဖြေရရှိသွားကြောင်း ရှံဆုန်သိရှိသွားသည်။

၁၄:၁၉၂၀ ထိုသို့ သူ့မိန်းမ၏ သစ္စာမတည်မှုကို သိရှိသောအခါ ရှံဆုန်သည် စိတ်ဆိုးဆိုးဖြင့် အာရှုကေလုံလူ(၃၀)ကို ရိုက်သတ်ပြီး၊ အဝတ်အစားများကို ချွတ်ယူကာ၊ လောင်းကြေး အလျော်အဖြစ် ဖိလိတ္တိသားများသို့ ပေးလိုက်သည်။ မင်္ဂလာဆောင်()ရက် လွန်မြောက်သောအခါ ရှံဆုန်သည် အိမ်သို့ပြန်လာသည်။ ညားခါစမိန်းမကိုလည်း သူ့မိတ်ဆွေနှင့် ပေးစားခဲ့သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။