တရားသူကြီးမှတ်စာ - ၁၃

ရှံဆုန်မွေးဖွားခြင်း
1တစ်ဖန် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူတို့လက်သို့ အနှစ်လေးဆယ်ပတ်လုံးအပ်တော်မူ၏။ 2ဒန်အမျိုး၊ ဇောရာမြို့သား မာနော်အမည်ရှိသော သူတစ်ယောက်ရှိ၏။ သူ၏မယားသည် မြုံသောကြောင့် သားမဖွား။ 3ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထိုမိန်းမအား ကိုယ်ထင်ရှား၍၊ သင်သည် မြုံသောကြောင့် သားမဖွားသော်လည်း၊ ယခု ပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ 4သို့ဖြစ်၍ သတိပြုလော့။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သောအစာကို မစားနှင့်။ 5အကြောင်းမူကား၊ ပဋိသန္ဓေယူ၍ ဖွားမြင်လတ္တံ့သော သားယောက်ျားသည် ဆံပင်ရိတ်ခြင်းကို မခံဘဲ၊ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏နာဇရိလူ ဖြစ်ရလိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်မှ ကယ်နုတ်စပြုလိမ့်မည်ဟု ဆို၏။ 6ထိုမိန်းမသည်လည်း မိမိခင်ပွန်းထံသို့ သွား၍ ဘုရားသခင်၏ ကောင်းကင်တမန်မျက်နှာကဲ့သို့ ကြောက်မက်ဖွယ်သော မျက်နှာရှိသော ဘုရားသခင်၏ လူတစ်ယောက်သည် အကျွန်ုပ်ဆီသို့ လာ၏။ အဘယ်ကလာသနည်းဟု အကျွန်ုပ်လည်း မမေး။ သူသည်လည်း မိမိအမည်ကိုမပြော။ 7သူကလည်း၊ သင်သည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သောအစာကို မစားနှင့်။ အကြောင်းမူကား၊ ထိုသူငယ်သည် အမိဝမ်းထဲမှစ၍ သေသောနေ့တိုင်အောင် ဘုရားသခင်၏နာဇရိလူဖြစ်ရလိမ့်မည်ဟု အကျွန်ုပ်အား မိန့်မြွက်ကြောင်းကို ပြောဆိုလေ၏။
8ထိုအခါ မာနော်က၊ အိုဘုရားရှင်၊ အကျွန်ုပ်တို့သည် ဖွားမြင်လတ္တံ့သော သူငယ်၌ အဘယ်သို့ပြုရမည်ကို ဘုရားသခင်၏တမန်တော်သည် တစ်ဖန်လာ၍ သွန်သင်စေတော်မူပါဟု ထာဝရဘုရားအား တောင်းလျှောက်သော်၊ 9ထာဝရဘုရားသည် မာနော်စကားကို နားထောင်တော်မူ၍၊ ဘုရားသခင်၏ကောင်းကင်တမန်သည် လယ်လုပ်ရာအရပ်၌ ထိုင်လျက်ရှိသော ထိုမိန်းမဆီသို့ လာပြန်၏။ ထိုအခါ ခင်ပွန်းမာနော်မရှိ။ 10မိန်းမသည် မိမိခင်ပွန်းထံသို့ အလျင်အမြန်ပြေး၍၊ တစ်နေ့ကလာသောသူသည် ယခုလာရောက်ပြီဟု ကြားပြောလျှင်၊ 11မာနော်သည်ထ၍ မယားနှင့်အတူ ထိုသူထံသို့ သွားပြီးလျှင်၊ သင်သည် ဤမိန်းမအားပြောသောသူ မှန်သလောဟု မေးသော်၊ မှန်သည်ဟု ဆို၏။ 12မာနော်ကလည်း၊ ကိုယ်တော်၏စကား ပြည့်စုံပါစေသော။ သူငယ်သည် အဘယ်သို့သောသူ ဖြစ်ပါလိမ့်မည်နည်း။ သူ၌ အဘယ်သို့ ပြုရပါမည်နည်းဟုမေးသော်၊ 13ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါပြောသမျှကို မိန်းမရှောင်ရမည်။ 14စပျစ်ပင်မှ ဖြစ်သမျှကို မစားရ။ စပျစ်ရည်မှစ၍ သေရည်သေရက်ကို မသောက်ရ။ မစင်ကြယ်သောအရာကို မစားရ။ ငါမှာထားသမျှအတိုင်း စောင့်ရှောက်ရမည်ဟု မာနော်အား ပြောဆို၏။
15မာနော်ကလည်း၊ ကိုယ်တော်အဖို့ ဆိတ်သငယ်ကို မပြင်ဆင်မီတိုင်အောင် ကိုယ်တော်ကို ဆီးတားပါရစေဟု ထာဝရဘုရား၏ ကောင်းကင်တမန်အား ဆိုလျှင်၊ 16ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါ့ကို ဆီးတားသော်လည်း သင်၏စားစရာကို ငါမစား။ မီးရှို့ရာယဇ်ကို ပူဇော်လိုလျှင် ထာဝရဘုရားအား ပူဇော်ရမည်ဟု မာနော်အား ဆိုပြန်၏။ သူသည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို မာနော် မသိသေး။ 17မာနော်ကလည်း ကိုယ်တော်စကားပြည့်စုံသောအခါ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ချီးမွမ်းရမည်အကြောင်း၊ ကိုယ်တော်၏အမည်ကား အဘယ်သို့နည်းဟု ထာဝရဘုရား၏ ကောင်းကင်တမန်အားမေးသော်၊ 18ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အံ့ဩဖွယ်ဖြစ်သော ငါ့အမည်ကို အဘယ်ကြောင့်မေးသနည်းဟု ဆို၏။ 19မာနော်သည် ဆိတ်သငယ်နှင့် ဘောဇဉ်ပူဇော်သကာကို ယူ၍ ကျောက်ပေါ်မှာ ထာဝရဘုရားအား ပူဇော်လေ၏။ ထိုအခါ မာနော်လင်မယားတို့သည် ကြည့်၍ မြင်ရသော အံ့ဩဖွယ်ဟူမူကား၊ 20မီးလျှံသည် ယဇ်ပလ္လင်ပေါ်က မိုးကောင်းကင်သို့ တက်စဉ်တွင်၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ယဇ်ပလ္လင်မီးလျှံ၌ တက်လေ၏။ မာနော်လင်မယားတို့သည် ကြည့်၍မြင်လျှင် မြေပေါ်မှာ ပျပ်ဝပ်လျက်နေကြ၏။ 21ထာဝရဘုရား၏ကောင်းကင်တမန်သည်၊ မာနော်လင်မယားတို့အား တစ်ဖန်မပေါ်လာ။ ထိုအခါ မာနော်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို သိ၏။ 22မာနော်ကလည်း၊ ငါတို့သည် ဘုရားသခင်ကို မြင်သောကြောင့်၊ ဆက်ဆက်သေတော့မည်ဟု မယားအားပြောသော်၊ 23မယားက၊ ထာဝရဘုရားသည် ငါတို့ကိုသတ်ခြင်းငှာ အလိုတော်ရှိလျှင်၊ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာကို ငါတို့လက်မှ ခံယူတော်မမူ။ ဤအခြင်းအရာအလုံးစုံတို့ကိုလည်း ပြတော်မမူ။ ယခုအခါ၌ ဤသို့သော စကားကိုလည်း မိန့်တော်မမူဟု ပြန်ပြော၏။
24ထိုမိန်းမသည် သားယောက်ျားကို ဖွားမြင်၍၊ ရှံဆုန်အမည်ဖြင့် မှည့်၏။ သူငယ်သည် ကြီးပွား၍ ထာဝရဘုရား ကောင်းချီးပေးတော်မူ၏။ 25ထာဝရဘုရား၏ဝိညာဉ်တော်သည်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြား၊ ဒန်အမျိုးတပ်၌ တစ်ခါတလေ နှိုးဆော်စပြုတော်မူ၏။

တရားသူကြီးမှတ်စာ - ၁၃ (အနက်ဖွင့်)

(ရှံဆုန် (အခန်း ၁၃၁၆)

၁။ ဘုရားသခင်၏ အမွေတော်ဆက်ခံခြင်း (အခန်း ၁၃)

          ၁၃: ဣသရေလတို့၏ ခုနှစ်ကြိမ်မြောက်ဖောက်ပြန်ခြင်းဖြစ်သည်။ ထို့ကြောင့် ဖိလိတ္တိတို့၏ ကျွန်ပြုခြင်းနှစ်ပေါင်း (၄၀)ခံစားကြရပြန်သည်။ နှစ်ပေါင်းအကြာရှည်ဆုံး ခံစားစဉ် ဘုရားသခင်၏ ကောင်းကင်တမန် (ခရစ်တော်)သည် မာနော်၏ အမျိုးသမီးထံသို့ ကိုယ်ထင်ပြသည်။ မာနော်သည် ဒန်အမျိုးဖြစ်၍ သူ့မိန်းမသည် မီးမဖွားသော အမြုံမဖြစ်သည်။ ဘုရားသခင်က ထိုမိန်းမအား ကိုယ်ဝန်ရစေမည်။

၁၃: ထိုသူငယ်သည် လောကကို မြင်ချိန်မှ သေဆုံးချိန်ထိ ဘုရားသခင်၏ နာဇရိလူဖြစ်လိမ့်မည်။ ထိုသူသည် စပျစ်ဝိုင်မှစ၍ အရက်သေစာမသောက်၊ မစင်ကြယ်သော အစာကို မစား၊ ဆံပင်ကိုလည်း အလျဉ်းမရိတ်ရ။ မိခင်ကိုယ်တိုင်လည်း စပျစ်ဝိုင်မှစ၍ မူးယစ်စေတတ်သော အစာမစားမသောက်။ မစင်ကြယ်သော အစားအစာ။

ကျမ်းစာနောက်ခံသမိုင်းကြောင်း ကြည့်လျှင် နာဇရိသည် မိမိစိတ်ဆန္ဒရှိသည့်အတိုင်း ဘုရားသခင်ထံ ကတိကဝတ်ပြုခြင်း ဖြစ်သည် (တော ၂)။ ရှံဆုန်၏ ဘဝဇာတ်လမ်းတွင်မူကား မိခင်ဝမ်းမှ မွေးဖွားသည့် အချိန်မှစ၍ ကွယ်လွန်ချိန်ထိ ဘဝတစ်ခုလုံး ဆက်ကပ်ခဲ့သည်။

၁၃:၁၄ မာနော်က ဘုရားသခင်၏ ကောင်းကင်တမန်အား မွေးမည့်ကလေး၏ အကြောင်းသွန်သင်ရန် ထပ်မံဆုတောင်းသည့်အတိုင်း ကောင်းကင်တမန်သည် မာနော်မိန်းမထံသို့ ထပ်မံပေါ်လာသည်။ မာနော်ကလည်း မိန်းမထံသို့ အပြေးအလွှားရောက်လာပြီး ကောင်းကင်တမန်အား ဖူးမျှော်သည်။ ဤအခေါက်တွင် ထူးထူးထွေထွေ ညွှန်ကြားခဲ့သည့်အတိုင်း ထပ်မံ အတည်ပြုပေးသည်။

၁၃:၁၅၁၈ မာနော်သည် ထိုကောင်းကင်တမန်အား သာမန်လူသားကဲ့သို့ စားသောက်တတ်သည်ဟု ယူဆသဖြင့် ဆိတ်သားဟင်းချက်ကျွေးသည်။ ကောင်းကင်တမန်ကမစား။ ထိုသို့ ဧည့်ခံကျွေးမွေးမည့်အစား သိုးသူငယ်တစ်ကောင်ကို ဘုရားသခင်ထံသို့ မီးရှို့ရာယဇ်ပူဇော်ခိုင်းသည်။ မာနော်က ကောင်းကင်တမန်၏ နာမည်မေးသောအခါ အံ့ဩဖွယ်ဖြစ်သောငါဟု ပြန်ပြောပြသည်။ ထိုအမည်နာမသည် ဟေရှာ ၉:၆တွင် ပါရှိသည့် သခင်ယေရှု၏ နာမတော်တစ်ခုဖြစ်သည်။

၁၃:၁၉၂၃ မာနော်သည် ကောင်းကင်တမန်စေခိုင်းသည့်အတိုင်း ဆိတ်သူငယ်တစ်ကောင်ကို ယဇ်ပူဇော်သည်။ ယဇ်ပလ္လင်ပေါ်က မီးလျှံသည်မိုးကောင်းကင်သို့ တက်စဉ်ထာဝရဘုရား၏ ကောင်းကင်တမန်သည်လည်း ထိုမီးလျှံဖြင့် မိုးသို့တက်၏။ မာနော်တို့လင်မယားသည်။ မြေပေါ်မှာ မျက်နှာဝပ်လျက်ရှိခိုးကိုးကွယ်ကြသည့် ဘုရားသခင်ကို ဖူးမြင်ကြရသော်လည်း မသေကြ။ ထိုသို့ဖူးမြင်တော် ခံရခြင်းသည် မရော်တို့လင်မယား၏ ယဇ်ပူဇော်ခြင်းအား ဘုရားသခင်က နှစ်သက်လက်ခံကြောင်း ပြသခြင်းဖြစ်သည်။

၁၃:၂၄၂၅ မာနော်တို့လင်မယားတွင်သားရတနာ မြင်ရသောအခါ ရှံဆုန် (နေလေး)ဟု ကင်ပွန်းတပ်ကြသည်။ ထိုသူငယ်၏ ဘဝအသက်တာတစ်လျှောက်တွင် ဘုရားသခင်၏ ဝိညာဉ်တော် ပါဝင်လှုပ်ရှားသည်။

လူ့ဘဝတွင် ခွန်အားကြီးခြင်းနှင့် ခွန်အားနည်းခြင်းနှစ်ခုစလုံးရှိသော လူသမ္မာကျမ်းစာတွင် နည်းပါးသည်။ ရိုးရိုးစင်းစင်းတွေးလျှင် ရှံဆုန်သည် ခွန်အားဗလသန်စွမ်းသူအဖြစ် တွေ့မြင်နိုင်သည်။ သူ့လက်စွမ်းဗလာသက်သက်ဖြင့် ခြင်္သေ့ကိုသတ်နိုင်သည် (သူကြီး ၁၄:၆) ဖိလိတ္တိလူ(၃၀)ကို ထိုးသတ်နိုင်သည် (၁၄:၁၉)။ တုတ်နှောင်ထားသောကြိုးကို ဖြတ်ပစ်ပြီး မြည်းမေးရိုးဖြင့် သူ့ကိုကြိုးချည်သူ ဖိလိတ္တိလူတစ်ထောင်အား ရိုက်သတ်သည် (၁၅:၁၄-၁၆)။ ဖိလိတ္တိသားများက ဝိုင်းအုံထားသော်လည်း မြို့တံခါးပေါက်မှ ခပ်တည်တည်ဖြင့် ထွက်ခွာသွားသည် (၁၆:၃)။ ဒေလိလဇမာယာထောင်ချောက်မှ (၃)ကြိမ်တိုင်တိုင် လွတ်မြောက်သည်။ လျှော်စိမ်းကြိုး ခုနှစ်ပင်၊ ကြိုးစာသစ်စက်စက်ဖြင့် ချည်နှောင်ခြင်းနှင့် ဆံပင်ခုနှစ်စုအား ယက္ကန်းတွင် ထည့်ရက်လျှင် ခွန်အားလျှော့ကျသွားမည်ဟု ကျီစယ်ပြောခဲ့သည် (၁၆:၆-၄)။ သူ့ကိုချုပ်နှောင်ထားသော အိမ်တိုင်များကို ရိုက်ချိုးပြခြင်းဖြင့် ဖိလိတ္တိတို့အား ပြက်ရယ်ပြုခဲ့သည်။ အဆောက်အဦး ပိကျသေဆုံးသူများသည် အသက်ရှင်စဉ်က ရိုက်သတ်ခဲ့သည့် လူဦးရေထက် ပိုများသည် (၁၆:၃၀)။

မည်မျှသန်မာထွားကျိုင်း၊ ပညာရှိကြစေကာမူ လူတိုင်းတွင် အားနည်းချက်ရှိစမြဲ။ ရှံဆုန်သည်လည်း ဘုရားသခင်ထက် အချစ်ကိုဦးစားပေးသည်။ သူ့ချစ်သူကို ကိုးကွယ်သည်။ အချစ်တွင် ပျော်ရွှင်သာယာသည် (၁၄:၁-၇)။ မိဘစကားကိုလည်း နားမထောင် (၁၄:၃)။ လိမ်လည်လှည့်စားတတ်လာသည် (၁၄:၉၊ ၁၆:၇-၁၁၊၁၃) ဘုရားသခင် မနှစ်သက်သော ဖိလိတ္တိ လူသုံးဆယ်နှင့် ပေါင်းဖက်သည် (၁၄:၁၀-၁၈)။ စိတ်ကိုအာဃာသ အငြိုးထားသည် (၁၄:၁၉၊၁၅:၄-၅)။ အူကြောင်ကျားနိုင်သည် (၁၅:၄-၅)။ ပြည့်တန်ဆာမနှင့် ဆက်ဆံသည် (၁၆:၁-၂)။ နေ့စဉ်ဒုစရိုက်မှုနှင့် ပတ်သက်သည် (၁၆:၆-၁၄)။ လျှို့ဝှက်မှုကို ရန်သူထံသို့ ပေါက်ကြားစေသည် (၁၆:၁၇-၁၈)။ မိမိကိုယ်ကို ယုံကြည်လွန်းသည်။ ထောင်လွှားလွန်းသည် (၁၆:၂၀)။ နောက်ဆုံးတွင် နာဇရိ ကတိသစ္စာဖောက်ဖျက်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။