ယောရှုမှတ်စာ - ၅

အရေဖျားလှီးခြင်းနှင့် ပသခါပွဲ
1ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ ကူးစေခြင်းငှာ၊ ယော်ဒန်မြစ်ရေကို ခန်းခြောက်စေတော်မူသည်အကြောင်းကို၊ ယော်ဒန်မြစ် အနောက်ဘက်၌နေသော အာမောရိမင်းကြီးအပေါင်း၊ ပင်လယ်နားမှာနေသော ခါနနိမင်းကြီးအပေါင်းတို့သည် ကြားသိသောအခါ၊ ရဲရင့်ခြင်းသတ္တိအလျှင်းမကြွင်း၊ ဣသရေလအမျိုးသားတို့ကြောင့် စိတ်ပျက်ကြ၏။
2ထိုအခါ ထာဝရဘုရားသည် ယောရှုကိုခေါ်၍၊ သင်သည် ကျောက်ဓားများကိုလုပ်ပြီးလျှင်၊ ဣသရေလအမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို တစ်ဖန်ပေးလော့ဟု မိန့်တော်မူသည်အတိုင်း၊ 3ယောရှုသည် ကျောက်ဓားများကိုလုပ်၍ ဂိဘာရာလုတ်အရပ်၌ ဣသရေလအမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။ 4ထိုသို့ အရေဖျားလှီးမင်္ဂလာကို ပေးရသောအကြောင်းဟူမူကား၊ အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲယောက်ျားအပေါင်းတို့သည် တော၌သေကြ၏။ 5ထိုပြည်မှထွက်လာသော သူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံနှင့်ကြပြီ။ တော၌ ခရီးသွားရာတွင် ဖွားမြင်သောသူအပေါင်းတို့မူကား အရေဖျားလှီးမင်္ဂလာကို မခံရကြသေး။ 6အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲအပေါင်းတို့သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်ဘဲနေ၍၊ မသေမပျောက်မီတိုင်အောင် ဣသရေလအမျိုးသားတို့သည် အနှစ်လေးဆယ်ပတ်လုံး တော၌ လှည့်လည်ရကြ၏။ ထာဝရဘုရားသည်၊ ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့် ပျားရည်စီးသောပြည်ကို ထိုသူတို့သည် မမြင်ရကြဟု ကျိန်ဆိုတော်မူ၏။ 7သူတို့ကိုယ်စားဖြစ်စေတော်မူသော သူတို့၏သားများတို့သည်၊ လမ်း၌ အရေဖျားလှီးမင်္ဂလာကို မခံရသေးသောကြောင့် ယောရှုသည် အရေဖျားလှီးမင်္ဂလာကိုပေးလေ၏။ 8လူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကိုခံပြီးမှ၊ အနာမပျောက်မီတိုင်အောင် တပ်ထဲ၌ နေကြ၏။ 9ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်နှင့်ဆိုင်သော ကဲ့ရဲ့စရာအကြောင်းကို သင်တို့မှ ယနေ့ ငါပယ်ရှင်းပြီဟု ယောရှုအားမိန့်တော်မူ၏။ သို့ဖြစ်၍ ထိုအရပ်ကို ဂိလဂါလဟု ယနေ့တိုင်အောင် ခေါ်ဝေါ်သတည်း။
10ဣသရေလအမျိုးသားတို့သည် ဂိလဂါလအရပ်တွင်တပ်ချ၍၊ ထိုလ တစ်ဆယ်လေးရက်နေ့၊ ညဉ့်ဦးယံ၌ ယေရိခေါလွင်ပြင်မှာ ပသခါပွဲကိုခံကြ၏။ 11ပသခါပွဲကို ခံပြီးမှ၊ နက်ဖြန်နေ့၌ ခါနာန်စပါးဖြင့်လုပ်သော တဆေးမဲ့မုန့်နှင့် ပေါက်ပေါက်ကို တစ်နေ့ချင်းတွင် စားရကြ၏။ 12ခါနာန်ပြည် စပါးကိုစား၍၊ နက်ဖြန်နေ့၌ မန္နပြတ်လေ၏။ နောက်တစ်ဖန် ဣသရေလအမျိုးသားတို့သည် မန္နကိုမရကြ။ ထိုနှစ်တွင် ခါနာန်ပြည်၌ဖြစ်သော အသီးအနှံကို စားရကြ၏။
ထာ၀ရဘုရား၏ဗိုလ်မှူး
13ယောရှုသည် ယေရိခေါမြို့အနားမှာရှိနေစဉ် မျှော်ကြည့်၍၊ လူတစ်ယောက်သည် ဓားကိုဓားအိမ်မှ ထုတ်ကိုင်လျက်၊ ကန့်လန့်ရပ်နေသည်ကို မြင်လျှင်၊ သူ့ထံသို့သွား၍ သင်သည် ငါတို့ဘက်၌နေသောသူလော၊ ငါတို့ရန်သူဘက်၌ နေသောသူလောဟုမေးသော်၊ 14ထိုသူက၊ ထိုသို့မဟုတ်၊ ထာဝရဘုရား၏ ဗိုလ်ခြေကိုအုပ်စိုးသောဗိုလ်မှူးဖြစ်၍ ယခုငါလာသည်ဟုဆို၏။ ယောရှုသည်လည်း မြေပေါ်မှာပျပ်ဝပ်ကိုးကွယ်လျက်၊ ကိုယ်တော်ကျွန်အား အဘယ်သို့မိန့်တော်မူမည်နည်းဟု မေးလျှောက်သော်၊ 15ထာဝရဘုရား၏ ဗိုလ်ခြေကိုအုပ်စိုးသော ဗိုလ်မှူးက၊ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသောအရပ်ကား မြေမြတ်ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှုပြုလေ၏။

ယောရှုမှတ်စာ - ၅ (အနက်ဖွင့်)

: ဟေဗြဲလူများယော်ဒန်မြစ်အနောက်ဘက်ကမ်းသို့ ကူးမြောက်လာကြသောအခါ ဒေသခံခါနန်ပြည်သားများသည် အငိုက်မိသွား၍ ဘွားကနဲတွေ့ရှိသောကြောင့် မျက်လုံးမျက်ဆန်ပြူး၍ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်သွားကြသည်။

(ဂိဘာရာလုတ်အရပ်၌ အရေဖျားလှီးခြင်း (:၁၂)

          : ဂီဘာရာလုတ် အရပ်သည် ဣသရေလလူတို့ ခါနန်မြေပေါ်တွင် ပထမဦးဆုံး စခန်းချသောနေရာဖြစ်သည်။ ထိုအရပ်တွင် ယောက်ျားသားများ အရေဖျားလှီးကြရသည် (ငယ်၂-၉)။ ခါနန်မြေပေါ်တွင် ပထမဦးဆုံးပသခါပွဲခံကြသည် (ငယ်၁၀)။ မန္နမုန့်ခွဲတမ်းရပ်စဲသွားသည်(ငယ်၁၁၊၁၂)။ ဣသရေလတို့စစ်သူကြီး ယောရှုက ဘုရားသခင်စေလွှတ်သော ကောင်းကင်ဗိုလ်ခြေစစ်ဦးစီးချုပ် သခင်ယေရှုအားဖူးမျှော်တွေ့ဆုံသည်။ (ငယ် ၁၃-၁၅)။

ဘုရားသခင်က ယောရှုအား အရေဖျားလှီးခြင်းအစဥ်အလာ ထပ်မံဆန်းသစ်စေသည်။ အဲဂုတ္တုပြည်မှ ထွက်လာကြစဉ် ပါရှိလာသူများမှာ အရေဖျားလှီးပြီးဖြစ်သော်လည်း စစ်ရေးကာလတွင် သေဆုံးကုန်ကြပြီ (တရား ၂:၁၆)။ နှစ်ပေါင်း(၄၀)ကာလတွင် ပေါက်ဖွားလာသူများသည် အရေဖျားမလှီးကြသေး။ ထိုနှစ်ကာလအတွင်း ကြီးပြင်းလာသူ အဘယ်မျှများပြားသနည်း။ ပညတ်ထားသည့် ရှေးမူအတိုင်း လိုက်နာခြင်းဖြင့် ကောင်းကြီးမင်္ဂလာအသစ် ထပ်မံခံစားကြရမည်။ နှစ်ကာလရှည်ကြာ တောကြီးမျက်မည်းထဲ၌ ပျောက်သောလမ်းတွင် စမ်းတဝါး သဝေထိုးသွားနေကြစဉ်၊ အဲဂုတ္တုလူများက ကတိတော်မြေအား သရော်လှောင်ပြောင်ခဲ့ကြသည်။ ဘုရားသခင်က ထိုကဲ့ရဲ့မှုအား ဖယ်ရှားပေးတော်မူပြီ(ငယ်၉)။ ဒုတိယအကြိမ် (ငယ်၂)ဆိုသည်မှာ တစ်မျိုးသားလုံးနှင့် ဆိုင်၍ ဒုတိယအကြိမ်အရေဖျားလှီးကြခြင်းဖြစ်သည်။

:၁၀ ယော်ဒန်မြစ်ဖြတ်ကူးပြီးနောက် စတုတ္ထနေ့ရက်ရောက်သောအခါ ပသခါပွဲတော်ရက် စတင်နေပြီ။ (လ၏တစ်ဆယ့်လေးရက်နေ့မြောက်ဖြစ်သည်) ယောရှုအမိန့်နာခံပုံကို အတုယူကြည့်ပါ။ ရန်သူဘေးရန် ငြိမ်းချမ်းမှုမရှိ၊ အသားမသေသေးသော်လည်း စစ်သည်တော်များကို အရေဖျားလှီးခြင်းဖြင့် ပသခါပွဲတော်စောင့်ထိန်းခိုင်းသည်။ ထိုသို့ပြုလုပ်ခြင်းသည် စစ်ရေးစစ်ရာနှင့်ပတ်သက်မှုမရှိ။

အရေဖျားလှီးခြင်းနှင့်ပသခါပွဲ ကျင်းပခြင်းသည် ဘုရားသခင်နှင့်ဣသရေလလူတို့ ဆက်ဆံရေးခိုင်မြဲကြောင်း အတည်ပြုခြင်းဖြစ်သည်။ တောကြီးမျက်မည်း ကန္တာရတောထဲတွင် ဖြတ်သန်းလာကြစဉ် ထိုအကျင့်နှစ်ခုစလုံး ပီပီပြင်ပြင် မလုပ်နိုင်ခဲ့ကြပါ။

အရေဖျားလှီးခြင်းသည် ဘုရားသခင်နှင့် အာဗြဟံအခြားကတိကဝတ်ခိုင်မြဲကြောင်း အမှတ်လက္ခဏာဖြစ်သည်။ ဘုရားသခင်၏ ကတိတော်ပျက်ကွက်ခြင်း ချို့ယွင်းခြင်းမရှိကြောင်း၊ ပေးထားသော ကတိတော်အတိုင်း နယ်မြေသစ်အပိုင်ပေးကြောင်း သက်သေထူခြင်းဖြစ်သည် (က၁၅:၁၈-၂၁)။ အောင်မြေနင်းဖို့ မိမိခန္ဓာကိုယ်မှ မသန့်ရှင်းသော အစိတ်အပိုင်းအား ငြင်းပယ်လွှင့်ပစ်ခြင်းအထိမ်းအမှတ်လည်း ဖြစ်သည်။ ပသခါပွဲသည် အဲဂုတ္တုပြည်မှ ရွေးထုတ်ခြင်း အမှတ်ရစေဖို့ ဖြစ်သည်။ ယေဟောဝါ ဘုရားသခင်က ဣသရေလတို့အား အဲဂုတ္တုတို့၏ ကျေးကျွန်ဘဝမှ ခေါ်ထုတ်ခဲ့သည်။ ယုဒတို့၏ ပသခါပွဲအစဉ်အလာသည် လွန်ခဲ့သော နှစ်ပေါင်း(၄၀)ခန့်တွင် ဘုရားသခင်က မောရှေသို့ မိန့်တော်မူသော စကားနာခံခြင်း သင်္ကတဖြစ်သည် (ထွ ၁၃:၅)။ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ဣသရေလလူများခေါ်ထုတ်ခဲ့သည်။ သစ္စာမပျက် ကတိတော် မြဲသောကြောင့် ကတိတော်မြေသို့ ခြေချခွင့်ရရှိကြသည်။

:၁၁၁၂ မန္နမုန့်သည် ခရစ်တော်၏ လူ့ဇာတိခံယူခြင်းကို ပုံဆောင်သည်။ ကန္တာရတောကြီးမျက်မည်းထဲတွင် မျက်စိသူငယ်၊ နားသူငယ်ဖြင့် ဆင်းရဲငတ်မွတ်ကြစဉ် ထက်ကောင်းကင်ယံမှ အစာအာဟာရ အဖြစ်ရောက်ရှိလာသည်။ ခါနန်ပြည်သို့ ဝင်ရောက်ပြီးနောက် သီးပွင့်ဝေဆာစည်ပင်ဝပြောခြင်းမှာ ခရစ်တော်၏ ရှင်ပြထမြောက်ခြင်းပုံဆောင်သည်။ နှစ်မျိုးစလုံးခံစားခဲ့ရသည်။ လယ်ယာမြေထွက်သီးနှံ ပထမဦးဆုံး စားသုံးရချိန်မှစ၍ မန္နမုန့်ခွဲတမ်းရပ်တန့်သွားသည်။ ဘုရားသခင်၏ အချိန်နှင့်တပြေးညီ ကျွေးမွေးစောင့်ထိန်းမှုသည် အံ့ဩဖွယ်ရာကောင်းပေစွ။

(ယေရိခေါမြို့သိမ်းပိုက်ခြင်း (:၁၃:၂၇)

          :၁၃၁၄ က ပိုဒ်ငယ်(၁၃)တွင် ပါရှိသည့် လူတစ်ယောက်သည် ယေဟောဝါဘုရားသခင်၏ ကောင်းကင်တမန်ဖြစ်သည်။ သခင်ခရစ်တော်ဘုရား လူ့ဇာတိမခံမီဘဝဖြစ်သည်။ ကျမ်းချက်ထဲတွင် သူ့ကိုယ်သူ ထာဝရဘုရား၏ဗိုလ်ခြေကို အုပ်စိုးသောတပ်မှူးဟု မိတ်ဆက်ထားသည်။ သခင်ခရစ်တော်သည် လူများအား ဒုက္ခပေးဖို့၊ တစ်ဝက်တပြက်ကူညီဖို့ ရောက်လာသည်မဟုတ်။ တစ်ဖက်ကမ်းကူးတို့ရောက်အောင် ကူညီဖို့ ဆင်းသက်ရောက်ရှိလာသည်။

၁၅:၁၄ခ၁၅ ယောရှုက ဘုရားသခင်နှင့် အတူရှိကြောင်း သဘောပေါက် ဝန်ခံသည်။ ကောင်းကင်တမန်များသည် ရှိခိုးခံရိုးမရှိ။ ယခုကြုံတွေ့ဖူးမြင်ရသော ကောင်းကင်တမန်သည် ဖူးမျှော်ခံသောကြောင့် ဘုရားသခင်မှန် ယောရှုသိရှိသည်။ ယောရှုသည် မောရှေ၏ အမှုတော် စတင်ထမ်းဆောင်ပုံကို တွေ့မြင်သိရှိခဲ့ပြီးဖြစ်သည် (ထွ ၃)။ သခင်ဘုရား၏ စင်ကြယ်ခြင်းနှင့် အုပ်စိုးခြင်းကို သင်ယူမိသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။