ယောရှုမှတ်စာ - ၃

ယော်ဒန်မြစ်ကိုဖြတ်ကူးခြင်း
1ယောရှုသည် နံနက်စောစောထ၍ ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ ရှိတ္တိမ်မြို့မှပြောင်း၍ ယော်ဒန်မြစ်ကိုမကူးမီ မြစ်နားတွင် စခန်းချကြ၏။ 2သုံးရက်စေ့သောအခါ၊ တပ်မှူးတို့သည် တပ်တစ်လျှောက်လုံးသို့သွား၍၊ 3သင်တို့ဘုရားသခင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာကိုလည်းကောင်း၊ သေတ္တာထမ်းသော ယဇ်ပုရောဟိတ်လေဝိသားတို့ကိုလည်းကောင်းမြင်လျှင်၊ သင်တို့သည် နေရာပြောင်း၍ လိုက်ရကြမည်။ 4သေတ္တာတော်နှင့် သင်တို့စပ်ကြားကို အတောင်နှစ်ထောင်ခြား၍ ခရီးကွာစေရမည်။ လိုက်ရသောလမ်းကို သိမည်အကြောင်း၊ သေတ္တာတော်အနီးသို့ မချဉ်းဘဲလိုက်ရမည်။ ဤလမ်းသို့ သင်တို့သည် တစ်ခါမျှမလိုက်ကြသေးဟု လူအပေါင်းတို့အား မှာထားကြ၏။ 5ယောရှုကလည်း၊ သင်တို့သည် ကိုယ်ကိုကိုယ် သန့်ရှင်းစေကြလော့။ အကြောင်းမူကား၊ နက်ဖြန်နေ့၌ ထာဝရဘုရားသည် အံ့ဖွယ်သောအမှုတို့ကို သင်တို့တွင်ပြုတော်မူမည်ဟု လူများတို့အား မှာထားလေ၏။
6တစ်ဖန် ယဇ်ပုရောဟိတ်တို့ကိုခေါ်၍ သင်တို့သည် ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက်၊ လူများရှေ့သို့ ကူးသွားကြလော့ဟု ယောရှုဆိုသည်အတိုင်း သူတို့သည် ပဋိညာဉ်သေတ္တာတော်ကိုထမ်း၍ လူများရှေ့သို့သွားကြ၏။ 7ထာဝရဘုရားကလည်း၊ ယောရှုကိုခေါ်၍ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိသည်ကို ဣသရေလ အမျိုးသားအပေါင်းတို့သည် သိကြမည်အကြောင်း၊ သူတို့မျက်မှောက်၌ သင့်ကို ယနေ့ငါချီးမြှင့်စပြုမည်။ 8ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်ရေနားသို့ ရောက်သောအခါ၊ ယော်ဒန်မြစ်၌ ရပ်နေရမည်အကြောင်းကို ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။ 9ယောရှုကလည်း၊ လာကြလော့။ သင်တို့ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့ဟု ဣသရေလ အမျိုးသားအပေါင်းတို့ကိုခေါ်လျက်၊ 10အသက်ရှင်တော်မူသော ဘုရားသခင်သည် သင်တို့တွင်ရှိ၍၊ သင်တို့ရှေ့မှ ခါနနိလူ၊ ဟိတ္တိလူ၊ ဟိဝိလူ၊ ဖေရဇိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ ယေဗုသိလူတို့ကို စင်စစ်နှင်ထုတ်တော်မူမည်အကြောင်းကို အဘယ်သို့သိရမည်နည်းဟူမူကား၊ 11မြေကြီးတစ်ပြင်လုံးကို အစိုးရတော်မူသော ထာဝရဘုရား၏ပဋိညာဉ်သေတ္တာသည် သင်တို့ရှေ့မှာ၊ ယော်ဒန်မြစ်ထဲသို့ကူးသွားလိမ့်မည်။ 12သို့ဖြစ်၍ ဣသရေလအမျိုးများထဲက တစ်မျိုးတစ်ယောက်စီ၊ လူတစ်ဆယ်နှစ်ယောက်တို့ကို ရွေးကောက်ကြလော့။ 13မြေကြီးတစ်ပြင်လုံးကို အစိုးရတော်မူသော အရှင်ထာဝရဘုရား၏ သေတ္တာတော်ကိုထမ်းသော ယဇ်ပုရောဟိတ်ခြေဖဝါးတို့သည်၊ ယော်ဒန်မြစ်ရေကိုနင်းသောခဏချင်းတွင်၊ မြစ်ညာရေသည် ပြတ်၍ ပုံ့ပုံ့ကြွလျက်နေလိမ့်မည်ဟု ဆိုလေ၏။
14လူများတို့သည် ယော်ဒန်မြစ်ကိုကူးအံ့သောငှာ၊ တဲတို့မှပြောင်း၍ ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည် လူများရှေ့မှာသွားလျက်၊ 15ယော်ဒန်မြစ်နားသို့ရောက်၍ ခြေဖဝါးတို့သည် လျှံသောရေကိုနင်းသောအခါ၊ စပါးရိတ်ရာကာလ၌ ထိုမြစ်ရေသည် ကမ်းတစ်လျှောက်လုံးကို လျှံလေ့ရှိသော်လည်း၊ 16မြစ်ညာက စီးလာသောရေသည် တန့်ရပ်၍ ဝေးသောအရပ်၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင်အောင် ပုံ့ပုံ့ကြွလျက်နေ၏။ လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်သို့ စီးသွားသောရေသည်လည်း အကုန်အစင်ပြတ်၍၊ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏။ 17လူများအပေါင်းတို့သည် ယော်ဒန်မြစ်တစ်ဖက်သို့ မရောက်မီတိုင်အောင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ မြစ်အလယ်တွင် မြေပေါ်၌မြဲမြံစွာနင်း၍၊ ဣသရေလအမျိုးသားအပေါင်းတို့သည် မြေပေါ်၌လျှောက်သွားရကြ၏။

ယောရှုမှတ်စာ - ၃ (အနက်ဖွင့်)

(ယော်ဒန်မြစ်ဖြတ်ကူးခြင်း (::)

          :၁၃ ယော်ဒန်မြစ် ဖြတ်ကူးကြရတော့မည်။ ယော်ဒန်မြစ်ရေ ရေကြီးချိန်ကာလဖြစ်နေသည်။ ယဇ်ပုရောဟိတ်များကို ပဋိညာဉ်သေတ္တာထမ်းစေလျက် စစ်ကြောင်းရှေ့က သွားခိုင်းသည်။ (ခါတိုင်းတွင် ကောဟတ်အမျိုးများက ပဋိညာဉ်သေတ္တာထမ်းလေ့ရှိသော်လည်း (တော ၄:၁-၁၅) အထူးကိစ္စရပ်ဖြစ်သောကြောင့် ယဇ်ပုရောဟိတ်များ ထမ်းခိုင်းခြင်းဖြစ်သောကြောင့် ယဇ်ပုရောဟိတ်များ ထမ်းခိုင်းခြင်းဖြစ်သည်)။ ထိုပဋိညာဥ်သေတ္တာသည် ယေရှုခရစ်တော်ပုံဆောင်ပါသည်။ ယုံကြည်သူများသည် မိမိအစွမ်းအစ အရည်အချင်းကို မကိုးစားဘဲ၊ ခရစ်တော်ကိုသာ စိတ်နှလုံးတွင် အစဉ်စွဲမှတ်ရည်စူး၍ ရှေ့သို့ ချီတက်ရသည်။ တစ်ခါတရံအဆိုးအဝါးဆုံးသော အနိဌာရုံမှာ ထိုကဲ့သို့ အာရုံစွဲမှတ်မှုမရှိခြင်း ဖြစ်သည်။ ယေရှုခရစ်တော်ကိုသာလျှင် အမြဲတန်းရှုမှတ်သင့်သည်။ ခရစ်တော်သည် အောင်မြင်ခြင်း အာမခံချက်ဖြစ်သည်။

:၁၄၁၇ ယဇ်ပုရောဟိတ်တို့၏ ခြေထောက်နှင့်ယော်ဒန်မြစ်ရေထိတွေ့သည်နှင့် တပြိုင်နက် အံ့ဖွယ်အမှုတွေ့မြင်ရသည်။ မြစ်ရေသည် အာဒံမြို့တိုင်အောင် ဖျာလိပ်သဖွယ်ပြလိပ်၍ ရေစီးရေလာရပ်တန့်သွားသည်။ မြစ်ညာသို့မိုင်နှင့် ချီ၍ ပြန်လိပ်ထားသည်။ ပိတ်လိပ်များသဖွယ် လိပ်သွားရာ ဆားပင်လယ်(ပင်လယ်သေ)ထိ ရောက်သွားသည်။

ထိုကဲ့သို့ အာဒံမြို့နားတွင် ယော်ဒန်မြစ်ရေရပ်တန့်ခြင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ ၁၂၆၇ခုနှစ်တွင် (၁၀)နာရီကြာ၊ ၁၉၂၇ခုနှစ်တွင် (၂၁)နာရီကြာရေမထိဘဲ ရပ်တန့်နေခြင်းဖြစ်ခဲ့ဖူးသည်။ ထိုအကြိမ်နှစ်ခုစလုံးသည် မြေငလျင်လှုပ်ချိန်ဖြစ်သည်။ သို့သော်လည်း ယောရှုတို့မြစ်ကူးစဉ် ရေရပ်တန့်ခြင်းသည် ထိုငလျင်လှုပ်ရပ်တန့်ခြင်းနှင့်မသက်ဆိုင်ပါ။ သီးသန့်အမှုကိစ္စဖြစ်သည်ဟု D.K.Campbell က ထောက်ပြသည်။

သဘာဝလွန်ဖြစ်ရပ်ဆန်းများ ကြုံတွေ့ရသည်။ (ထိုသို့ယော်ဒန်မြစ်ဖြတ်ကူးမည့်အကြောင်း ကြိုတင်ဗျာဒိတ်ပေးထားသည် (:၁၃၊၁၅) (အချိန်ကာလအတိအကျမှန်သည် (ငယ်၁၅) (ရေကြီးမြစ်ရေလျှံသည့်ကာလဖြစ်သည်(ငယ်၁၅) (မြစ်ရေကမ်းနားဘေး ရေမြှုပ်ခြင်းကြောင့် ကာလရှည်ကြာ တနေကုန်တနေခန်း ရေကြီးခြင်းဖြစ်နိုင်သည် (ငယ် ၁၆) (ရွှံ့ထွက်မြေများချက်ချင်း ခြောက်သွေ့သွားသည် (ငယ်၁၇) (ပရိသတ်နှင့်ယဇ်ပုရောဟိတ်များ တစ်ဖက်ကမ်းသို့ခြေချကုန်ပြီဆိုသည်နှင့် တပြိုင်နက် မြစ်ရေသည် ပုံမှန်အတိုင်း အလိုလိုပြန်လည်စီးဆင်းသည် (:၁၈) နှစ်ပေါင်းရာချီကြာသောအခါ ပရောဖက်ဧလိယနှင့် ဧလိရှဲတို့သည် ထိုမြစ်ကို ခြောက်သွေ့စွာ အရှေ့ဘက်ကမ်းသို့ဖြတ်ကူးကြသည်(၄ရာ၂:) ထို့နောက် ဧလိရှဲတစ်ဦးတည်း အနောက်ဖက်ကမ်းသို့ ခြောက်သွေ့စွာ တဖန် ပြန်ကူးသည်။ မြေငလျင် လှုပ်ခြင်း၏ အကျိုးဆက်ကြောင့် ဣသရေလတို့ကူးမြောက်သည်ဟု ယူဆလျှင် ဧလိရှဲတို့၏ ကူးချီသန်းချီပြုလုပ်ပုံသည် မေးစရာဖြစ်ပါသည်။

ဘုရားသခင်ကပဋိညာဉ်သေတ္တာအားဣသရေလလူများကို ဦးဆောင်စေ၍ ယော်ဒန်မြစ်အနောက်ကမ်းသို့ ကူးမြောက်စေသည်။ ဣသရေလတို့၏တီထွင်ကြံဆအားထုတ်မှုမလိုဘဲ၊ ခြေထောက်၍ မြစ်ရေထိတွေ့သည်နှင့် တပြိုင်နက် ရေခမ်းခြောက်ခြင်းသည် ဣသရေလလူတို့နှင့်အတူ ဘုရားသခင်ပါရှိတော်မူကြောင်း သက်သေထူခြင်းဖြစ်သည်။

ယဇ်ပုရောဟိတ်များသည် မြစ်ထဲသို့ ဦးဆောင်၍ မြစ်လယ်သို့ ရောက်သောအခါ ဣသရေလလူများအား တစ်ဘက်ကမ်းသို့ မကူးကုန်မချင်း ရပ်နေကြသည်။ ထိုသို့ဖြင့် ခြောက်သွေ့စွာ ကူးမြောက်သွားကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။