ယောဘ၀တ္ထု - ၉

ကြား၀င်ဖြန်ဖြေသူမရှိ
1ယောဘပြန်၍ မြွက်ဆိုသည်ကား၊ 2မှန်ပါ၏။ ထိုစကားမှန်ကြောင်းကို ငါသိ၏။ သို့သော်လည်း လူသည် ဘုရားသခင့်ရှေ့တော်၌ အဘယ်သို့ဖြောင့်မတ်ရာသို့ ရောက်နိုင်သနည်း။ 3ဘုရားသခင်သည် အပြစ်တင်ခြင်းငှာ အလိုတော်ရှိလျှင်၊ လူသည် အပြစ်တစ်ထောင်တွင် တစ်ခုကိုမျှ မဖြေနိုင်။ 4ဘုရားသခင်သည် ထူးဆန်းသောဉာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။ 5ဘုရားသခင်သည် တောင်တို့ကို အမှတ်တမဲ့ ရွှေ့တော်မူ၏။ အမျက်ထွက်၍ မှောက်လှန်တော်မူ၏။ 6မြေကြီးကိုရွေ့စေခြင်းငှာ တွန်းတော်မူ၍၊ မြေတိုင်တို့သည် တုန်လှုပ်ကြ၏။ 7နေကိုမှာထားတော်မူ၍ သူသည်မထွက်ရ။ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ၏။ 8မိုးကောင်းကင်ကို ကိုယ်တော်တစ်ပါးတည်း ဖြန့်မိုးတော်မူ၏။ သမုဒ္ဒရာလှိုင်းတံပိုးကို နင်းတော်မူ၏။ 9အာရှကြယ်၊ ခသိလကြယ်၊ ခိမကြယ်စုမှစ၍ တောင်မျက်နှာ ကြယ်တိုက်တို့ကို ဖန်ဆင်းတော်မူ၏။ယောဘ၊ ၃၈:၃၁၊ အာ၊ ၅:၈။ 10စစ်၍မသိနိုင်အောင် အလွန်ကြီးသောအမှု၊ မရေတွက်နိုင်အောင်များ၍ အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူ၏။ 11ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကို ငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ။ 12သိမ်းယူတော်မူသောအခါ အဘယ်သူသည် ဆီးတားနိုင်သနည်း။ ကိုယ်တော်သည် အဘယ်သို့ပြုသနည်းဟု အဘယ်သူဆိုဝံ့သနည်း။ 13ဘုရားသခင်သည် အမျက်ပြေတော်မမူလျှင်၊ မာနကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချခြင်းကို ခံရကြ၏။ 14ထိုမျှမက ငါသည်အဘယ်သို့ ပြန်လျှောက်ရအံ့နည်း။ ရှေ့တော်၌ အဘယ်သို့သောစကားကို ရွေး၍လျှောက်ရအံ့နည်း။ 15ငါသည် ဖြောင့်မတ်သော်လည်း ပြန်၍မလျှောက်ဝံ့ဘဲ၊ တရားမှုကို ဆုံးဖြတ်တော်မူသောအရှင်ကို တောင်းပန်ရုံမျှသာပြုရ၏။ 16ငါခေါ်၍ အရှင်သည် ထူးတော်မူသော်လည်း၊ ငါ့စကားကို နားထောင်တော်မူမည်ဟု ငါမယုံနိုင်။ 17အကြောင်းမူကား၊ မိုးသက်မုန်တိုင်းဖြင့် ငါ့ကိုညှဉ်းဆဲ၍၊ အကြောင်းမရှိဘဲ ငါ၌ အနာတို့ကို များပြားစေတော်မူ၏။ 18ငါ့ကို အသက်ရှူရသောအခွင့် မပေး။ ခါးစွာသော ဝေဒနာနှင့် ပြည့်စုံစေတော်မူ၏။ 19တန်ခိုးကို အမှီပြုမည်ဆိုသော်၊ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ တရားကိုအမှီပြုမည်ဆိုပြန်သော်၊ အဘယ်သူသည် ငါ့ဘက်၌ သက်သေခံမည်နည်း။ 20ကိုယ်အပြစ်ကို ပြေစေခြင်းငှာပြုလျှင်၊ ကိုယ်စကားအားဖြင့် တရားရှုံးလိမ့်မည်။ ငါသည် စုံလင်ပြီဟု ဆိုပြန်လျှင်၊ ငါ့သဘောကောက်ကြောင်း ထင်ရှားလိမ့်မည်။ 21တစ်ဖန် စုံလင်သော်လည်း၊ ကိုယ်စိတ်သဘောကို ကိုယ်မသိရ။ ကိုယ်အသက်ကို ပမာဏမပြုရ။
22ငါပြောအံ့သောစကားတစ်ချက်ဟူမူကား၊ ဘုရားသခင်သည် စုံလင်သောသူတို့ကိုလည်းကောင်း၊ ဆိုးညစ်သောသူတို့ကိုလည်းကောင်း ဖျက်ဆီးတော်မူတတ်၏။ 23ချက်ချင်း ဘေးတစ်စုံတစ်ခုရောက်သောအခါ၊ အပြစ်မရှိသောသူ ခံရသည်အကြောင်းကို ရယ်တော်မူ၏။ 24မြေကြီးကို လူဆိုးလက်၌အပ်၍၊ တရားသူကြီးတို့၏ မျက်နှာကို ဖျက်တော်မူ၏။ သို့မဟုတ် ထိုအမှုကို စီရင်သောသူကား အဘယ်သူနည်း။ 25တစ်မြို့မှတစ်မြို့သို့ စာပို့သောလုလင်ထက်၊ ငါ့နေ့ရက်တို့သည် လျင်မြန်၍၊ ကောင်းကျိုးကိုမခံရဘဲ ပြေးတတ်ကြ၏။ 26လျင်မြန်သော သင်္ဘောကဲ့သို့လည်းကောင်း၊ အကောင်ကို သုတ်လာသော ရွှေလင်းတကဲ့သို့လည်းကောင်း လွန်သွားတတ်ကြ၏။ 27ငါသည်မြည်တမ်းသော စကားကိုဖြတ်၍၊ ရွှင်လန်းသောမျက်နှာကို ဆောင်လျက်၊ ရဲရင့်ခြင်းသို့ ရောက်မည်ဟု ငါဆိုသော်လည်း၊ 28ငါခံရသော ဒုက္ခဝေဒနာများသောကြောင့်၊ ကြောက်သောသဘောရှိ၏။ အပြစ်လွှတ်စေဟု ငါ၌စီရင်တော်မမူကြောင်းကို ငါသိ၏။ 29ငါသည် အပြစ်သင့်ရောက်သည်ဖြစ်၍၊ အဘယ်ကြောင့် အချည်းနှီး ကြိုးစားရမည်နည်း။ 30ငါ့ကိုယ်ကို မိုးပွင့်ရေနှင့်ဆေး၍၊ ငါ့လက်ကို ရှင်းရှင်းစင်ကြယ်စေသော်လည်း၊ 31ရွှံ့ထဲသို့ တွန်းချတော်မူ၍၊ ငါ့အဝတ်ပင် ငါ့ကိုယ်ကိုရွံလိမ့်မည်။ 32ငါသည် ဘုရားသခင်၏စကားကို တစ်ဦးနှင့် တစ်ဦး တရားတွေ့နိုင်မည်အကြောင်း၊ ဘုရားသခင်သည် ငါကဲ့သို့ လူဖြစ်တော်မူသည်မဟုတ်။ 33ငါတို့နှစ်ဦးကို ဆီးတားပိုင်သော စပ်ကြားနေအမှုစောင့် မရှိ။ 34ငါ့ကို ဒဏ်ခတ်တော်မမူပါစေနှင့်။ ပြုတော်မူသောဘေးကြောင့် ငါမကြောက်ပါစေနှင့်။ 35သို့ဖြစ်လျှင်၊ ငါသည်မကြောက်ဘဲ ပြောရသောအခွင့်ရှိလိမ့်မည်။ ယခုမူကား၊ ပြောရသောအခွင့်ကို မရ။

ယောဘ၀တ္ထု - ၉ (အနက်ဖွင့်)

၅။ ‌ယောဘ၏တုန့်ပြန်ချက် (အခန်း ၉း ၁၀)

            ၉း၁-၁၃ လူသည် ဘုရားသခင်ရှေ့တွင် အဘယ်သို့ ဖြောင့်မတ်ရာသို့ရောက်နိုင်သနည်းဟု ‌ယောဘက မေးခွန်းဖြစ်ဖြေသည်။ ယောဘသည် ကယ်တင်ခြင်းရ/မရမပြောလိုသော်လည်း အကြီးမြတ်ဆုံးသော ဘုရားသခင်ရှေ့တွင် အပြစ်မဲ့လူသားအဖြစ် မည်သူမျှမရပ်တည်နိုင်ကြောင်းခံယူထားသည်။ လူသည် ဘုရားသခင်က မေးခွန်းထုတ်လျှင် တထောင်တွင်တပုဒ်မျှဖြေနိုင်မည့်သူ မရှိပါ။ ဘုရားသခင်သည် အချုပ်အခြာ အာဏာပိုင်ရှင်၊ တန်ခိုးအစွမ်းပြည့်စုံသူ၊ သဗ္ဗုညုတဉာဏ်တော်ရှင်ဖြစ်သည်။ တော‌တောင်ရေမြေ၊ နေလကြယ် တာရာ၊ ကမ္ဘာမိုးမြေအရာခပ်သိမ်းကို ထိန်းချုပ်သူဖြစ်သည်။

            ၉း၁၄-၃၁ ဘုရားသခင်ရှေ့တွင်မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် မည်သူရှိသနည်း။ ချေပချက်များကို ဘုရားသခင်နားညောင်းပါမည်ဟု ယူဆပါသလား။ ဘုရားသခင်သည် ဂရုဏာကင်းမဲ့လျက် တရားမျှတမူကင်းမဲ့စွာ တရားစီရင်ပါသလား။ “ငါ့ကို ဖြောင့်မတ်သည်ဟု ယူဆသော်လည်း ဘုရားသခင်ကို မလျှောက်ဝံ့။ တရားမူကို ဆုံးဖြတ်တော်မူသော ဘုရားသခင်အား တောင်းပန်ရုံမျှသာ ပြုနိုင်၏” (ငယ် ၂၊ ၂၂ TEV) ဟုဆိုသည်။ ‌ယောဘ၏ဘဝသည် မျှော်လင့်ချက်မရှိသောကြောင့် သူ့ကိုယ်သူယုံကြည်အားကိုးခြင်းမရှိ။

            ၉း၃၂-၃၅ ဘုရားသခင်နှင့် ယောဘအကြားတွင် အောင်သွယ်ဆက်စပ်ပေးသူမရှိ။ သူကိုယ်တိုင်ဖြစ်သည်။ ဘုရားသခင်နှင့် လူသားများအား ဆက်စပ်အောင်သွယ်ပေးသူမှာ ‌ယေရှုခရစ်တော် တပါးတည်းသာ ရှိသည် (၁တိ ၂း၅)။ ထိုအ‌ကြောင်းကို Metthew Henryက ဤသို့ဆိုသည်။

            ယောဘသည် သူအပြစ်ရှိကြောင်း ထုတ်ဖော်ပေးစေချင်သည်။ သို့သော် ဒိုင်လူကြီးလုပ်ပေးနိုင်မည့် လူသားမရှိ။ သူကိုယ်တိုင် ဘုရားသခင်ရှေ့တွင် တရားစီရင်ရသည်။ ယနေ့ လူသားများကုသိုလ် ပါရမီကောင်း သည်မှာ မိုးနှင့်မြေအကြားတွင် ယေရှုခရစ်တော်က အောင်သွယ်သင့်မြတ်ပေးခြင်းဖြစ်သည်။ ယုံကြည်သူများ ထံသို့လက်တော်ဆန့်တန်းထားပါသည်။ အဘဘုရားသခင်က အမိန့်တော်လွဲအပ်သည့် အတိုင်းတရားစီရင်ခွင့် အာဏာအပြည့်အဝရှိသည်။ သို့သော်လည်း ယခုမဟုတ်သေးပေ။ ဧဝံဂေလိတရားဟောပြောရန် ခိုင်းထားသေး သည်။ ဧဝံ‌ဂေလိတရား နေရာမ‌‌ပေးနိုင်သူများအတွက်သာဖြစ်သည်။၁၂

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

[post-views]

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။