ယောဘ၀တ္ထု - ၁၀

အသက်ကိုငြီးငွေ့၏
1ငါ့ဝိညာဉ်သည် အသက်ကိုငြီးငွေ့၏။ မြည်တမ်းသောအပြစ်ကို ခံရမည်။ စိတ်အလွန်ညှိုးငယ်၍ ပြောရမည်။ 2ဘုရားသခင်ကို လျှောက်ရသောစကား ဟူမူကား၊ အကျွန်ုပ်ကို အပြစ်စီရင်တော်မမူပါနှင့်။ အကျွန်ုပ်နှင့် ဆန့်ကျင်ဘက် ပြုတော်မူမည်အကြောင်းကို ပြတော်မူပါ။ 3ကိုယ်တော်သည် ညှဉ်းဆဲတော်မူသင့်သလော။ ကိုယ်တိုင်ဖန်ဆင်းသောအရာကို ရွံရှာ၍၊ လူဆိုးတို့၏ အကြံအစည်ကို ကောင်းချီးပေးတော်မူ သင့်သလော။ 4ကိုယ်တော်သည် ရူပမျက်စိရှိတော်မူသလော။ လူမြင်သည်နည်းတူ မြင်တော်မူသလော။ 5ကိုယ်တော်၏နေ့ရက်တို့သည် လူနေ့ရက်ကဲ့သို့ ဖြစ်ပါသလော။ ကိုယ်တော်၏နှစ်တို့သည် လူယောက်ျားနေ့ရက်ကဲ့သို့ ဖြစ်ပါသလော။ 6အကျွန်ုပ်ပြုသော ဒုစရိုက်ကိုစစ်၍ အပြစ်ကိုတွေ့ခြင်းငှာ အဘယ်ကြောင့် ရှာတော်မူသနည်း။ 7အကျွန်ုပ်သည် လူဆိုးမဟုတ်ကြောင်းနှင့် လက်တော်မှ အဘယ်သူမျှ မကယ်မနုတ်နိုင်ကြောင်းကို သိတော်မူ၏။ 8အကျွန်ုပ်တစ်ကိုယ်လုံးကို လက်တော်နှင့် စေ့စပ်စွာ ဖန်ဆင်းတော်မူသည်ဖြစ်၍၊ ယခု ဖျက်ဆီးတော်မူမည်လော။ 9သရွတ်ကိုလုပ်သကဲ့သို့ အကျွန်ုပ်ကို လုပ်တော်မူကြောင်းကို အောက်မေ့တော်မူပါ။ တစ်ဖန် မြေမှုန့် ဖြစ်စေတော်မူမည်လော။ 10အကျွန်ုပ်ကို နို့ကဲ့သို့သွန်းလောင်း၍၊ ဒိန်ခဲကဲ့သို့ ခဲစေတော်မူပြီ မဟုတ်လော။ 11အရေအသားဖြင့် ဖုံးလွှမ်း၍၊ အရိုးနှင့်အကြောတို့ဖြင့် ခိုင်ခံ့စေတော်မူပြီ။ 12အသက်ရှင်ရသောအကြောင်းနှင့်တကွ ကျေးဇူးများကိုပြုတော်မူပြီ။ ကြည့်ရှုပြုစုခြင်း ကျေးဇူးတော်သည်လည်း အကျွန်ုပ်၏ဝိညာဉ်ကို မစပါပြီ။ 13ယခုရောက်သောအမှုတို့ကိုလည်း၊ နှလုံးတော်၌သိုထား၍ ကြံစည်တော်မူသည်နှင့်အညီ ရောက်ကြောင်းကို အကျွန်ုပ်သိပါ၏။ 14အကျွန်ုပ်သည် ပြစ်မှားလျှင်၊ ကိုယ်တော် မှတ်တော်မူ၏။ အကျွန်ုပ်အပြစ်ကို လွှတ်တော်မူမည်မဟုတ်။ 15အကျွန်ုပ်သည် ဆိုးညစ်လျှင် အမင်္ဂလာရှိပါ၏။ ဖြောင့်မတ်သော်လည်း ကိုယ်မျက်နှာကိုမပြရ။ ကိုယ်ခံရသော ဒုက္ခဆင်းရဲကိုဆင်ခြင်၍ မိန်းမောတွေဝေလျက် နေရပါ၏။ 16အကျွန်ုပ်ထလျှင် ကိုယ်တော်သည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်အပေါ်သို့ ခုန်၍ ကြောက်မက်ဖွယ်သော အခြင်းအရာတို့ကို ပြတော်မူ၏။ 17အကျွန်ုပ်တစ်ဖက်၌ သက်သေခံတော်မူချက် များပြား၍၊ အမျက်တော်ကို တိုးပွားစေခြင်းငှာ ပြုတော်မူသဖြင့်၊ အကျွန်ုပ်တစ်ဖက်၌ ရန်စစ်တို့သည် အထပ်ထပ်ထကြပါ၏။ 18အကျွန်ုပ်ကို အမိဝမ်းထဲက အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ ထိုသို့ပြုတော်မမူလျှင် အကျွန်ုပ်သည် အသက်မရှိ၊ အဘယ်သူမျှ အကျွန်ုပ်ကိုမမြင်ရပါ။ 19ထိုသို့ အကျွန်ုပ်သည် မဖြစ်သကဲ့သို့ဖြစ်၍၊ အကျွန်ုပ်ကိုအမိဝမ်းထဲမှ သင်္ချိုင်းသို့ ဆောင်ပို့ရကြ၏။ 20အကျွန်ုပ်နေ့ရက်တို့သည် နည်းပါးသည် မဟုတ်လော။ 21မှောင်မိုက်နှင့်သေခြင်း အရိပ်ဖုံးလွှမ်းသောပြည်၊ 22သေခြင်းအရိပ်ဖြစ်စေသော ညကဲ့သို့ တစ်ခဲနက်မိုက်သဖြင့်၊ အလင်းပင် မှောင်မိုက်သက်သက်ဖြစ်၍၊ ရှင်းလင်းခြင်း အလျှင်းမရှိသောပြည်၊ အကျွန်ုပ်တစ်ခါရောက်ပြီးမှ တစ်ဖန်ပြန်၍ မလာရသောပြည်သို့ အကျွန်ုပ်သွား၍မရောက်မီ၊ သက်သာခြင်းအနည်းငယ် ရှိပါမည်အကြောင်း နေတော်မူပါ။ အကျွန်ုပ်ကို တတ်တိုင်းရှိစေတော်မူပါဟု မြွက်ဆို၏။

ယောဘ၀တ္ထု - ၁၀ (အနက်ဖွင့်)





ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။