ယောဘ၀တ္ထု - ၈

ဗိလဒဒ်မြွက်ဆိုခြင်း
1ရှုအာအမျိုးသား ဗိလဒဒ် မြွက်ဆိုသည်ကား၊ 2သင်သည် အဘယ်မျှကာလပတ်လုံး ဤသို့ပြောမည်နည်း။ သင်ပြောသောစကားသည် အဘယ်မျှကာလပတ်လုံး လေပြင်းကဲ့သို့ ဖြစ်မည်နည်း။ 3ဘုရားသခင်သည် မတရားသဖြင့် အပြစ်ပေးတော်မူမည်လော။ အနန္တတန်ခိုးရှင်သည် တရားကို ဖျက်တော်မူမည်လော။ 4သင်၏သားသမီးတို့သည် ဘုရားသခင်ကို ပြစ်မှားသောကြောင့်၊ ပြစ်မှားစဉ်တွင်၊ သူတို့ကို သုတ်သင်ပယ်ရှင်းတော်မူသော်လည်း၊ 5သင်သည်မဆိုင်းမလင့်၊ သန့်ရှင်းဖြောင့်မတ်သော သဘောနှင့် ဘုရားသခင်ကိုရှာ၍၊ အနန္တတန်ခိုးရှင်အား တောင်းပန်လျှင်၊ 6စင်စစ် သင့်အတွက် ကိုယ်တော်သည်ထပြီးလျှင် သင်၏ဖြောင့်မတ်သောနေရာကို ကောင်းစားစေတော်မူသဖြင့်၊ 7သင်သည် အစအဦး၌ ငယ်သော်လည်း၊ နောက်ဆုံး၌ အလွန်ကြီးပွားလိမ့်မည်။ 8လွန်လေပြီးသောကာလကို စစ်၍၊ ရှေးဘိုးဘေးတို့ကို မေးမြန်းခြင်းငှာ အားထုတ်ပါတော့။ 9ငါတို့သည် မနေ့၏သားဖြစ်၍ အလျှင်းမသိရပါ။ မြေကြီးပေါ်မှာ ငါတို့နေရသော နေ့ရက်ကာလသည် အရိပ်သက်သက်ဖြစ်၏။ 10ထိုသူတို့မူကား၊ သင့်ကိုဆုံးမသွန်သင်၍ မိမိတို့စိတ်နှလုံးထဲက မြွက်ဆိုကြလိမ့်မည်။ 11ဂမာပင်သည် ရွှံ့မရှိဘဲ ကြီးပွားနိုင်သလော။ မြစ်နားမှာ ပေါက်သောမြက်ပင်သည် ရေမရှိဘဲ ကြီးပွားနိုင်သလော။ 12ထိုအပင်သည် စိမ်းလျက် မရိတ်မဖြတ်သော်လည်း၊ အခြားအပင်ထက်သာ၍ ညှိုးနွမ်းတတ်၏။ 13ထိုသို့ ဘုရားသခင်ကို မေ့လျော့သော သူအပေါင်းတို့သည် ဆုံးခြင်းသို့ ရောက်ရကြလိမ့်မည်။ အဓမ္မလူ မျှော်လင့်စရာအကြောင်းသည် ပျက်လိမ့်မည်။ 14ထိုသူ မျှော်လင့်ရာလမ်းသည် ပြတ်လိမ့်မည်။ မှီခိုသောအရာသည်လည်း ပင့်ကူမြှေးကဲ့သို့ ဖြစ်လိမ့်မည်။ 15ထိုသူသည် မိမိအိမ်ကိုမှီ၍ အိမ်သည်အမှီမခံ။ လက်နှင့်ကိုင်သော်လည်း မတည်စေနိုင်။ 16သူသည် နေပူမှာ စိမ်းလန်းလျက်၊ အခက်အလက်အားဖြင့် မိမိဥယျာဉ်ကို နှံ့ပြားလျက်၊ 17အမြစ်အားဖြင့် စမ်းရေတွင်းကိုဝိုင်း၍ ကျောက်ထူသောအရပ်ကို တွေ့မြင်လျက်ရှိသော်လည်း၊ 18သူ့ကို သုတ်သင်ပယ်ရှင်း၍၊ မိမိနေရာအရပ်က သင်သည် ငါမတွေ့မမြင်စဖူးဟူ၍ သူ့ကိုငြင်းပယ်လိမ့်မည်။ 19ထိုသူ ဝမ်းမြောက်ရာလမ်းသည် ထိုသို့ဖြစ်၍၊ သူ့နေရာမြေ၌ အခြားသူတို့သည် ပေါက်ကြလိမ့်မည်။ 20စုံလင်သောသူကိုကား၊ ဘုရားသခင် စွန့်ပစ်တော်မမူ။ မတရားသဖြင့်ပြုသော သူတို့ကိုကား မစတော်မမူ။ 21ရယ်မောရသောအခွင့်၊ ရွှင်လန်းစွာ နှုတ်မြွက်ရသောအခွင့်ကို သင်၌ ပေးကောင်းပေးတော်မူမည်။ 22သင့်ကိုမုန်းသော သူတို့သည် ရှက်ခြင်းနှင့် ဖုံးလွှမ်းလျက်ရှိရကြလိမ့်မည်။ ဆိုးသောသူနေရာ အရပ်သည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို၏။

ယောဘ၀တ္ထု - ၈ (အနက်ဖွင့်)

၄။ ဗိလဒတ်၏ လက်ဦးစကား (အခန်း ၈)

            ဗိလဒတ်ဟူသော အဓိပ္ပါယ်သည် “ပြိုင်ဆိုင်ခြင်း၏သား” ဖြစ်သည်။ တကယ့် အနတ္တနမည်ထိုက်တန်ပေ သည်။ သူ့မိတ်ဆွေ ‌ယောဘအားချစ်ခြင်းမေတ္တာရှိသလောက် စကားနိုင်လုပြောဆိုသည်။ Ridout က ဗိလဒတ်နှင့် ဧလိဖတ်နှစ်ဦးတို့၏ ဟန်ပန်ကို ဤသို့ခိုင်းနှိုင်းထားသည်။

            ဧလိဖတ်နှင့် ဗိလဒတ်နှစ်ဦးလုံး၏စကားသည် ‌ယောဘအား ဦးတည်လိပ်မူခြင်းဖြစ်သော်လည်း ဧလိဖတ်၏စကားသည် လူကြီးလူကောင်းဆန်သည်။ ဗိလဒတ်သည် စကားဆင်ခြင်ခြင်းမရှိ ဘုရားသခင်၏ ဂုဏ်အင်လက္ခဏာကို ထိပါးသည်။ ဘုရားသခင်၏နိယာမတရားကို မသိကျိုးကျွံပြုသည်။ သူကိုယ်သူ မှန်ကန် သည်ဟု ထင်သော်လည်း အခြေခံအသိဉာဏ်ကိုက မှားယွင်းသဖြင့် ယောဘအားနှစ်သိမ့်ရာတွင် ဆောက်တည်ရာမဖြစ်စေနိုင်။ ဘုရားသခင်သည် အပြစ်ဒုစရိုက်ကောင်းများကို အပြစ်ပေးအ‌ရေးယူလေ့ရှိသည်။ ယောဘသည်လည်း ဒုစရိုက်၏သားကောင်ဖြစ်သောကြောင့် ဘုရားသခင်က အရေးယူခြင်းဖြစ်သည်ဟု မြင်သည်။၁၁

            ၈း ၁-၇ ဗိလဒတ်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို အကာအကွယ်ယူလျက် ‌ယောဘအားအပြစ် စကားဆိုသည်။ အပြစ်ဒုစရိုက်ရှိသောကြောင့် ဘုရားသခင်က အပြစ်ပေးအရေးယူခြင်းဖြစ်သည်ဟုဆိုသည်။ ယောဘ၏သားများသေဆုံးခြင်းသည်လည်း ကိုယ်ဖြစ်ကိုယ်ခံခြင်းဖြစ်သည်ဟု မညှာမတာပြောရက်သည်။ တခါတရံ အခြားသူများအား နှစ်သိမ့်အားပေးရာတွင် ရေနှစ်သူဝါးကူထိုးခြင်းလည်း သက်ရောက်တတ်သည်။ ဗိလဒတ်သည် ‌ယောဘအားအကယ်၍ ဘုရားသခင်ထံသို့ အပြစ်ဝန်ချတောင်းပန်လျင် မျှော်လင့်ချက်ရှိသေး သည်ဟု မိချောင်းမင်းရေခင်းပြလိုက်သေးသည်။

            ၈း၈ – ၂၂ မကောင်းမူဒုစရိုက်နှင့် ဝဋ်လည်ခြင်းအကြောင်းကိုလည်း ရှင်းပြလိုက်သည်။ ရေမရှိသော နေရတွင်ကျူပင်မပေါက်နိုင်ပါ။ မာနထောင်လွှားခြင်းနှင့် ဘာသာတရားကင်းမဲ့ခြင်းအတွေးဖြစ်သည်။ ဆိုးသော နေရာအရပ်သည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု ဆိုသည်။ လူသည် အပြစ်သားဖြစ်သည့်အတိုင်း အပြစ်ဒုစရိုက်၏ ဒဏ်ရာဒဏ်ချက်ခံစားရမည်ဟု ဆိုလိုသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။