ယောဘ၀တ္ထု - ၂၆

ဘုရားသခင်၏ကြီးမြတ်ခြင်း
1ယောဘပြန်၍ မြွက်ဆိုသည်ကား၊ 2သင်သည်အားနည်းသောသူကို အဘယ်သို့မစသနည်း။ လက်ကျသောသူကို အဘယ်သို့ ထောက်ပင့်သနည်း။ 3မိုက်သောသူကို အဘယ်သို့ အကြံပေးသနည်း။ ထူးဆန်းသောပညာကို အဘယ်သို့ပြသနည်း။ 4ဤစကားကို အဘယ်သူအား မြွက်ဆိုသနည်း။ အဘယ်သူ၏ ဝိညာဉ်အားဖြင့် ဟောပြောသနည်း။
5အောက်အရပ်၌ သင်္ချိုင်းသားတို့နှင့်တကွ ရေများနှင့် ရေ၌နေသောသူများတို့သည် တုန်လှုပ်ကြ၏။ 6မရဏနိုင်ငံသည် ရှေ့တော်၌ လှန်လျက်ရှိ၏။ အဗဒ္ဒုန်နိုင်ငံကို ဖုံးအုပ်ခြင်းမရှိရာ။ 7မိုးကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက်တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။ 8ထူထပ်သော မိုးတိမ်တော်နှင့် ရေကိုထုပ်တော်မူ၍၊ မိုးတိမ်သည် မစုတ်မပြတ်နေ၏။ 9မိုးတိမ်တော်ကိုဖြန့်၍ ပလ္လင်တော်မျက်နှာကို ဖုံးအုပ်တော်မူ၏။ 10အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။ 11ဆုံးမတော်မူခြင်းကြောင့်၊ မိုးကောင်းကင်တိုင်တို့သည် တုန်လှုပ်၍ မိန်းမောတွေဝေလျက်နေကြ၏။ 12တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော်မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော်မူ၏။ 13ဝိညာဉ်တော်အားဖြင့် မိုးကောင်းကင်တန်ဆာများကိုပြင်၍၊ လျင်မြန်သောနဂါးကိုလည်း ဖန်ဆင်းတော်မူ၏။ 14ဤရွေ့ကား၊ အမှုတော်အရိပ်အမြွက်သာ ဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုးကြိုးသံကို အဘယ်သူနားလည်နိုင်သနည်းဟု မြွက်ဆို၏။

ယောဘ၀တ္ထု - ၂၆ (အနက်ဖွင့်)

၄။ ယောဘ၏ချေပချက် (အခန်း ၂၆)

၂၆:၁-၄ ပထမဦးစွာ ဗိလဒတ်၏စကားကို ချေပသည်။ ယောဘတွင် အစွမ်းတန်ခိုးမရှိ ခွန်အားမရှိ ဥာဏ်ပညာမရှိရိုးမှန်လျှင် ဗိလဒတ်ကမည်သို့ အကျိုးပြုနိုင်သနည်။ ထိုစကားအရ ဗိလဒတ်၏စကားသည် ယောဘအတွက် အရေမရအဖတ်မရ ကွမ်းစကားဖြစ်သည်။ တန်ဖိုးမရှိ။

၂၆:၅-၁၃ အခန်း ၂၆ သည်ဘုရားသခင်၏ဘုန်းတန်ခိုးကြီးမားပုံ အကြောင်းဖြစ်သည်။ မိုးတိမ်တောင်နှင့် ရေ၊ အလင်းရောင်နှင့် အမှောင်၊ လေမုန်တိုင်းနှင့်ပင်လယ်၊ ကြယ်တာရာ နှင့် နက္ခတ်ဂြိုလ်များ ဘုရားသခင်က ကိုယ်တွယ်စိုးမိုး ပုံများကို ရှင်းပြသည်။

ဗိလဒတ်က ကောင်းကင်ဘုံရှင်ဘုရားသခင်၏ တန်ခိုးကြီးမားပုံကို ဖော်ပြခဲ့သော်လည်း ယောဘစကားသည် ထိုထက်လေးနက်သည်။ ရေအောက် ကမ္ဘာ၊ မရဏနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံထိအောင် သက်ရောက်သည်။

သိပ္ပံပညာရှင်များရာစုအဆက်ဆက် တွေးဆမမှီနိုင်အောင် ကမ္ဘာကြီးကို လွတ်လပ်လဟာပြင်၌ဘုရားသခင်ချိတ်ဆွဲထားသည်။ (စာပေကဗျာဆန်ဆန် ဖော်ပြထားသည် အမှန်စင်စစ် နေဗဟိုပြု အစုအဖွဲအစည်းသွားလာနိုင်မှုဖြစ်သည်။)

အာကာသသိပ္ပံပညာရှင်များနှင့် နက္ခတ္တဗေဒပညာရှင်များ တွေးမမှီနိုင်သောအကြောင်းအရာဖြစ်သည်။ ထိုပညာရှင်များတွင် Newton နှင့် Keppler ကဲ့သို့သောသိပ္ပံပညာရှင်များပါသည်။ သမ္မာကျမ်းစာနှင့် သိပ္ပံပညာ မဟပ်စပ်ဟူသောအယူအဆသည် မဟာအမှားတော်ပုံဖြစ်သည်။ သိပ္ပံပညာဖြင် သက်သေမပြနိုင်သော်လည်း မျက်ဝါးထင်ထင် အမှန်တကယ်တွေ့မြင်နေကြသည်။၂၇

၂၆:၁၄ ဤအမှုအရာများသည် ဘုရားသခင်၏လက်ရာတော် အစွန်းအဖျားအကင်းမျှသာရှိသည်။ ထိုအရာများကို မိန်းမောကြလျှင် မိုးကြိုးထက်ထက်မြက်သောဘုရားသခင်၏အသံတော်ကို မည်သို့ခံယူကြမည်နည်း။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။