ယောဘ၀တ္ထု - ၂

ယောဘ၏ကျန်းမာရေးကိုတိုက်ခိုက်ခြင်း
1တစ်ဖန် ဘုရားသခင်၏သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှာ လာရသောနေ့ရက်အချိန်ရောက်လျှင်၊ စာတန်သည်လည်း ထာဝရဘုရားထံတော်၌ ခစားခြင်းငှာ သူတို့နှင့်အတူလာ၏။ 2ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာလှည့်လည်၍ အရပ်ရပ်သွားလာခြင်းအမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။ 3ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာသူနှင့်တူသောသူ တစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကိုပျက်စီးစေခြင်းငှာ သင်သည် ငါ့ကိုတိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏။ 4စာတန်ကလည်း၊ အရေဖို့အရေဟု ဆိုသကဲ့သို့၊ လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကို ပေးပါလိမ့်မည်။ 5ယခုတစ်ဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့်သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။ 6ထာဝရဘုရားကလည်း၊ သူသည် သင့်လက်၌ရှိ၏။ သူ့အသက်တစ်ခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်၊ 7စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဖဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။ 8ယောဘသည် ကိုယ်ကိုခြစ်စရာ အိုးခြမ်းကို ကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏။ 9ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။ 10ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟု ဆို၏။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှ မမှားယွင်း။
ယောဘ၏မိတ်ဆွေသုံးဦး
11ထိုအခါ တေမန်အမျိုးသားဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖာတည်းဟူသော ယောဘ၏အဆွေခင်ပွန်း သုံးယောက်တို့သည်၊ သူ၌ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သတင်းကြားလျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကိုနှစ်သိမ့်စေခြင်းငှာ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း၊ အသီးအသီး မိမိတို့နေရာအရပ်မှ ရောက်လာကြ၏။ 12ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကိုမသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကိုယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ ကျရောက်စေခြင်းငှာ၊ မိုးကောင်းကင်သို့ ပစ်တင်ကြ၏။ 13ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူ မြေပေါ်မှာထိုင်၍၊ သူသည် ပြင်းစွာသောဆင်းရဲ ခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ စကားမပြောမဆိုဘဲ နေကြ၏။

ယောဘ၀တ္ထု - ၂ (အနက်ဖွင့်)

(ယ)ဖြစ်စဉ် ၄။ ဘုရားသခင်ရှေ့တော်သို့နောက်တခေါက်(၂:၁-၆)

၂:၁-၆   ဘုရားသခင်ရှေ့တော်သို့ နောက်တစ်ခေါက်စာတန်ပေါ်ပေါက်လာသည်။ ဤအခေါက်တွင်စာတန်သည် သူ၏ယောဘစုံစမ်းခြင်းအား လက်မလျှော့သေး။ ရှေ့တိုး၍ဆန်းစစ်ချင်သည်။ ထို့ကြောင့်ဘုရားသခင်ထံတွင် ခွင့်တောင်းသည်။ ဘုရားသခင်ကလည်း ခွင့်ပြုသည်။ ယောဘ၏ခန္ဓာ ကိုယ်အားထိပါးခွင့်ပြုသော်လည် အသက်ဘေးအန္တရာယ်အထိပါးစေရ။

(င)ဖြစ်စဉ်၅။ ယောဘခန္ဓာကိုယ်ပေါ်သို့ကျရောက်လာသောကာလနာရောဂါ(၂:၇-၁၃)

၂:၇-၁ဝ ယောဘ၏ခြေဖျားမှ ဦးခေါင်းထိပ်ထိ တကိုယ်လုံးအနာစိမ်းပေါက်သည်။ သူ့မိန်းမက “ဖြောင့်မတ်သောတရားကိုစွဲလမ်းသေးသလော” ဘုရားသခင်၏လက်တော်မှသုခချမ်းသာခံယူသကဲ့သို့ဒုက္ခဆင်းရဲကိုမခံယူရသလော့ ဟုဆုံးမသည်။ ထိုအကြောင်းနှင့်ပတ်သတ်၍ Harold St John ကဤသို့ဆုံးမသည်။

တခါက အမျိုးသမီးကျမ်းစာပညာရှင်တစ်ဦးက ယောဘ၏အမျိုးသမီးအကြောင်းကို ရေးသည်။မိန်းမသားများအကြောင်းကို မိန်းမများကသာ မျှဝေခံစားနိုင်ပေမည်။ထိုအမျိုးသမီးသည် ယောဘ၏ မိန်းမနေရာသို့ဝင်ရောက်ခံစားခြင်း ဖြစ်မည်။(မှတ်မိသရွေ့ Louise Haughton ထင်ပါသည်)။ထို့သို့ပြောခြင်းသည် ခင်ပွန်းသည်ခံစားရသောဆင်းရဲဒုက္ခကို မမြင်ရက်သောကြောင့် မချိတင်ကဲပြောစကားဖြစ်သည်။ထိုစကားပြောသာပြောသည်။ စိတ်ရှိ၍မဟုတ်တန်ရာ။ယောဘနောက်ကွယ်တွင် အဘယ်မျှစိတ်ဆင်းရဲမည်နည်း။

၂:၁၁-၁၃ ယောဘ၏သတင်းစကားကြားသိကြသောမိတ်ဆွေရင်းခြာသုံးဦးသည် ယောဘအားနှစ်သိမ့်အားပေးကြရန်ရောက်လာကြသည်။ ထုမိတ်ဆွေများ၏နာမည်များမှာ ဧလိဖတ်၊ဗိလဒတ်နှင့်ဇောဖာတို့ဖြစ်သည်။

ယောဘ၏သနားစရာဘဝကို တွေ့မြင်ကြသောအခါမှင်သက်မိ၍တရားသံဝေဂရကြသည်။ ခုနှစ်ရက်၊ခုနှစ်ညလုံးအနားတွင်ထိုင်၍ စကားပြောကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။