ယောဘ၀တ္ထု - ၁၉

ရွေးနုတ်သောသခင်အသက်ရှင်၏
1-2ယောဘပြန်၍ မြွက်ဆိုသည်ကား၊ သင်တို့သည် ငါ့စိတ်ဝိညာဉ်ကို နှောင့်ယှက်၍ အဘယ်မျှကာလပတ်လုံး သင်တို့စကားဖြင့် ငါ့ကိုချိုးဖဲ့ကြလိမ့်မည်နည်း။ 3ဆယ်ကြိမ်မြောက်အောင် ငါ့ကိုကဲ့ရဲ့ကြပြီ။ ငါ့ကိုမိန်းမောတွေ ဝေစေခြင်းငှာ အရှက်မရှိဘဲပြုကြပြီ။ 4ငါပြစ်မှားပြီ မှန်စေတော့။ ငါ့အပြစ်နှင့် ငါသာဆိုင်၏။ 5သင်တို့သည်ငါ့အပေါ်၌ ဝါကြွား၍၊ ငါအရှက်ခံရသောကြောင့်၊ ငါ၌အပြစ်တင်ကြသော်လည်း၊ 6ဘုရားသခင်သည် ငါ့ကိုလှဲ၍ မိမိကျော့ကွင်း၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့။ 7ငါသည် ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှနားမထောင်။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ။ 8ငါမသွားနိုင်အောင် ငါ့ရှေ့မှာအဆီးအကာပြု၍၊ ငါသွားရာလမ်း၌ မှောင်မိုက်ကိုထားတော်မူပြီ။ 9ငါ့ဂုဏ်အသရေကိုချွတ်၍၊ ငါ့ခေါင်းက ပေါင်းသရဖူကိုချတော်မူပြီ။ 10ငါ့ကိုဝိုင်း၍ ဖျက်ဆီးတော်မူသဖြင့် ငါပျောက်ကုန်ပြီ။ သစ်ပင်ကို နုတ်သကဲ့သို့၊ ငါမျှော်လင့်ရသောအခွင့်ကို နုတ်တော်မူပြီ။ 11ငါ၌အမျက်တော်ကို နှိုးဆော်၍၊ ငါ့ကိုရန်သူကဲ့သို့ မှတ်တော်မူ၏။ 12စစ်ချီလာ၍၊ စစ်သူရဲတော်တို့သည် ငါ့ရှေ့သို့ရောက်ခြင်းငှာ၊ ကျုံးတူး၍ ငါ့ပတ်လည်၌ တပ်ချကြ၏။ 13ငါ့ညီအစ်ကိုတို့ကို ငါနှင့်ကွာဝေးစေတော်မူ၏။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်းသောသူဖြစ်ကြ၏။ 14ငါ့ပေါက်ဖော်တို့သည် ငါ့ကိုစွန့်၍၊ ငါ့သူငယ်ချင်းတို့သည် မေ့လျော့ကြ၏။ 15ငါ့ကျွန်မများ၊ ငါ့အိမ်သူအိမ်သားများတို့သည် ငါ့ကိုဧည့်သည်ကဲ့သို့လည်းကောင်း၊ တစ်ကျွန်းတစ်နိုင်ငံသားကဲ့သို့လည်းကောင်း မှတ်ကြ၏။ 16ငါ့ကျွန်ကိုငါခေါ်သောအခါ သူသည်မထူး၊ သူ့ကိုနှုတ်ဆက်၍ တောင်းပန်ရ၏။ 17ငါ့မယားသည် ငါ့အသက်လေကိုလည်းကောင်း၊ ငါ့သားသမီးတို့သည် ငါမြည်တမ်းခြင်းအသံကိုလည်းကောင်း ရွံကြ၏။ 18သူငယ်တို့သည်လည်း ငါ့ကိုမထီမဲ့မြင်ပြု၍ ငါထသောအခါ ကဲ့ရဲ့ကြ၏။ 19ငါ့မိတ်ဆွေတို့သည် ငါ့ကိုရွံ၍၊ ငါချစ်သောသူတို့သည် ငါ့ရန်သူဖြစ်ကြ၏။ 20ငါ့အရေအသားသည် ငါ့အရိုးတို့၌ ကပ်လျက်ရှိ၏။ သွားဖုံးတစ်ခုသာပါလျက် ငါပြေးလွတ်ရ၏။ 21အို အဆွေခင်ပွန်းတို့၊ ငါ့ကိုသနားကြပါ။ ငါ့ကိုသနားကြပါ။ ဘုရားသခင်၏လက်တော်သည် ငါ့ကိုထိခိုက်ပါပြီ။ 22ဘုရားသခင် ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲကြသနည်း။ အဘယ်ကြောင့် ငါ့အသားကိုစား၍ မရောင်ရဲ့ဘဲနေကြသနည်း။
23ငါ့စကားကို ယခုရေးမှတ်ပါစေသော။ စာရင်း၌ သွင်းထားပါစေသော။ 24ခဲပြားပေါ်မှာကညစ်နှင့် အက္ခရာတင်လျက်၊ ကျောက်စာထိုးလျက်မြဲပါစေသော။ 25ငါ့ကိုရွေးနုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည်ဟူ၍လည်းကောင်း၊ 26ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကိုမြင်မည်ဟူ၍လည်းကောင်း ငါသိ၏။ 27ငါ့ဘက်၌နေတော်မူသော ဘုရားသခင်ကို ငါမြင်မည်။ သူတစ်ပါးမြင်သည်သာမက၊ ငါသည် ကိုယ်မျက်စိနှင့် ဖူးမြင်မည်။ ထိုသို့မျှော်လင့်၍ ငါ့ကျောက်ကပ်သည် ပျက်လျက်ရှိ၏။ 28ယခုမှာသင်တို့က၊ ငါတို့သည် သူ့ကိုအဘယ်သို့ ညှဉ်းဆဲရမည်နည်း။ သူ၌ အပြစ်တင်သောအခွင့်ကို အဘယ်သို့တွေ့ရမည်နည်းဟု ဆိုကြသည်ဖြစ်၍၊ 29ဓားဘေးကို ကြောက်ကြလော့။ အကြောင်းမူကား၊ အမျက်တော်သည်ဓားဘေးဖြင့် အပြစ်ပေးတတ်၏။ အပြစ်စီရင်ရသောအချိန် ရှိကြောင်းကို သိမှတ်ကြလော့ဟု မြွက်ဆို၏။

ယောဘ၀တ္ထု - ၁၉ (အနက်ဖွင့်)

၄။ ယောဘ၏တုန့်ပြန်ချက် (အခန်း ၁၉)

၁၉:၁-၂၂ ယောဘက သူ့မိတ်ဆွေများအား တုန့်ပြန်ချေပသည်။ သူ့မိတ်ဆွေများသည် ဆန်ကောလောက်ဇောက်မနက်သော အသိဥာဏ်ပညာဖြင့် သူ့အားအပြစ်တင်ကြသည်မှာရှက်စရာဖြစ်သည်ဟုဆိုသည်။ ဘုရားသခင်က သူ့အပြစ်ကိုစီရင်သည်ဟုဆိုစေတော့။ ဆွေမျိုးဉာတိများနှင့် ကျွန်များက ထိုသို့မမြင်အပ်။ သူ့ခန္တာကိုယ်သည် သေခြင်းကိုသာမျှော်လင့်နေပါသည်။ ဘုရားသခင်နှင့်မိတ်ဆွေများက လည်းသူ့ကို မသနားမညှာတာကြပါ။

၁၉:၂၃-၂၄ သူ့၏တုန့်ပြန်ချေပစကားများကို မော်ကွန်းတည်ကျန်ရစ်အောင်ခဲပြားမှာပေါ်မှာကညစ်နှင့် အက္ခရာတင်လျက်ကျောက်စာထိုးလျှက်မြဲပါစေဟုတ်ကျိန်ဆိုသည်။ သို့ဖြင့်နောင်လာနောင်သားများကတရားနှင့်ယှဉ်သောသစ္စာကိုမြင်တွေ့ကြနိုင်မည်။

၁၉:၂၅-၂၇ သေလွန်သော်လည်း တနေ့ သောအခါယောဘအတွက် ကယ်တင်ရှင်ပေါ်လာမည်ဟု တထစ်ချယုံကြည်သည်။

အင်္ဂလိပ်ဓမ္မဆရာကြီး Spurgeon ကအငယ် ၂၅ ကိုယောဘဝတ္ထုနှင့်မတူ တမူထူးခြားကြောင်း ဤသို့ရှင်းပြထားသည်။

ယောဘ၏ငြိမ်သက်ချမ်းသာရာယုံကြည်ချက် “ငါ”၊ “ငါကယ်တင်ရှင်”၊ “ငါကယ်တင်ရှင်သည် အသက်ရှင်၏” ဟူသောစကားကို တွေ့ရသည်။ အလိုလေ၊ ယောဘသည် အသက်ရှင်တော်မူသော ခရစ်တော်ကို ရှေးပဝေသဏီက အသိဝိညာဉ်ဖြင့် သိရှိခဲ့သည်တကား။ ခရစ်တော်ထံသို့မရောက်မီ ကပင်။ ပျော်ရွှင်ချမ်းသာရတနာရရှိကြပါပြီ။ သွေးသားမတော်၊ ငါ့တို့ ဆန့်ကျင်ခဲ့သောလူသား တော်က မည်သို့ကယ်တင်မည်နည်း။ အချို့ကခရစ်တော် အား ယုံကြည်ခြင်းမရှိသေးလျှင် ကယ်တင်ခြင်းမရနိုင်ဟုဆိုကြပါသည်။ “မှန်ပါသည် အသက်ရှင်တော်မူသောကိုယ်တော်ဘုရားအား ကိုးစားပါ။ သင့်ဘဝထဲတွင် ကိုယ်တော်ဘုရား စိုးစံဖို့သင့်ကိုရှာနေပါသည်”။ အကယ်၍လက်ခံလျှင် :ငါကယ်တင်ရှင်ဘုရား” ဟုကြွေးကြော်နိုင်ပေမည်။ မုန်ညင်းစေ့လောက်သော ယုံကြည်ခြင်းရှိလျှင် အဆမတန်တန်ခိုးကြီးထွားနိုင်သည်ဟု သမ္မာကျမ်းစာစကားရှိပါသည်။ သို့သော် ယောဘ၏စကားကို သိမှတ်စေချင်သည်။. “ငါသိသည်”၊ “ငါမျှော်လင့်သည်အတိုင်း ယုံကြည်သည်” ဟုဆိုသည်။ ယေရှုခရစ်တော်ထံသို့ လူထောင်ပေါင်း များစွာရောက်ရှိကြပါသည်။ သို့သော် အရေးကြီးဆုံးအရာမှာယောဘကဲ့သို့ “ငါသိသည်” ဟုဆိုနိုင်ရမည်။

ဓမ္မဟောင်းကျမ်းတွင်ယောဘသည် သူ့ခန္ဓာ ကိုယ်ပျက်စီးပြီးနောက် ရုပ်ခန္တာအားဖြင့် ပြန်လည်ထမြောက်သည် ဟု သွန်သင်ချင်းမရှိပါ။ သို့သော်လည်း သခင်ယေရှုလက်ထက်တွင် ရှေးယုဒများတွင် ယုံကြည်သူရှိလာကြောင်းတွေ့ရသည်။ အငယ် ၃၆ ကို ဆရာကြီး Spurgeon ကဤသို့ဆက်ဆိုထားသည်။

“ဘုရားသခင်ကို ငါတွေ့မြင်မည်” ဟုသော ယောဘစကားကိုမှတ်ထားပါ။ “သန့်ရှင်းသူများ ကိုငါတွေ့မြင်ရမည်”ဟု ယောဘမပြောပါ။ “ဘုရားသခင်ကို ငါဖူးမြင်မည်”ဟု အတိအလင်းယုံကြည်ထားသည်။ “တံခါးတော်မှဝင်ရမည်၊ ရွှေသရဖူဆောင်းရမည်” ဟုမဆိုပါ “ဘုရားသခင်ကို ဖူးမျှော်မည်” ဟုအလေးအနက်ခံယူသည်။ ထိုစကားသည် ကောင်းကင်နိုင်ငံယုံကြည်ခြင်း အဓိဌာန်၊ ယုံကြည်သူများ၏ဘဝမျှော်လင့်ချက်များဖြစ်သည်။၁၉

၁၉:၂၈-၂၉ သို့ကြောင့် မျက်မှောက်ကာလမှာ သူ့ကိုအပြစ်တင်မစောကြနှင့်။ “တနေ့သောအခါ အပြစ်စီရင်ခြင်းခံကြရမည်” ဟူသော ယောဘက သူ့မိတ်ဆွေများအား တုန့်ပြန်ချေပသတိပေးလိုက်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။