ယောဘ၀တ္ထု - ၁၄

တိုတောင်းသောအသက်ကိုဆင်ခြင်
1လူသည် မိန်းမဖွားသောသူ ဖြစ်သဖြင့်၊ အသက်တို၍ ဒုက္ခနှင့်ပြည့်စုံပါ၏။ 2ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကို ခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ၏။ 3ထိုသို့သောသူကို ကိုယ်တော် ကြည့်မှတ်တော်မူသလော။ အကျွန်ုပ်နှင့်ဘက်၍ တရားတွေ့တော်မူမည်လော။ 4မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဖော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဖော်နိုင်ပါ။ 5လူ၏နေ့ရက်တို့ကို မှတ်သား၍၊ သူနေရသော လအရေအတွက်ကို ကိုယ်တော်သည်သိသဖြင့်၊ သူမလွန်နိုင်သော အပိုင်းအခြားကို ထားတော်မူသောကြောင့်၊ 6မျက်စိတော်ကိုလွှဲ၍ လူသည်သူငှားကဲ့သို့ မိမိနေ့ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ်ရသောအခွင့်ကို ပေးတော်မူပါ။ 7သစ်ပင်ကိုခုတ်သော်လည်း၊ အငုတ်အချည်းစည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မျှော်လင့်စရာရှိ၏။ 8မြေထဲမှာ အမြစ်ဟောင်း၍၊ မြေပေါ်မှာ အငုတ်သေသော်လည်း၊ 9ရေငွေ့ကြောင့် အတက်ပေါက်၍၊ ပျိုးပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံလိမ့်မည်။ 10လူမူကား သေ၍ ဆွေးမြေ့တတ်၏။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။ 11အိုင်ရေပြတ်သကဲ့သို့လည်းကောင်း၊ မြစ်ရေ ခန်းခြောက်သကဲ့သို့လည်းကောင်း၊ 12လူသည်အိပ်ပြီးမှ နောက်တစ်ဖန် မထရ။ မိုးကောင်းကင် မကုန်မဆုံးမီတိုင်အောင် မနိုးရ။ အအိပ်အပျော် မပျက်ရ။
13ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော် မလွန်မီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ်ကို အောက်မေ့စရာအချိန်ကို ချိန်းချက်တော်မူပါစေ။ 14လူသည် သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန် မရောက်မီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံး သည်းခံလျက် နေပါမည်။ 15အကျွန်ုပ်ကို ခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။ ကိုယ်တိုင် ဖန်ဆင်းတော်မူသောအရာကို သနားခြင်းစိတ် ရှိတော်မူပါ။ 16ယခုမှာ အကျွန်ုပ်ခြေရာတို့ကို ကိုယ်တော်သည်ရေတွက်၍၊ အကျွန်ုပ်အပြစ်တို့ကို စောင့်တော်မူ၏။ 17အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ်၌တံဆိပ်ခတ်၍၊ အကျွန်ုပ် ဒုစရိုက်အပြစ်အပေါ်မှာ အထပ်ထပ် အပြစ်တင်တော်မူ၏။ 18ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ၏။ ကျောက်သည်လည်း မိမိနေရာမှ ရွေ့လျော့တတ်ပါ၏။ ရေတိုက်သော ကျောက်ခဲသည်လည်း ပွန်းတတ်ပါ၏။ 19လွှမ်းမိုးသောရေနှင့်အတူ မြေမှုန့်ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူမျှော်လင့်စရာအကြောင်းကို ဖျက်တော်မူ၏။ 20ကိုယ်တော်သည် လူကို အစဉ်နိုင်တော်မူ၍၊ လူသည် ကွယ်ပျောက်တတ်ပါ၏။ ထူးခြားသောမျက်နှာကို ပေး၍ အခြားသို့ လွှတ်လိုက်တော်မူ၏။ 21သူ၏သားတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သော်လည်း သူသည်မသိရပါ။ နှိမ့်ချခြင်းသို့ ရောက်သော်လည်း ထိုအမှုကိုပင် မရိပ်မိပါ။ 22သို့ရာတွင် သူ၏ကိုယ်သည် ကိုက်ခဲလျက်၊ သူ၏ဝိညာဉ်သည် ညည်းတွားလျက် နေရပါသည်ဟု မြွက်ဆို၏။

ယောဘ၀တ္ထု - ၁၄ (အနက်ဖွင့်)

၁၄:၁-၆ လူ့ဘဝတွင် ဒုက္ခ ပြဿနာပေါင်းစုံ ကြုံတွေ့ရပုံကို ဘုရားသခင်သို့ မေးထားသည်။ ရေပျော်ငါးက တိတ်ဆိတ်စွာ လူးလားကူးခတ်၍ မိုးယံဌက်က တကြော်ကြော်တေးဆိုနေသော်လည်း မြေကြီးပေါ်မှ လူသားသည် ချွေးဒီးဒီး ကျအောင်ထွန်ရက်နေဂသည်။ အငယ် ၁ သည် အဓိပ္ပါယ်ကျယ်ပြန့်သည်။ အတွေးနယ်ဆန့်သမျှ ချဲ့ကားနိုင်သည်။

မိန်းမမွေးသောသူသည်

အသက်တို၍ ဒုက္ခပေါင်းစုံပြည့်စုံရ၏။

တိုတောင်းလှသော လူ့ဘဝတွင် အဘယ်ကြောင့် ငြိမ်သက်ခြင်းမရှိနိုင်သနည်း။အဘယ်ကြောင့် ရုန်းကန်လှုပ်ရှားနေရသနည်း။

၁၄:၇-၁၂ ခုတ်လဲပစ်သောသစ်ပင်သည် အတက်ပေါက်၍ မျှော်လင့်ချက်ရှိဦးမည်။ လူ့ဘဝကား သေဆုံးလျှင် ရေခမ်းသောစမ်းချောင်းကဲ့သို့ ခြောက်သယောင်းထရမည်လား။

၁၄:၁၃-၁၇ အမျက်တော်ပြေသည့်အချိန်ထိ ယောဘသည် ပုန်းအောင်ချင်သည်။တန်ခိုးတော် ရှင်က ခေါ်ထုတ်လျှင် ကိုယ်တိုင်ကြည့်ချင်ပါသည်။

ဤကျမ်းချက်တွင် ယောဘမေးခွန်း (၄) ခုတွေ့ရသည်။ ၁) သူပြုများသောအပြစ်များကို အထုတ်ဖြေပြဖို့၊  ၂) လူ့ဘဝအဓိပ္ပါယ်ရှင်းပြဖို့၊ ၃) သေခြင်း၏အဆုံးတရားပြသဖို့ ၊ ၄) မျက်မှောက်ခံစားနေရသော အနာရောဂါခံစားရခြင်းကိုရှင်းပြဖို့ မေးခွန်းထုတ်သည်။

ငယ် ၁၄ က သည် အရေးကြီးဆုံး မေးခွန်းဖြစ်သည်။ “လူသည် သေလျှင်အသက် ပြန်ရှင်ပါမည်လော” ထိုမေးခွန်း ကို သခင်ယေရှက ယော ၁၁:၂၅၊၂၆ တွင် ဖြေထားပါသည်။

“ငါသည် ထမြောက်ခြင်းအကြောင်းဖြစ်၏။ အသက်ရှင်ခြင်း အကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်သန်လိမ့်မည်။ ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့ သည်လည်း။ သေခြင်းနှင့် အစဥ်မပြတ် ကင်းလွတ်ကြလိမ့်မည်။” Harald St.John ကငယ် ၁၄၊၁၅ အပေါ်ဤသို့မြင်သည်။ အငယ် ၁၄၊ ၁၅သည် မှောင်မဲငြိမ်သက်နေသော ပင်လယ်ရေပြင်ပေါ်သို့ မီးမောင်းထိုးခြင်းဖြစ်သည်။ ယောဘက ဤသို့တွေးမြင်ဟန်ရှိသည်။ မိုးကောင်း ကင် ပျောက်ကွယ်၍ မိုးထိတောင်တန်းကြီးများ ပြိုကျကုန်မည်။ သူ၏ခန္ဓာကိုယ်သည်လည်း နှစ်ပေါင်းထောင်သောင်းချီ၍ မြေအောက်သင်္ချ ိုင်းထဲတွင် လဲလျောင်းနေမည်။ တနေ့သော် ဘုရားသခင် ပေါ်ထွန်းရာနေ့ရက်တွင် သူ့မိတ်ဆွေများအား ဘုရားသခင်၏လက်ရာတော်များ ပြသချင်မည်။

မိုးကောင်းကင်ယံနှင့်တောင်ကုန်းတောင်တန်းများမတည်မြဲသော်လည်း သူသည် ဘုရားသခင်နှင့်တနေ့ကြုံတွေ့ကာ အတူတကွစိုးစံရမည်ဟုယုံကြည်သည်။ထိုနေ့ရက်ကာလကို မျှော်လင့်တောင့်တနေသည်။၁၆

၁၄:၁၈-၂၂ လူ့ဘဝတွင်း ဆင်းရဲဒုက္ခပေါင်းစုံကြုံတွေ့ရပုံကို တရားသံဝေဂရသည်။ သေလွန်သောအခါ လူ့ခန္ဓာကိုယ်သည် ဖုံမှုန့်ကဲ့သို့ ပြန်ရောက်၍ စိတ်ဝိညာဉ်သည် ဝမ်းနည်းခြင်းဖြင့် ချုပ်ငြိမ်းမည်။

ဤနေရာတွင် ပထမအချီစကားလက်ဆုံကျခြင်းတခန်းရပ်ပြီးဆုံးသွားသည်။ သူ့မိတ်ဆွေများ၏စကားသည်လည်း ယုတ္တိ ကျပါသည်။ဘုရားသခင်သည် ဖြောင့်မတ်စင်ကြယ်သည်။လူဆိုးလူယုတ်မာများကို အရေးယူအပြစ်ပေးသည်။ ယောဘ၏ ဆင်းရဲဒုက္ခရောက်ခြင်းသည် အပြစ်ဒုစရိုက်ကျူးလွန်မှု၏ရလာဒ်ဟုကောက်ချက်ချနိုင်ပါသည်။ သို့သော် စင်စစ်တွင်မူ ယောဘသည် ကောက်ကျစ်စဉ်းလဲသူမဟုတ်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။