ယောဘ၀တ္ထု - ၁၃

ယောဘ၏ကာကွယ်ပြောဆိုခြင်း
1ထိုအမှုအရာအလုံးစုံတို့ကို ငါ့မျက်စိသည် မြင်ပြီ။ ငါ့နားသည်လည်း ကြား၍ နားလည်ပြီ။ 2သင်တို့သိသမျှကို ငါသိ၏။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ်။ 3အနန္တတန်ခိုးရှင်အား ငါလျှောက်ရသောအခွင့်၊ ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့် ရှိပါစေသော။ 4သင်တို့သည် တစ်ယောက်မျှမကြွင်း၊ မုသားကို ပြုပြင်သောသူ၊ အသုံးမရသောဆေးသမား ဖြစ်ကြ၏။ 5သင်တို့သည် စကားတစ်ခွန်းကိုမျှ မပြောဘဲ တိတ်ဆိတ်စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည်။
6ငါပြောမည် အကျိုးအကြောင်းစကားကို နားထောင်ကြပါလော့။ ငါ့နှုတ်နှင့် ဆွေးနွေးနှီးနှောမည့် စကားကို နှလုံးသွင်းကြပါလော့။ 7သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော။ ဘုရားသခင့်ဘက်၌နေ၍ မုသားကိုသုံးချင်သလော။ 8မျက်နှာတော်ကိုထောက်လျက်သာ၊ ဘုရားသခင့်တစ်ဖက်၌နေ၍ ငြင်းခုံစစ်တိုက်ချင်သလော။ 9သင်တို့ကို ကျပ်တည်းစွာ စစ်တော်မူလျှင်၊ သင်တို့၌ ကျေးဇူးရှိလိမ့်မည်လော။ လူကိုလှည့်စားသကဲ့သို့ ဘုရားသခင်ကို လှည့်စားနိုင်သလော။ 10သင်တို့သည် လျှို့ဝှက်၍ သူ့မျက်နှာကိုထောက်လျှင်၊ စင်စစ် သင်တို့ကို ဆုံးမတော်မူမည်။ 11သင်တို့သည် တန်ခိုးအာနုဘော်တော်ကြောင့် မကြောက်ကြသလော။ ကြောက်မက်ဖွယ်သော ဂုဏ်တော်ကြောင့် မထိတ်လန့်ကြသလော။ 12သင်တို့၏ နည်းဥပဒေသစကားသည် မြေမှုန့်ထက် သာ၍ပေါ့၏။ သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ်၏။ 13တိတ်ဆိတ်စွာနေ၍ ငါပြောပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက်ပါလေစေ။ 14သို့သော်လည်း ငါသည် ကိုယ်အသားကို ပါးစပ်နှင့်ကိုက်ချီလျက်၊ ကိုယ်အသက်ကိုလည်း လက်နှင့်ကိုက်လျက် ဆောင်သွားမည်။ 15ငါ့ကိုသတ်တော်မူ၍၊ ငါမျှော်လင့်စရာမရှိသော်လည်း၊ ရှေ့တော်၌ ကိုယ်အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည်။ 16ထိုသို့ပြုလျှင် ငါ၏ကယ်တင်ရာအကြောင်း ဖြစ်လိမ့်မည်။ အဓမ္မလူသည် အထံတော်သို့မဝင်ရ။ 17ငါ့စကားကို စေ့စေ့မှတ်ကြလော့။ ငါ့လျှောက်ထားချက်ကို နားထောင်ကြလော့။ 18ယခုငါ့အမှုကို ငါပြင်ဆင်ပြီ။ ငါ၌အပြစ်လွတ်ခြင်း ထင်ရှားမည်ဟု ငါသိ၏။ 19ငါ့အပြစ်ကို ဖော်ပြမည့်သူကား၊ အဘယ်သူနည်း။ ထိုသို့ဖော်ပြလျှင် ငါသည် တိတ်ဆိတ်စွာနေ၍ အသေခံပါမည်။
20ဒဏ်ခတ်ခြင်းနှစ်ပါးကိုသာ လျှော့တော်မူပါ။ ထိုသို့လျှော့လျှင် ကိုယ်တော်ကို မရှောင်ပါ။ 21လက်တော်ကို သိမ်းတော်မူပါ။ ကြောက်မက်ဖွယ်သော အခြင်းအရာတော်အားဖြင့် အကျွန်ုပ်ကို ခြောက်တော်မမူပါနှင့်။ 22ထိုအခါ ခေါ်တော်မူပါ။ အကျွန်ုပ် ပြန်လျှောက်ပါမည်။ သို့မဟုတ် အကျွန်ုပ်သည် အရင်လျှောက်ပါမည်။ ကိုယ်တော် အမိန့်ရှိတော်မူပါ။ 23အကျွန်ုပ်ပြုမိသော ဒုစရိုက်အပြစ်တို့သည် အဘယ်မျှလောက် များပါသနည်း။ အကျွန်ုပ်ပြစ်မှားကျူးလွန်ခြင်း အပြစ်တို့ကို ကျွန်ုပ်အား ပြတော်မူပါ။ 24ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း။ 25လေတိုက်သော သစ်ရွက်ကို ခြောက်လှန့်တော်မူမည်လော။ မြက်ခြောက်ကိုမီအောင် လိုက်တော်မူမည်လော။ 26အကျွန်ုပ်၌ ပြင်းစွာ အပြစ်တင်သောစကားကို မှတ်ထားတော်မူ၏။ အကျွန်ုပ်အသက်ငယ်စဉ်တွင် ပြုမိသောအပြစ်ကြောင့် ယခုခံစေတော်မူ၏။ 27အကျွန်ုပ်ကို ထိတ်ခတ်လျက်၊ အကျွန်ုပ်ထွက်ရာလမ်း ရှိသမျှကို စောင့်လျက်နေ၍၊ အကျွန်ုပ်ပတ်လည်၌ စည်းလုပ်တော်မူ၏။ 28ထိုသို့ခံရသောသူသည် ဆွေးမြေ့သော အရာကဲ့သို့လည်းကောင်း၊ ပိုးရွကိုက်စားသော အဝတ်ကဲ့သို့လည်းကောင်း အားလျော့ပျက်ရပါ၏။

ယောဘ၀တ္ထု - ၁၃ (အနက်ဖွင့်)

၁၃:၁-၁၉ ယောဘက သူ့အခက်အခဲပြဿနာကိုစောကြောသည်။ သူ့တစ်သက်တာတွင် အထူးအဆန်းဟူ၍မတွေ့။ သူ့ခန္တာကိုယ်တွင်ခံစားရသော ဆင်းရဲဒုက္ခအား ဘုရားသခင်ထံတွင် ကိုယ်တိုင်လျှောက်ချင်သည်။ သူသည် ငြိမ်သက်နေလျှင်ပညာရှိဟုထင်တတ်ကြသည်။ သူ့ဆင်ခြေဆင်လက်များသည် ဘုရားသခင်ရှေ့တွင်မခိုင်လုံပါ အားနည်းချက်များရှိသည် အတည်ယူ၍မရ။ သို့သော် ယောဘသည် သူ့စကားအား သက်သေထား၍ ဘုရားသခင်ရှေ့တွင်အစစ်ခံရဲသည်။ ဘုရားသခင်က သူ့အားသေဒဏ် ပေးလျှင်လည်း ယုံကြည်ခြင်းသစ္စာပျက်မည်မဟုတ်။

၁၃:၂၀-၂၈ ၁၃:၂ဝ မှ ၁၄:၂၂ သည် ယောဘက ဘုရားသခင်သို့ တိုင်တည်သောစကားဖြစ်သည်။အနာရောဂါ သက်သာစေရန်နှင့် အဘယ်ကြောင့် ထိုကဲ့သို့ နာကျင်စေသည့်အကြောင်းမေးမြန်း လျှောက်လဲသည်။ သူ့ဘဝသည် ပိုးရွကိုက်စားသောအဝတ်အစားကဲ့သို့ စုတ်ပြတ်နွမ်းပါးသည်။

ယောဘ၏စကားကို Francis Anderson ကဤသို့ဆိုသည်.

ယောဘသည် သူ့မိတ်ဆွေများထက် သူ့ကိုယ်သူအား ပို့၍ဖြောင့်မတ်သူ၊ အတွေးအခေါ်ရှိသူဟုခံယူထားသည်။ သူ့အတွေးအခေါ်များသည် ဘုရားသခင်ကို ဗဟိုပြုသည်။ ဧလိဖတ်၊ ဗိလဒတ် နှင့် ဇောဖာတို့သည် ဘုရားသခင်ကို သိဟန်ရှိသည်တူသော်လည်း အပေါ်ယံကြောမျှသာဖြစ်သည်။ ယောဘက ယုံကြည်မှန်ဖြစ်သည်။၁၅

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။