ယောဘ၀တ္ထု - ၁၁

ဇောဖာမြွက်ဆိုခြင်း
1နေမတ်အမျိုးသား ဇောဖာမြွက်ဆိုသည်ကား၊ 2စကားများ၍ အကျိုးရှိသည်မဟုတ်။ နှုတ်သီးကောင်းသောသူသည် မိမိအပြစ်နှင့် လွတ်ရမည်လော။ 3သင်ပြောသော မုသားစကားကြောင့် သူတစ်ပါးတို့သည် တိတ်ဆိတ်စွာနေရမည်လော။ သင်ကဲ့ရဲ့သောအခါ အဘယ်သူသည် အရှက်မကွဲဘဲနေရမည်နည်း။ 4သင်က၊ ငါ့စကားဖြောင့်၏။ ဘုရားသခင့်ရှေ့တော်၌ ငါသန့်ရှင်း၏ဟု ဆိုမိပြီ။ 5ဘုရားသခင် မိန့်တော်မူပါစေ။ သင့်တစ်ဖက်၌ နှုတ်တော်ကို ဖွင့်တော်မူပါစေ။ 6နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။
7သင်သည် ဘုရားသခင်၏ဇာတိတော်ကို စစ်၍တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ ဇာတိကိုစစ်၍ အကုန်အစင် နားလည်နိုင်သလော။ 8မိုးကောင်းကင်ကို မီသည်ဖြစ်၍ သင်သည် အဘယ်သို့ပြုနိုင်သနည်း။ မရဏနိုင်ငံထက် နက်သည်ဖြစ်၍ သင်သည်အဘယ်သို့ သိနိုင်သနည်း။ 9အတိုင်းအရှည်သည် မြေကြီးကိုလွန်လျက် သမုဒ္ဒရာထက်သာ၍ ကျယ်ဝန်းလျက်ရှိ၏။ 10ဘုရားသခင်သည် ဖမ်းဆီးချုပ်ထား၍ စစ်ကြောတော်မူလျှင် အဘယ်သူဆီးတားနိုင်သနည်း။ 11ဘုရားသခင်သည် ဆိုးသောသူတို့၏သဘောကို သိတော်မူ၏။ သူတို့အမှတ်တမဲ့ပြုသော ဒုစရိုက်ကို သိမြင်တော်မူ၏။ 12သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ၊ လူမိုက်သည် ပညာသတိရလိမ့်မည်။
13သင်သည် စိတ်နှလုံးကိုပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်လည်းကောင်း၊ 14သင်ပြုသောဒုစရိုက်ကို ပယ်၍ သင့်အိမ်၌ ဆိုးညစ်သောအမှုကို လက်မခံလျှင်လည်းကောင်း၊ 15အညစ်အကြေးနှင့်ကင်းလွတ်သော မျက်နှာကို ပြရလိမ့်မည်။ စိုးရိမ်စရာအကြောင်းမရှိ၊ တည်ကြည်လိမ့်မည်။ 16ခံပြီးသောဒုက္ခဆင်းရဲကို မေ့လျော့လိမ့်မည်။ လွန်သွားပြီးသော ရေကိုကဲ့သို့ အောက်မေ့လိမ့်မည်။ 17သင်၏အသက်သည် မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်သော်လည်း နံနက်ကဲ့သို့လင်းလိမ့်မည်။ 18မျှော်လင့်စရာရှိသောကြောင့် မစိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်း လုံခြုံစွာငြိမ်ဝပ်လိမ့်မည်။ 19အိပ်သောအခါ အဘယ်သူမျှ မချောက်မလှန့်ရ။ လူများတို့သည် သင့်ကိုတောင်းပန်ကြလိမ့်မည်။ 20ဆိုးသောသူတို့၏မျက်စိသည် အားလျော့လိမ့်မည်။ သူတို့သည် ပြေး၍မလွတ်ရကြ။ သူတို့ မျှော်လင့်စရာအကြောင်းသည် အခိုးအငွေ့သက်သက် ဖြစ်သည်ဟု မြွက်ဆို၏။

ယောဘ၀တ္ထု - ၁၁ (အနက်ဖွင့်)

၆။ ဇောဖာ၏စကားဦး (အခန်း ၁၁)

၁၁း ၁-၁၂ နေမတ်သားဇောဖာသည် ငါးစိမ်းသည်ကဲ့သို့ ကက်ကက်လန်ပြန်ရန်တွေ့တတ်သော နူတ်သီးကောင်းသူဖြစ်သည်။ သူ့စကားကို အချက်ကျကျပြန်ဖြေရလောက်အောင် အနှစ်မရှိ။ ပေါက်လွှတ်ပဲစားစကားဖြစ်သည်။ ယောဘ၏တတိယမိတ်ဆွေ စကားကို Ridout က ဤသို့ဆိုသည်။

ဇောဖာသည် ကြက်တူရွှေးနှုတ်သီးပိုင်ရှင်ဖြစ်သည်။ ကက်ကက်လန့် နှုတ်လှန်ထိုးတတ်သည်။ မောရှေမိန်းမကဲ့သို မသိစိတ်တွင် ဘုရားတရား ပစ်မှားသူဖြစ်သည်။ ယောဘ၏ ခန္တာကိုယ်ပေါ်မှ အနာရောဂါများအား တမျိုးမြင်၍အပြစ်ရှာသူဖြစ်သည်။ ငှက်အနေဖြင့်ပြောရလျှင် သစ်တောက်ငှက်ကဲ့သို့ နာကျင်အောင် ထိုးဖောက်နိုင်သူဖြစ်သည်။၁၄

ယောဘက ဘုရားသခင်ပြုမူသောအမူအရာဟု မြင်သော်လည်း ဇောဖာကမူ ဆန့်ကျင်ဘက်အမျှော်အမြင်ရှိသည်။ ဘုရားတရားမရှိခြင်းက သူ့အားမေးခွန်းပေါင်းများစွာပြန်မေးစေသည်။ ငယ် ၁၂ သည် ပစ်ပစ်ခါခါ တစ်တစ်ခွခွပြောရက်သည်။ ဇောဖာက ယောဘအား သူ့စကားကို “မြည်ကလူမွေးဦးနောက် မရှိသော လူမိုက် (ယောဘ) လည်း အသိတရားဝင်လာလိမ့်မည်”ဟုဆိုသည်။

၁၁:၁၃-၂ဝ ယောဘအတွက်အကောင်းဆုံးနည်းလမ်းသည် အပြစ်ဒုစရိုက်များကို ဖယ်ရှားခြင်းဖြစ်သည်။ သို့မသာလျှင် ဘုရားသခင်က ငြိမ်သက်ချမ်းသာခြင်းပေးမည်။ သို့မဟုတ်လျှင်မူကား ပျက်စီးခြင်းမှ လွတ်မြောက်ရာလမ်းမရှိ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

[post-views]

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။