ယေရမိအနာဂတ္တိကျမ်း - ၅

ယေရုရှလင်မြို့၏အပြစ်
1ယေရုရှလင်မြို့ကို အပြစ်မှငါလွှတ်မည်အကြောင်း၊ တရားသဖြင့်ကျင့်သော မြို့သား၊ သစ္စာစောင့်သော မြို့သား တစ်စုံတစ်ယောက်မျှရှိလျှင်၊ ထိုသူကိုတွေ့အံ့သောငှာ၊ မြို့လမ်းတို့၌ တောင်မြောက်ပြေး၍၊ ကျယ်သောအရပ်တို့၌ ရှာဖွေကြည့်ရှုကြလော့။ 2သူတို့က၊ ထာဝရဘုရား အသက်ရှင်တော်မူသည်ဟု ဆိုသော်လည်း၊ အကယ်စင်စစ် မဟုတ်မမှန် ကျိန်ဆိုတတ်ကြ၏။
3အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို ထောက်ရှုတော်မူသည် မဟုတ်လော။ ကိုယ်တော်သည် ဒဏ်ခတ်တော်မူသော်လည်း သူတို့သည် ညှိုးငယ်သောစိတ်မရှိကြပါ။ ဖျက်ဆီးတော်မူသော်လည်း၊ သူတို့သည် ဆုံးမခြင်းကို ငြင်းပယ်ကြပါပြီ။ မိမိတို့မျက်နှာကို ကျောက်ထက်သာ၍မာစေကြပါပြီ။ ငါတို့သည် ပြန်၍မလာဟု ငြင်းဆန်လျက် နေကြပါပြီ။ 4ငါကလည်း၊ အကယ်စင်စစ် ဤသူတို့သည် ဆင်းရဲသားဖြစ်ကြ၏။ ထာဝရဘုရား၏တရားတော်ကိုလည်းကောင်း၊ မိမိတို့ ဘုရားသခင် စီရင်တော်မူရာကိုလည်းကောင်း၊ မသိသောကြောင့် မိုက်ကြ၏။ 5လူကြီးများထံသို့ ငါသွား၍ပြောမည်။ သူတို့သည် ထာဝရဘုရား၏ တရားတော်ကိုလည်းကောင်း၊ မိမိတို့ဘုရားသခင် စီရင်တော်မူရာကိုလည်းကောင်း သိကြ၏ဟု ဆိုသော်လည်း၊ သူတို့သည် ထမ်းပိုးတော်ကို ချိုး၍၊ အနှောင်အဖွဲ့တော်တို့ကို ဖြတ်ကြပြီ။ 6ထိုကြောင့်၊ တောမှလာသော ခြင်္သေ့သည် သူတို့ကိုသတ်လိမ့်မည်။ ညဉ့်ဦးယံ၌ လည်တတ်သော တောခွေးသည် သူတို့ကို ကိုက်စားလိမ့်မည်။ ကျားသစ်သည် သူတို့မြို့ကိုစောင့်၍၊ မြို့ပြင်သို့ ထွက်သွားသောသူ အပေါင်းတို့ကို အပိုင်းပိုင်းဖြတ်လိမ့်မည်။ အကြောင်းမူကား၊ သူတို့ပြစ်မှားသော အပြစ်များ၍၊ အကြိမ်ကြိမ် အထပ်ထပ် ဖောက်ပြန်ကြပြီ။
7ထိုသို့သောအပြစ်မှ သင့်ကို အဘယ်သို့ ငါလွှတ်နိုင်သနည်း။ သင်၏သားသမီးတို့သည် ငါ့ကိုစွန့်၍၊ ဘုရားမဟုတ်သော သူတို့ကို တိုင်တည်လျက် ကျိန်ဆိုကြပြီ။ ငါသည် ဝစွာကျွေးသောအခါ သူတို့သည် ပြည်တန်ဆာအိမ်၌ စည်းဝေး၍ မှားယွင်းကြပြီ။ 8ဝစွာစားရသော မြင်းကဲ့သို့ဖြစ်၍၊ အသီးအသီးအိမ်နီးချင်းမယားတို့ကို တပ်သောစိတ်နှင့် ဟီကြပြီ။ 9ထိုသို့သောအပြစ်တို့ကို ငါသည် မစစ်ကြောဘဲနေရမည်လော။ ထိုသို့သောအမျိုးကို ဒဏ်ပေး၍၊ ငါ့စိတ်ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
10မြို့ရိုးပေါ်သို့တက်၍ ဖျက်ဆီးကြလော့။ ပျက်စီးခြင်းကို မစဲစေကြနှင့်။ ခြေလက်တို့ကို ပယ်ရှင်းကြလော့။ ထာဝရဘုရား ဆိုင်တော်မမူ။ 11ဣသရေလအမျိုးနှင့် ယုဒအမျိုးတို့သည် ငါ့ထံ၌ခံဖူးသော သစ္စာကိုဖျက်ကြပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
ဣသရေလကိုပစ်ပယ်ခြင်း
12သူတို့က၊ ထာဝရဘုရားမရှိ။ ငါတို့အပေါ်၌ ဘေးဥပဒ် မရောက်ရ။ ဓားဘေး၊ မွတ်သိပ်ခြင်းဘေးကို ငါတို့သည် မတွေ့ရကြ။ 13ပရောဖက်တို့သည် လေသက်သက် ဖြစ်ကြ၏။ သူတို့၌ နှုတ်ကပတ်တော် မရှိ။ သူတို့ ဟောပြောသည်အတိုင်း သူတို့ခံရလိမ့်မည်ဟု ထာဝရဘုရားကို ငြင်းပယ်လျက် ဆိုတတ်ကြ၏။ 14သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် ထိုသို့ဆိုသောကြောင့်၊ ငါ့စကားကို သင်၏နှုတ်၌ မီးကဲ့သို့လည်းကောင်း၊ ဤလူမျိုးကို ထင်းကဲ့သို့လည်းကောင်း ငါဖြစ်စေ၍ သူတို့ကို မီးလောင်ရလိမ့်မည်။ 15ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဣသရေလအမျိုး၊ သင့်ကို တိုက်စေဖို့ လူတစ်မျိုးကို ဝေးသောအရပ်က ငါဆောင်ခဲ့မည်။ အားကြီးသောအမျိုး၊ ရှေးကာလ၌ ဖြစ်ဖူးသောအမျိုး၊ သူတို့စကားကို သင်မသိ နားမလည်သောအမျိုး ဖြစ်လိမ့်မည်။ 16သူတို့ မြားတောင့်သည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်၏။ ထိုသူအပေါင်းတို့သည် ခွန်အားကြီးသောသူ ဖြစ်ကြ၏။ 17ထိုသူတို့သည် သင်၏အသီးအနှံနှင့် သင်၏မုန့်ကိုစားကြလိမ့်မည်။ သင်၏သားသမီးတို့ကိုလည်း စားကြလိမ့်မည်။ သင်၏သိုးနွားတို့ကိုလည်း စားကြလိမ့်မည်။ သင်၏စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကိုလည်း စားကြလိမ့်မည်။ သင်ခိုလှုံ၍ ခိုင်ခံ့သောမြို့တို့ကိုလည်းတိုက်၍ လုပ်ကြံကြလိမ့်မည်။ 18သို့ရာတွင်၊ ထိုကာလ၌ ငါသည် သင်၏အမှုကို မဆုံးဖြတ်သေးဟု ထာဝရဘုရားမိန့်တော်မူ၏။ 19သူတို့ကလည်း၊ ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ငါတို့၌ ဤအမှုအလုံးစုံတို့ကို အဘယ်ကြောင့် စီရင်တော်မူသနည်းဟု မေးကြသောအခါ၊ သင်တို့သည် ငါ့ကိုစွန့်ပစ်၍၊ ကိုယ်ပိုင်သောပြည်၌ တစ်ကျွန်းတစ်နိုင်ငံဘုရားတို့၏အမှုကို ဆောင်ရွက်သကဲ့သို့၊ ကိုယ်မပိုင်သောပြည်၌ တစ်ကျွန်းတစ်နိုင်ငံသားတို့၏အမှုကို ဆောင်ရွက်ရကြလိမ့်မည်ဟု၊ သင်သည် သူတို့အားဆင့်ဆိုရမည်။
လူမျိုးတော်ကိုသတိပေးခြင်း
20ယာကုပ်အမျိုးနေရာ ယုဒပြည်၌ ဟောပြောကြွေးကြော်ရမည်မှာ၊ 21အို မျက်စိရှိလျက်နှင့် မမြင်၊ နားရှိလျက်နှင့် မကြား၊ ဉာဏ်မဲ့သောလူမိုက်တို့၊ နားထောင်ကြလော့။ 22ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပင်လယ်မလွန်နိုင်အောင် ဆီးတားဖို့ရာ သဲကို ထာဝရအပိုင်းအခြားခန့်ထားသောငါကို သင်တို့သည် မကြောက်ကြသလော။ ငါ၏ရှေ့တော်၌ မတုန်လှုပ်ကြသလော။ ပင်လယ်လှိုင်းတံပိုးတို့သည် ထ၍မနိုင်၊ ဟုန်း၍ မကျော်မလွန်နိုင်သော်လည်း၊ 23ဤလူမျိုးသည် ပြစ်မှားပုန်ကန်သောသဘောရှိ၍၊ အစဉ်ပုန်ကန်တတ်ကြ၏။ 24အချိန်တန်မှ အရင်မိုးနှင့် နောက်မိုးကိုရွာစေ၍၊ အသီးအနှံသိမ်းမြဲသိမ်းရာကာလကို ငါတို့အဖို့သိုထားတော်မူသော ငါတို့၏ ဘုရားသခင်ထာဝရဘုရားကို ယခုကြောက်ကြကုန်အံ့ဟု၊ သူတို့သည် စိတ်နှလုံးထဲ၌ မဆိုတတ်ကြ။ 25သင်တို့ဒုစရိုက်သည် ထိုသို့သောအရာတို့ကိုလွှဲ၍၊ သင်တို့အပြစ်သည် သင်တို့၏မင်္ဂလာကို ဆီးတားလေပြီ။ 26ဝပ်လျက်နေသော မုဆိုးကဲ့သို့ ချောင်းမြောင်းသော လူဆိုးတို့သည် ငါ၏လူတို့တွင်ရှိကြ၏။ လူတို့ကိုထောင်ခြင်းငှာ ထောင်ချောက်ကိုထားကြပြီ။ 27ငှက်ထောင်အိမ်သည် ငှက်တို့နှင့် ပြည့်သကဲ့သို့၊ သူတို့အိမ်သည် လှည့်စားခြင်းပရိယာယ်နှင့် ပြည့်၏။ ထိုသို့ သူတို့သည် အားတိုးပွား၍ ရတတ်ခြင်းသို့ရောက်ကြ၏။ 28ဝလျက်၊ မျက်နှာပြောင်လျက်ရှိကြ၏။ ဆိုးသောသူတို့ထက် သာ၍ ဆိုးကြ၏။ တရားသဖြင့် မစီရင်ကြ။ မိဘမရှိသော သူငယ်၏အမှုကိုစောင့်၍ အနိုင်မပေးကြ။ ဆင်းရဲသောသူဘက်၌ တရားသဖြင့် မစီရင်ကြ။ 29ထိုသို့သော အပြစ်တို့ကို ငါသည် မစစ်ကြောဘဲနေရမည်လော။ ထိုသို့သော အမျိုးကိုဒဏ်ပေး၍၊ ငါစိတ်ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
30အံ့ဩရွံရှာဖွယ်သောအမှုကို ပြည်တော်၌ ပြုကြ၏။ 31ပရောဖက်တို့သည် မဟုတ်မမှန်ဟောပြောကြ၏။ ယဇ်ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရကြ၏။ ထိုသို့သောအမှုကို ငါ၏လူတို့သည် နှစ်သက်ကြ၏။ ထိုအမှုဆုံးသောအခါ သင်တို့သည် အဘယ်သို့ပြုကြလိမ့်မည်နည်း။

ယေရမိအနာဂတ္တိကျမ်း - ၅ (အနက်ဖွင့်)

(ယုဒတို့၏ အပြစ်ဒုစရိုက်တရား စီရင်မည့်အကြောင်း (အခန်း၅)

: ယေရုရှလင်မြို့တွင် ဖြောင့်မတ်စင်ကြယ်သူ တစ်ယောက်မျှ ရှိလျှင် ယေရုရှလင်မြို့ကို တရားမစီရင်၊ အပြစ်ခွင့်လွှတ်မည်ဟု ဆိုသည်။ ယေရမိက လည်း ဆုံးမခြင်းကို မနာခံငြင်းပယ်သူများ၊ အသိတရား ခေါင်းပါးသူများ အကြား၌ တစ်ယောက်မှ ရှာမတွေ့။ ထို့ကြောင့် သတိတော်ပေးထားသည့်အတိုင်း ငတ်မွတ်နေသောခြင်္သေ့၊ ဝံပလွေရိုင်း၊ ကျားသစ်တို့၏ စီရင်ဆုံးမခြင်း ခံကြရတော့မည်။ တစ်ကြိမ်တခါက တိတော်ပြုထားသောလူများအပေါ်သို့ ဘုရားသခင်၏ သစ္စာတရားသည် ခိုင်မြဲပါသည်။ သံယောဇဉ် မဖြတ်နိုင်ပါ။ ခွင့်လွှတ်ဖို့ အမြဲတမ်း အဆင်သင့် ရှိသည်။ သို့သော် ယုဒများက “မှားမိပါသည်”ဟု ဝန်ခံခြင်း မပြု။  ဘုရားရှင်ကို သစ္စာဖောက် တရားတု၊ တရားယောင်၊ ရုပ်တုဆင်းတုနောက်သို့ တကောက်ကောက် ပါသွားကြသည်။ အကျင့်စာရိတ္တ ဖောက်ပြန်ကြပြီတကား။

(ယေရုရှလင်မြို့ ပျက်သုဉ်းမည့်အကြောင်း နိမိတ်ပေးခြင်း(အခန်း၆)

:၁၀၁၃ ရန်သူများအား ကျူးကျော် စီးနင်းခွင့်ပြုလိုက်ပြီ။ (သို့သော်  ပျက်စီးခြင်းကို မစဲစေနှင့်)။ ဣသရေလနှင့် ယုဒလူများသည် ဘုရားသခင်ကို ကြက်သီးမွှေးညှင်း ထအောင် ဆန့်ကျင်ငြင်းပယ်၍ ပရောဖက်များကလည်း လေသက်သက်ဟောကြသည်။

:၁၄၁၉ ယေရမိ၏ ဤပရောဖက်ပြုချက်သည် မီးကဲ့သို့ ပူပြင်းတောက်လောင်၍ လောင်စာကဲ့သို့သော လူအပေါင်းကို တောက်လောင်စေသည်။ ယုဒ  ပြည်အား သိမ်းပိုက်ဖျက်ဆီးပစ်ရန် ဗာဗုလုန်တို့ကြွချီလာကြပြီ။ သို့သော်လည်း ထိုချေမှုန်းသုတ်သင်ခြင်းသည် ယုဒပြည်အား ဆုံးခန်းတိုင် မရောက်စေသေးပါ။  မိမိနေရပ်ဌာနေတွင် တိုင်းတပါးလူမျိုးကြား ဘုရားတုကို  ကိုးကွယ်ကြသကဲ့သို့ ရပ်ဝေးမြေခြားတွင် ဘုရားစစ်ဘုရားမှန်ကို ပြန်လည်အောက်မေ့ ရှိခိုးကြမည့် အချိန်ရောက်လာဦးမည်။

:၂၀၃၁ ဘုရားသခင်၏ လူများထုံထိုင်းမိုက်ရိုင်းပုံသည် အံ့ဩလောက်သည်။ ပင်လယ်သမုဒ္ဒရာက နှုတ်ကပတ်တော်ကို နာခံသော်လည်း ဘုရားသခင်၏လူများက မနာခံ။ ကြောက်လန့်ရိုသေခြင်း မရှိကြ မိုးဦး၊ မိုးနှောင်းရွာစေလျက် သီးနှံဖြစ်ထွန်းစေသောအရှင်သခင်ကို ချစ်ကြောက်ရမှန်း မသိကြ။ ထိုသို့ ဆိုးသွမ်းမိုက်ရိုင်းသူများကို ဘေးမဲ့လွှတ်ထား၍ မဖြစ်။ ကျောင်းမှန်းဂန်မှန်းသိအောင် ဆုံးမရမည်။ ဆန်ရင်းနာနာ ဖွတ်ရမည်။ အသုံးမကျ အပုန်ကန်မှုများကို လိမ္မာရေးခြားရှိအောင် ပြုပြင်တည့်မတ်ပေးရမည်။ ထိုအကြောင်းကို Kelly က ဤသို့မှတ်ချက်ပြုထားသည်။

ရွေးချယ်တော်မူသောလူမျိုး၏ မိုက်ကန်းမှုသည် ဆုံးခန်းတိုင်သည်ရောက်ပြီဟု မထင်မှတ်။ “အံ့ဩကုန်နိုင်ဖွယ်ရာ ဆိုးမိုက်ကြသည်။  ပေရောဖက်များက အမှားမှားအယွင်းယွင်း ပြောချင်သမျှလျှောက်ပြောရကြသည်။ ယဇ်ပုရောဟိတ်များက စည်းစနစ် မထိန်းသိမ်းကြ။ သို့သော်လည်း ဘုရားသခင်၏ လူများက ထိုသူများကို ယုံစားနေကြဆဲ။ အဆုံးမှာ မည်သို့ ရှိကြမည်နည်း”( ငယ် ၃၀၊၃၁)

အကျင့်စာရိတ္တ၊ အယူအဆ ဖောက်ပြားမှောက်မှားကုန်ပြီ။  အဖတ်ဆယ်စရာမရှိတော့ပါ။  သို့သော်လည်း ဘုရားသခင်သည် ချက်ချင်းလက်ငင်း အပြစ်တရားမစီရင်သေး။၅

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။