ယေရမိအနာဂတ္တိကျမ်း - ၂၄

သင်္ဘောသဖန်းသီးတောင်းနှစ်လုံး
1ထာဝရဘုရား ပြတော်မူသောရူပါရုံဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင် ယောယကိမ်သား ယေခေါနိမင်းအစရှိသော ယုဒမှူးမတ်များ၊ လက်သမား၊ ပန်းပဲသမားများတို့ကို ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောနောက်၊ ထာဝရဘုရား၏ ဗိမာန်တော်ရှေ့၌ထားသော သင်္ဘောသဖန်းသီး တောင်းနှစ်လုံးသည် ထင်ရှားလေ၏။ 2တောင်းတစ်လုံး၌ကား၊ အဦးမှည့်သော သင်္ဘောသဖန်းသီးကဲ့သို့ အလွန်ကောင်းသော သင်္ဘောသဖန်းသီးနှင့် ပြည့်လျက်ရှိ၏။ တစ်လုံး၌ကား၊ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးနှင့် ပြည့်လျက်ရှိ၏။ 3ထာဝရဘုရားကလည်း၊ ယေရမိ၊ သင်သည် အဘယ်အရာကို မြင်သနည်းဟုမေးတော်မူလျှင်၊ အကျွန်ုပ်သည် သင်္ဘောသဖန်းသီးကို မြင်ပါ၏။ ကောင်းသော သင်္ဘောသဖန်းသီးသည် အလွန်ကောင်းပါ၏။ ညံ့သောသင်္ဘောသဖန်းသီးသည် မစားနိုင်အောင် အလွန်ညံ့ပါသည်ဟု ပြန်လျှောက်၏။
4တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ 5ဤအရပ်မှ ခါလဒဲပြည်သို့ ငါစေလွှတ်၍ သိမ်းသွားခြင်းကို ခံရသော ယုဒအမျိုးသားတို့သည်၊ ဤကောင်းသော သင်္ဘောသဖန်းသီးကဲ့သို့ ဖြစ်ကြသည်ဟု ငါဝန်ခံမည်။ 6သူတို့၌ ကျေးဇူးပြုမည်ဟု ငါကြံစည်၍၊ ဤပြည်သို့ တစ်ဖန်ဆောင်ခဲ့ဦးမည်။ နောက်တစ်ဖန် မဖြိုမဖျက်ဘဲ တည်ဆောက်မည်။ မနုတ်မပယ်ဘဲ စိုက်ထားမည်။ 7ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၊ သူတို့သိနိုင်သော စိတ်နှလုံးကို ငါပေးမည်။ သူတို့သည် ငါ၏လူဖြစ်ကြ၍၊ ငါသည်လည်း သူတို့၏ဘုရားသခင် ဖြစ်လိမ့်မည်။ ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့နှင့် ပြန်လာကြလိမ့်မည်။ 8မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးကဲ့သို့၊ ငါသည် ယုဒရှင်ဘုရင်ဇေဒကိမှစ၍၊ မှူးတော်မတ်တော်၊ ဤပြည်၌ ကျန်ကြွင်းသော ယေရုရှလင်မြို့သား၊ အဲဂုတ္တုပြည်၌နေသော အမျိုးသားတို့ကို ဖြစ်စေမည်။ 9သူတို့သည် ငါနှင်ရာအရပ်ရပ်တို့၌ ကဲ့ရဲ့ခြင်း၊ ပုံခိုင်းခြင်း၊ ဆဲရေးခြင်း၊ ကျိန်ခြင်းတို့ကို ခံရမည်အကြောင်း၊ ငါသည် မြေပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့၌ နှောင့်ယှက်ညှဉ်းဆဲခြင်းသို့ သူတို့ကို အပ်လိုက်မည်။ 10သူတို့နှင့် သူတို့၏ ဘိုးဘေးတို့အား ငါပေးသောပြည်မှ၊ သူတို့ကို မပယ်ရှင်းမီတိုင်အောင် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးကို သူတို့ရှိရာသို့ ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း - ၂၄ (အနက်ဖွင့်)

၅။ ယေရုရှလင်မြို့ပျက်သုဉ်း၍ဗာဗုလုန်ကကျွန်ပြုမည့်ပရောဖက်ပြုချက် (အခန်း၂၄၂၉)

(ကသင်္ဘောသဖန်းပင်အတိတ်နိမိတ်(အခန်း၂၄)

၂၄: ဘုရားသခင်က ယေရမိအား ဗိမာန်တော်ရှေ့တွင် သင်္ဘောသဖန်းပင် အပြည့်ထည့်ထားသော ခြင်းတောင်း(၂)တောင်းကို ရူပါရုံ ပြသည်။ တစ်တောင်းသည် ကောင်းသောအသီးများ ဖြစ်၍ အခြားတစ်တောင်းသည် ပုပ်ပွသော အသီးများ ဖြစ်သည်။

ကောင်းသောအသီးသည် ဗာဗုလုန်သို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသော်လည်း ဘုရားသခင်ကို အောက်မေ့သောကြောင့် မိမိတို့နေရပ်ဌာနေသို့ ပြန်လာကြ သူများကို အဓိပ္ပာယ်ဖေါ်ဆောင်သည်။

၂၄:၁၀ ပုပ်ပွသော အသီးများမှာမူ ယုဒဘုရင်ဇေဒကိနှင့် နန်းမျိုးနန်းနွယ်များနှင့် ထိုမင်းယုတ်လက်ထက်တွင် ပြည်နှင်ဒဏ်ခံကြသူများကို သရုပ်ဖော်သည်။ ထိုပြည်နှင်ဒဏ် ခံရသူများအနက် အချို့သည် မွေးရပ်မြေသို့ ပြန်လည်ရောက်ရှိကြသော်လည်း အချို့သည်ဓားစာ၊ အငတ်ဘေးနှင့် ရောဂါဘယဆိုးကြောင့် ဘဝပျက်ကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။