ယေရမိအနာဂတ္တိကျမ်း - ၂၃
ယေရမိအနာဂတ္တိကျမ်း - ၂၃ (အနက်ဖွင့်)
(ဆ) ပရောဖက်ပြုချက်နှင့် မှန်ကန်သောမင်း (၂၃:၁–၈)
ဘုရားသခင်၏ လူသားများအား ပြုစုစောင့်ရှောက်ရန် တာဝန်ပျက်ကွက်ကြသောကြောင့် အုပ်စိုးသူမင်း (သိုးထိန်း)များ ပြစ်တင်ရှုတ်ချခြင်း ခံကြရသည်။ သို့သော်လည်း ကျန်ကြွင်းသောလူနည်းစုများကို ဘုရားသခင်က ပြန်လည်စုစည်း၍ သစ္စာရှိသောသိုးထိန်းများ ပေးမည်။ အကြီးဆုံးသိုးထိန်း မေရှိယအား ဘုရင်အဖြစ် ပေးမည်။ ထိုအကြောင်းနှင့် ဆက်နွယ်၍ ယနေ့ယုံကြည်သူ လူများအား Kellyက ဤသို့ သတိပေးထားသည် လူကြိုက်မများသော်လည်း မရှိမဖြစ် လိုအပ်ချက်ဖြစ်၍ မှတ်သားပါ။
ဤပရောဖက်ပြုချက်သည် မေရှိယသခင် ယေရှုအကြောင်း ဖြစ်သည်။ သို့သော်လည်း မေရှိယသခင်သည် ယေရှုဖြစ်ကြောင်း ဣသရေလများလောက် နှီးနွယ်ပတ်သက်ခြင်း မရှိကြ။ ဤအချက်သည် အဓိကအရေးကြီးသောအချက် ဖြစ်သည်။ မမေ့ပျောက်ဖို့ လိုသည်။ အကယ်၍ ထိုပရောဖက်ပြုချက်သည် ယနေ့ခရစ်ယာန်များ၏ ယုံကြည်ခြင်းနှင့် မပတ်သက်၊ အသင်းတော်၌ လက်တွေ့ မကျင့်သုံးလျှင် မှားယွင်းချွတ်ချော်သည်။ ရိုးသားဖြောင့်မတ်ခြင်းသည် တစ်လောကလုံးတွင် အကောင်းဆုံးသော လမ်းစဉ် ဖြစ်သည်။ သင့်နီးနားချင်းများအတွက် အနာမခံ၊ အကောင်းမပြဘဲ၊ မည်သည့်အရာမှ အကျိုးရလာဒ်မရနိုင်။ သင့်အိမ်နီးနားချင်းက တစုံတစ်ခုငြူစူလာလျှင် ဆုံးရှုံးပြီသာမှတ်။ လူမှုပတ်ဝန်းကျင်တွင် ထိုကဲ့သို့ ကြုံတွေ့ရသကဲ့သို့ ဝိညာဉ်ရေးရာနယ်ပယ်တွင်လည်း ရှိသည်။ ပို၍ အရေးပါသည်။ ဣသရေလလူများထဲသို့ မဝင်ကြည့်လျှင် ဣသရေလတို့၏ ဆိုးညစ်မှု၊ လိမ်လည်ကောက်ကျစ်မှုကို နားလည်နိုင်မည် မဟုတ်။၂၆
အပိုဒ်ငယ်(၅)တွင် မေရှိယကို ဒါဝိဒ်၏ အညွှန့်(သားတော်)ဟု၎င်း၊ ဇာ ၃:၈ တွင် “ငါ၏ ကျွန်တည်းဟူသောအညွှန့်” ဟု၎င်း၊ ဇာ ၆:၁၂တွင် “အညွှန့်အမည်ရှိ သောသူ” ဟု၎င်း၊ ဟေရှာ ၄:၂တွင် “ထာဝရဘုရား၏အညွှန့်” ဟု၎င်း ဖော်ညွှန်းထားသည်။ ထိုကျမ်းချက်(၄)ပိုဒ်ကို အာဘော်ယူ၍ ဓမ္မသစ်ကျမ်းတွင် ရှင်ဘုရင်၊ အစေခံ၊ လူသားတော်၊ ဘုရားသားတော်အဖြစ် ပုံဖော်ကြသည်။
“ဘုရားသခင်သည် ဖြောင့်မတ်စင်ကြယ်သည်” ကယ်တင်ရှင်ဘုရား ဖြစ်သောကြောင့် ယေဟောဝါဇေဒကနု (ငယ်၆)ဟု ခေါ်ကြသည်။ ယေဟောဝါဘုရား နာမတော်(၇)ခုမှ တစ်ခု ဖြစ်သည်။ M’CHEYNE ကယေဟောဝါဘုရားသခင်၏ နာမတော်ကြီးမြတ်ပုံကို ယေဟောဝါဇေဒကနု-ဖြောင့်မတ်စင်ကြယ်သောဘုရားသခင် ခေါင်းစဉ်ဖြင့် တေးသီချင်းစပ်ဆိုထားသည်။
ယေဟောဝါဇေဒကနု
ငါသည်ဘုရားသခင်၏ ကျေးဇူးတော်ခံစားရန် မထိုက် ငါ့အန္တရာယ်ကိုမမြင်၊ ငါဝန်ကိုမကြောက် သူငယ်ချင်းများက ကားတိုင်ပေါ်က ယေရှုအကြောင်းပြောပြသော်လည်း ယေဟောဝါဇေဒကနုသည်ငါ့ အတွက်မှန်းမသိခဲ့။
ဟေရှာယ၏ ကန္တရဘဝ၊ ယောဟန်၏ ရိုးရှင်းသောဘဝစာမျက်နှာ ဖတ်ရစဉ်အခိုက် စိတ်ချမ်းသာပျော်ရွှင်ခဲ့ရ။ ကားတိုင်ပေါ်မှ အသွေးတော်ကြောင်း ပြောပြကြသော်လည်း ယေဟောဝါဇေဒကနုသည် ငါ့အတွက် အဓိပ္ပာယ်မရှိ။
ဇိအုန်သမီးများနှယ် မျက်ရည်စများ တလိမ့်လိမ်စီးလျက် ငါ့ဝိညာဉ်များရွှဲရွှဲစိုအောင် ငိုကြွေးမိသည်။ ငါ့အပြစ်များကို ကားတိုင်တွင် သံမှိုနှက်ပစ်သော်လည်းယေဟောဝါဇေဒကနုသည် ငါ့အတွက်မဟုတ်။ မြင့်ရာအရပ်မှ ကျေးဇူးတော်အလင်း ထွန်းတောက်သောအခါ အလန့်တကြား နိုးထမိသည်။ သေချင်စိတ် ပေါက်မိသည်။ ခိုလှုံမှီတွယ်ရာမရှိ၊ လုံခြုံရာရှာမတွေ့၊ ယေဟောဝါဗေဒကနု ဘုရားရှင်သာ တတ်နိုင်သည်။
စိုးရိမ်ကြောက်လန့်စိတ်များ နာမတော်မျက်၌ ပျောက်လွင့်ကြ၊ ငါ့အပြစ်ဗလပွနှင့် ရောက်ရဲပြီ။ အခမဲ့ပေးသော သက်စမ်းရေသောက်ဖို့လေ၊ ယေဟောဝါဇေဒကနုသည် ငါ၏အရာခပ်သိမ်း ဖြစ်လေပြီ။ ယေဟောဝါဇေဒကနု၊ ငါ့ရတနာ၊ ငါ၏ ဝါးကြွားရာ ယေဟောဝါဇေဒကနု၊ ဘယ်သောအခါမှ မခွဲနိုင်အထံတော်မှ နေရလျှင်ရေဘေးမြေဒဏ် အရင်မြင်ပြီ။ငါ့လေး၊ ငါ့မြှား၊ ငါ့ဒိုင်း၊ ငါ့ချပ်ဝတ်တန်ဆာ။
သေမင်းအရိပ် ချိုင့်ဝှမ်းလွင်ပြင် အပြောကျယ်ပါစေ အသက်ရှူမပျက်ကျော်ဖြတ်မည်၊ ငါ၏အားနည်းချက်ကို ဘုရားရှင်တော် ဖြည့်ဆည်းပေးထား အသက်ထက်ဆုံးတိုင် ချီးမွမ်းမည်၊ ယေဟောဝါစေဒကနု
ROBERT MURRAY M’CHEYNE. ထိုမေရှိယသည် ဘုရားလူများအား နေရင်းဌာနသို့ ပြန်လည်ပို့ဆောင်မည့်သူ ဖြစ်သည်။
(ဇ) ပရောဖက်ပြုချက်နှင့် ယုဒမိစ္ဆာပရောဖက်များ(၂၃:၉–၄၀)
၂၃:၉–၂၂ အခန်းကြီး(၂၃)သည် ဣသရေလနှင့် ယေရုရှလင်တွင် လိမ်ညာလှည့်စားသော မိစ္ဆာပရောဖက်များ ရှုတ်ချသည့်သင်ခန်းစာ ဖြစ်သည်။ အကယ်၍ ဘုရား နှုတ်ကပတ်တော် နာခံခြင်း ရှိကြလျှင် ဘုရားသခင်၏ အပြစ်တရားစီရင်ခြင်းကို ကြောက်ရွံ့၍ အပြစ်ဒုစရိုက်များ ရပ်စဲကြလျှင်၊ နောင်ကာလတွင် ငြိမ်သက်ခြင်း ပြန်လည်ခံစားကြရမည်။ လက်ရှိ ပြုမူလုပ်ဆောင်ချက်များသည် ဘုရားသခင်အလိုတော်နှင့် ကင်းဝေးဆန့်ကျင်နေသည်။
၂၃:၂၃–၂၉ နေရာတိုင်းတွင် ရှိ၍ အရာခပ်သိမ်းကို သိရှိတော်မူသော သဗ္ဗုညုတဉာဏ်တော်ရှင် ဘုရားသခင်သည် မိစ္ဆာပရောဖက်များ၏ စိတ်ကူးအကြံအစည်များကို သိမြင်သည်။ လူသူများအား ရုပ်တုဆင်းတု ကိုးကွယ်ရန် ဖျားယောင်း သွေးဆောင်ကြပုံကို သိသည်။ ဗာလ ပရောဖက်များ၏ စကားသည် အိပ်မက်စကားများသာ ဖြစ်သည်။ လေပွေစကားများသာ ဖြစ်သည်။ ဘုရားသခင်၏ စကားတော်နှင့်ပင် မနှိုင်းအပ်။ ဘုရားရှင်၏ နှုတ်ကပတ်တော်သည် မီးကဲ့သို့အလင်းရှိ၍၊ ကျောက်ထုတူကဲ့သို့ အချိန်စီးသည်။ ဗာလပရောဖက်စကားသည် အဖျင်းဖြစ်၍ နှုတ်ကပတ်တော်သည် ဆန်စေ့ဖြစ်သည်။
၂၃:၃၀–၃၂ ဤဗာလမိစ္ဆာပရောဖက်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ပြဒါးတစ်လမ်းသံတစ်လမ်း ဖြစ်သည်။ ထိုအကြောင်းကို YATES က ဤ သို့ရှင်းပြသည်။
မိစ္ဆာပရောဖက်ဆရာများသည် ဘုရားသခင်၏ အမိန့်အာဏာဖြင့် ဟောကြားယောင်ဆောင်ကြသည်။ သို့သော်လည်း ပြောစကားများသည် ကောက်ကျစ် စဉ်းလဲခြင်းနှင့် မုသာစကားများ ဖြစ်သည်။ ပရောဖက် ယေရမိက အချက်(၃)ချက်ဖြင့် ထောက်ပြသည်။ ထိုသူများသည် ဘုရားသခင်ကို အမှန်တကယ်မသိရှိကြ။ အကျင့်စာရိတ္တ ညံ့ဖျင်းဖောက်ပြားသူများ ဖြစ်သည်။ ပရိတ်သတ်များထံသို့ ခွန်အားဆောက်တည်ဖွယ်ရာ တရားဒေသနာ မပေးကြ။ အပြစ်ဒုစရိုက် ကျူးလွန်တက်ကြွကြသည်။ နမော်နမဲ့ ဖြစ်ကတက်စမ်း လုပ်တတ်ကြသည်။ တာဝန်ဝတ္တရားများကိုလည်း အသေအချာ နားမလည်။ ဘုရားသခင် သိကျွမ်းရာတွင် အနိမ့်ဆုံးအလွှာများ ဖြစ်သည်။ ဘုရားသခင်၏ မြင့်မြတ်ခြင်း ဇာတိတော်ကို မသိနားမလည်းဘဲ အသံကုန် ဟစ်အော်ယုံမျှနှင့် ပရိသတ်များ မည်သို့ တရားမှန် သိရှိနိုင်ကြမည်နည်း။ ထိုလူများ ဟောကြားချက်ဖြင့် ဣသရေလများ မပျက်စီးလျှင် မည်သို့ ပျက်စီးနိုင်ကြမည်နည်း။၂၈
ထိုကဲ့သို့သော ပရောဖက်မျိုး ယနေ့ယုံကြည်သူများအကြားတွင်လည်း ရှိနေကြသည်ကို သတိပြုပါ။
၂၃:၃၃–၄၀ ထိုအခိုက်တွင် ပရိသတ်က ယေရမိအား “ဘုရားသခင်၏ ဗျာဒိတ်တော် အဘယ်နည်း” သိသာထင်ရှားအောင် ပြပါဟု စိန်ခေါ်ကြသည်။ ယေရမိကလည်း သင်တို့ပင်လျှင် ဘုရားသခင်၏ ဗျာဒိတ်တော်၊ ဝန်ထုပ်ဝန်ပိုးများ ဖြစ်သည်။ သင်တို့ကို ဘုရားသခင်အဆက်အသွယ် ဖြတ်တောက်မည်ဟု ဖြေသည်။ (ဝန်ထုပ်ဝန်ပိုးဟူသော စကားလုံး ဤနေရာတွင် မသုံးရန်တားမြစ်ထားသည်။ ထိုထက် ယဉ်ပါးနားခံလာသော ဗျာဒိတ်တော်ကို အစားထိုး သုံးခိုင်းသည်)။ အကယ်၍ နှုတ်ကပတ်တော် နာခံခြင်း မရှိကြလျှင် ပြင်းပြင်းထန်ထန် အရေးယူမည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။