ယေရမိအနာဂတ္တိကျမ်း - ၂၂

ယုဒမင်းမျိုးအတွက်ဗျာဒိတ်
1ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင်၏ နန်းတော်သို့သွား၍ ဆင့်ဆိုရမည်မှာ၊ 2ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ယုဒရှင်ဘုရင်၊ သင့်ကိုယ်တိုင်မှစ၍ သင်၏ကျွန်များနှင့်၊ ဤမြို့တံခါးတို့ဖြင့် ဝင်သော သင်၏လူများတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ 3ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရားသဖြင့် စီရင်၍ ဖြောင့်မတ်စွာ ဆုံးဖြတ်ကြလော့။ လုယူခြင်းခံရသော သူကို ညှဉ်းဆဲသောသူ၏လက်မှ ကယ်နုတ်ကြလော့။ ဧည့်သည်ဖြစ်သောသူ၊ မိဘမရှိသောသူ၊ မုဆိုးမတို့ကို မတရားသဖြင့်မပြု၊ မညှဉ်းဆဲကြနှင့်။ အပြစ်မရှိသောသူတို့ကို ဤအရပ်၌ မကွပ်မျက်ကြနှင့်။ 4အကြောင်းမူကား၊ သင်တို့သည် ဤပညတ်တော်အတိုင်း အမှန်ပြုလျှင်၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်တို့သည် ကျွန်များ၊ နိုင်ငံတော်သားများနှင့်တကွ၊ ဤနန်းတော်တံခါးများကို ထွက်ဝင်ရကြလိမ့်မည်။ 5သို့မဟုတ်၊ သင်တို့သည် ဤအမိန့်တော်ကို နားမထောင်ဘဲနေလျှင်၊ ဤနန်းတော်သည် လူဆိတ်ညံသောအရပ် ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရားသည် ကိုယ်ကိုကိုယ် တိုင်တည်၍ မိန့်တော်မူ၏။ 6ယုဒရှင်ဘုရင်၏ နန်းတော်ကို ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ငါ၌ ဂိလဒ်အရပ်ကဲ့သို့လည်းကောင်း၊ လေဗနုန်တောင်ထိပ် ကဲ့သို့လည်းကောင်း ဖြစ်သော်လည်း၊ အကယ်စင်စစ် ငါသည်သင့်ကို လူမနေသောမြို့ကဲ့သို့ တောဖြစ်စေမည်။ 7သင့်ကို ဖျက်ဆီးစေခြင်းငှာ၊ ဓားနှင့် ပုဆိန်ပါသော သူတို့ကိုငါပြင်ဆင်သဖြင့်၊ သူတို့သည် သင်၌ အမြတ်ဆုံးသော အာရဇ်ပင်တို့ကို ခုတ်လှဲ၍ မီးထဲသို့ချလိုက်ကြလိမ့်မည်။ 8လူအမျိုးမျိုးတို့သည် ဤမြို့အနားမှာလျှောက်သွားလျက်၊ ထာဝရဘုရားသည် ဤမြို့ကြီးကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု၊ တစ်ယောက်ကိုတစ်ယောက် မေးကြသည်ရှိသော်၊ 9ဤမြို့သားတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏ပဋိညာဉ်ကို စွန့်ပစ်၍၊ အခြားတစ်ပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်ကြသောကြောင့်၊ ဤသို့ပြုတော်မူသည်ဟု ပြန်ပြောကြလိမ့်မည်။
ယောရှိမင်း၏သားများအတွက်ဗျာဒိတ်
10သေသောသူအတွက် ငိုကြွေးမြည်တမ်းခြင်းကိုမပြုကြနှင့်။ အခြားတစ်ပါးသို့ သွားသောသူအတွက် ငိုကြွေးခြင်းကို ပြုကြလော့။ သူသည် နောက်တစ်ဖန် ပြန်၍မလာရ။ မိမိမွေးဖွားရာဌာနကို မမြင်ရ။ 11ခမည်းတော် ယောရှိမင်းကြီးအရာ၌စိုးစံ၍ ဤပြည်မှထွက်သွားသော ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သားရှလ္လုံကို ရည်မှတ်၍ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုမင်းသည် နောက်တစ်ဖန် ဤပြည်သို့ ပြန်၍မလာရ။ 12ရန်သူတို့သိမ်းသွားရာပြည်၌ပင် သေရလိမ့်မည်။ ဤပြည်ကို နောက်တစ်ဖန် မမြင်ရ။
ယောယကိမ်အတွက်ဗျာဒိတ်
13မတရားသောအမှုအားဖြင့် မိမိအိမ်ကိုလည်းကောင်း၊ အဓမ္မပြု၍ အထက်ခန်းတို့ကိုလည်းကောင်း ဆောက်သောသူ၊ အိမ်နီးချင်းကို အခမပေးဘဲစေစား၍၊ အလုပ်လုပ်သည်အတွက်ဆုမချသောသူသည် အမင်္ဂလာရှိ၏။ 14ကြီးသောအိမ်၊ ကျယ်သောအထက်ခန်းတို့ကို ငါဆောက်မည်ဟု ဆိုလျက်၊ ပြတင်းပေါက်ကို ဖောက်၍၊ အာရဇ်သစ်သားနှင့် မိုးပြီးမှ၊ ဟင်္သာပဒါးနှင့် ချယ်လှယ်ပြီတကား။ 15ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရဇ်သစ်သား၏ဂုဏ်ကို ကိုးစားသောကြောင့် စိုးစံရမည်လော။ သင်၏အဘသည် ဝစွာစားသောက်ရသည် မဟုတ်လော။ တရားသဖြင့် စီရင်ဆုံးဖြတ်သည် မဟုတ်လော။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။ 16သူသည် ဆင်းရဲငတ်မွတ်သော သူတို့အမှုကိုစောင့်၍ တရားသဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။ ငါ့ကိုသိသော အကျိုးမဟုတ်လော။ 17သင်၏မျက်စိနှင့် သင်၏နှလုံးမူကား၊ လောဘလွန်ကျူးခြင်း၊ အပြစ်မရှိသောသူကို သတ်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်းမှတစ်ပါး၊ အဘယ်အမှုကိုမျှ မမှတ်တတ်။ 18ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သား ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထိုမင်းသေသောအခါ လူများတို့က၊ ဩ ငါ့အစ်ကို၊ ဩ ငါ့နှမဟူ၍ မငိုကြွေးရကြ။ သူ၏အတွက်လည်း၊ ဩ သခင်၊ ဩ အရှင်မ၏ဘုန်းဟူ၍ မမြည်တမ်းရကြ။ 19ယေရုရှလင်မြို့ပြင်သို့ ဆွဲသွား၍ ပစ်ထားသဖြင့်၊ မြည်းကို သင်္ဂြိုဟ်သကဲ့သို့ ထိုမင်းကို သင်္ဂြိုဟ်ရလိမ့်မည်။
ယေရုရှလင်မြို့၏ကံကြမ္မာ
20လေဗနုန်တောင်ပေါ်သို့ တက်၍ ကြွေးကြော်လော့။ ဗာရှန်ပြည်၌ အော်ဟစ်လော့။ အာဗရိမ်အရပ်မှာ အသံကိုလွှင့်လော့။ အကြောင်းမူကား၊ သင်၏မိတ်ဆွေအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။ 21သင်သည် ကောင်းစားသောအခါ ငါသတိပေး၏။ သင်က၊ ငါနားမထောင်ဟု ပြန်ပြော၏။ ငယ်သောအရွယ်မှစ၍ ငါ့စကားကို နားမထောင်ဘဲ နေမြဲရှိ၏။ 22သင့်ကို ကျွေးမွေးသောသူအပေါင်းတို့ကို လေသည် စားလိမ့်မည်။ သင်၏မိတ်ဆွေတို့ကို ရန်သူတို့သည် သိမ်းသွားကြလိမ့်မည်။ ထိုအခါ သင်သည် ကိုယ်ပြုသမျှသော ဒုစရိုက်တို့ကြောင့် အမှန်ရှက်ကြောက်၍ စိတ်ပျက်ခြင်းရှိလိမ့်မည်။ 23အာရဇ်ပင်တို့၌ အသိုက်လုပ်တတ်သော လေဗနုန်တောင်သား၊ သားဖွားခြင်းဝေဒနာကို မိန်းမခံရသကဲ့သို့၊ သင်သည် နာကျင်ခြင်းဝေဒနာကိုခံရသောအခါ၊ အဘယ်မျှလောက် သနားဖွယ်ဖြစ်လိမ့်မည်တကား။
ခေါနိအပေါ်စီရင်ချက်
24ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒရှင်ဘုရင် ယောယကိမ်မင်းကြီး၏သား ခေါနိသည်၊ ငါ့လက်ယာလက်၌ပါသော တံဆိပ်လက်စွပ်မှန်သော်လည်း၊ ငါအသက်ရှင်သည်အတိုင်း သင့်ကို ငါပယ်ပစ်မည်။ 25သင့်အသက်ကို သတ်ချင်သောသူ၊ သင်အလွန်ကြောက်သောသူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းမှစ၍ ခါလဒဲလူတို့လက်သို့ ငါအပ်မည်။ 26သင့်ကိုလည်းကောင်း၊ သင့်ကိုဖွားမြင်သော သင်၏အမိကိုလည်းကောင်း၊ မွေးဖွားရာဌာန မဟုတ်သောပြည်သို့ ငါနှင်ထုတ်သဖြင့်၊ ထိုပြည်၌ သင်တို့သည် သေကြလိမ့်မည်။ 27ပြန်လိုသောပြည်သို့ နောက်တစ်ဖန်ပြန်၍မလာရကြ။ 28ဤမင်းသားခေါနိသည် ရိုသေဖွယ်မဟုတ်၊ ကျိုးပဲ့သောရုပ်တုဖြစ်သလော။ အဘယ်သူမျှ မနှစ်သက်သောတန်ဆာ ဖြစ်သလော။ သူနှင့်တကွ သူ၏သားမြေးတို့ကို နှင်ထုတ်၍၊ သူတို့မသိဖူးသောပြည်၌ အဘယ်ကြောင့် ချပစ်ရသနည်း။ 29အို မြေကြီး၊ မြေကြီး၊ မြေကြီး၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်လော့။ 30ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမင်းကို သားမရှိသောသူဟူ၍လည်းကောင်း၊ တစ်သက်လုံး မကောင်းစားသောသူ ဟူ၍လည်းကောင်း ရေးမှတ်လော့။ သူ၏သားမြေး တစ်စုံတစ်ယောက်မျှ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသောအခွင့်နှင့်၊ ယုဒပြည်ကို စိုးစံရသောအခွင့်မရှိရ။

ယေရမိအနာဂတ္တိကျမ်း - ၂၂ (အနက်ဖွင့်)

၂၂: အခန်း(၂၂)တွင် ယုဒဘုရင်(၄)ပါးအကြောင်း ပါရှိသည်။ သို့သော် နန်းရိုးစဉ်ဆက်အလိုက် မဟုတ်။ နန်းရိုးစဉ်ဆက်အရ ဆိုလျှင်ယေဟောဟပ်၊ ယေဟောကိမ်၊ ယေဟောချိန်၊ ဇေဒကိ ဖြစ်ရမည်။ တစ်နည်းအားဖြင့် နောက်ဆုံး ဘုရင်ကို ဦးစားပေး ဖော်ပြထားသည်။

ပထမဘုရင်ဇောကိလက်ထပ်တွင် တရားမျှတမှု၊ ဖြောင့်မတ်မှု ရှိသည်။ တစ်နည်းအားဖြင့် ယုဒဘုရင်များကို ပစားပေးသော်လည်း မင်းကျင့်တရားနှင့် မညီလျှင် ဂီလက်နှင့် လေဗနုန်ကဲ့သို့ ခြောက်သွေ့စေမည်။ အထူးသဖြင့် နောက်မင်း(၃) ပါးသည် စိတ်ပျက်ဖွယ်ရာများဖြင့် ဘဝနိဂုံးချုပ်ကြရမည်။

(ပရောဖက်ပြုချက်နှင့် ရှလုံမင်း(၂၂:၁၀၁၂)

ယောရှိ၏သား ဒုတိယမြောက် ရှင်ဘုရင် ရှလ္လုံမင်းကို ယေဟောဟပ်ဟုလည်း ခေါ်ကြသည်။ အဲဂုတ္တုပြည်သို့ သုံ့ပန်းအဖြစ် အဖမ်းခံသွားပြီး၊ မွေးရပ်မြေသို့ တဖန်ခြေချခွင့်မရဘဲ၊ ရပ်ဝေးမြေခြားတွင် နတ်ရွာစံသည်။

(ပရောဖက်ပြုချက်နှင့် ယောယကိမ်မင်း(၂၂:၁၃၂၃)

၂၂:၁၃၁၉ တတိယမြောက်ဘုရင် ယေဟောကိမ်မင်းသည်လည်း အလုပ်သမားများကို အခကြေးငွေ ခြူးတစ်ပြား မပေးဘဲ၊ နန်းတော် တည်ဆောက်သည်။  သူ့ခမည်းတော် ယောရှိမင်းပြသသော နမူနာကို အတုမယူ။ သို့ကြောင့်နတ်ရွာစံ သောအခါငိုမည့်သူ၊တမ်းတသူတစ်ယောက်မျှမရှိ။ နွားလားတိရစ္ဆာန်အသေ ကောင်များ မြေမြှုပ်သကဲ့သို့ သူ့အလောင်းကို ယေရုရှလင်မြို့ပြင်သို့ ဆွဲထုတ်၍ မြေမြှုပ်ကြသည်။

၂၂:၂၀၂၃ ယုဒပြည်သည် ကောင်းစားစဉ်အခါ ဘုရားမေ့ ကြသည်။ ဘုရားသခင်က သတိပေးသော်လည်း နားမဝင်ကြ။ သို့ကြောင့် ပြိုလဲပျက်စီးမည်။ ထိုအကြောင်းကို လေဗနုန်တောင်ပေါ်သို့ တက်၍ ဗာရှန်ပြည်နှင့် အာဗရိမ်သားများ ကြားအောင် မဟာမိတ်)နှင့် သိုးထိန်း (အုပ်စိုးသူအစိုးရမင်းဝ)များကို နေဗုခ်နေဇာမင်း ဖမ်းဆီးသွားမည်။ ယုဒပြည်သူပြည်သားများ ကိုယ်တိုင်လည်း နာကျင်စွာ ဝေဒနာခံစားကြရမည်။

(ပရောဖက်ပြုချက်နှင့် ယေဟောကိန်မင်း(၂၂:၂၄၃၀)

ခေါနိမင်း (ယေခေါနိ၊ ယေဟောချိန်ဟုလည်း ခေါ်သည်။ စတုတ္ထမြောက် ဘုရင်ဖြစ်၍ ဗာဗုလုန်သားများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည်။ ဗာဗုလုန်ပြည်တွင် နတ်ရွာစံသည်။ ထိုဘုရင်၏ ထီးမွေနန်းမွေဆက်ခံသူ မရှိသဖြင့် ဒါဝိဒ်မင်း၏ ရာဇပလ္လင်သည် စခန်းသိမ်းသွားသည်။ သားသမီး မထွန်းကားသဖြင့် ဦးလေးတော်သူ ဇေဒကိမင်းက ယုဒနောက်ဆုံးဘုရင်အဖြစ် ထီးမွေနန်းမွေ အရိုက်အရာ ဆက်ခံသည်။ ထိုအကြောင်းကို Charles H.Dyer က ဤသို့ ရှင်းပြသည်။

ဤမျိုးရိုးစဉ်ဆက် ပရောဖက်ပြုချက်ကို မ ၁နှင့် လု ၃တွင် ထပ်မံရှင်းပြထားသည်။ ရှင်မဿဲခရစ်ဝင်ကျမ်းတွင် ခရစ်တော်သည် မွေးစားဖခင်ယောသပ်၏ မျိုးနွယ်ဆက်မှ ဆင်းသက်လာပုံ ရှင်းပြထားသည်။ ယောသပ်သည် ယေဟောချိန် သားရှလတ္တိလ (ယေခေါနိ မ ၁:၁၂ နောက်ပိုင်း၊ ၅ရာ ၃:၁၇)မှ ဆင်းသက်လာသည်။ အကယ်၍ သခင်ယေရှုသည် ယောသပ်၏သား၊ ကညာစင်မှ မွေးဖွားသူမဟုတ်လျှင် ဣသရေလဘုရင် ဖြစ်လာစရာအကြောင်း မရှိ။ ရှင်လုကာခရစ်ဝင်ကျမ်းတွင် မူ လူ့ဇာတိအသွေးအသားမျိုးရိုးစဉ်ဆက်မှ ပေါက်ဖွားသော မယ်တော်မာရီ၏သား အဖြစ် ရှင်းပြသည် (၃:၃၁)။ သို့ကြောင့် ယေရှုသည် ကျိန်ခြင်းမင်္ဂလာ သင့်သောယေဟောချိန်မင်း၏ နန်းမျိုးနန်းနွယ်နှင့် တော်စပ်ခြင်းမရှိ။၂၅

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။