ယေရမိအနာဂတ္တိကျမ်း - ၂၁

ယေရုရှလင်မြို့အရေးနိမ့်မည်
1-2ဇေဒကိမင်းကြီးသည် မေလခိသား ပါရှုရနှင့်၊ ယဇ်ပုရောဟိတ် မာသေယသားဇေဖနိတို့ကို ယေရမိထံသို့ စေလွှတ်၍၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ငါတို့ကို စစ်တိုက်သည်ဖြစ်၍၊ သူ့ကိုငါတို့ထံမှ ပြန်သွားစေခြင်းငှာ၊ ထာဝရဘုရားသည် အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူသမျှအတိုင်း၊ ငါတို့၌ တစ်ဖန်ပြုတော်မူမည်အကြောင်း၊ ငါတို့အတွက် ထာဝရဘုရားကို တောင်းပန်ပါလော့ဟု မိန့်တော်မူသောအခါ၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ၍၊ 3ယေရမိက၊ သင်တို့သည် ဇေဒကိမင်းကြီးအားပြန်ပြောရမည်မှာ၊ 4ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့၏မြို့ပြင်မှာ တပ်စွဲ၍နေသော ဗာဗုလုန်ရှင်ဘုရင်၊ ခါလဒဲအမျိုးသားတို့ကို စစ်တိုက်လျက်၊ သင်တို့စွဲကိုင်သော လက်နက်များကို ငါလွဲစေမည်။ ထိုသူတို့ကို မြို့ထဲ၌ ငါစည်းဝေးစေမည်။ 5ငါ့ကိုယ်တိုင်လည်း အလွန်ပြင်းစွာထွက်သော အမျက်အရှိန်အားကြီး၍၊ ဆန့်သောလက်၊ သန်စွမ်းသောလက်ရုံးနှင့် သင်တို့ကို တိုက်မည်။ 6ဤမြို့၌နေသော လူသတ္တဝါ တိရစ္ဆာန်တို့ကို ငါသည်ဒဏ်ခတ်၍၊ ပြင်းစွာသောကာလနာဖြင့် သေရကြလိမ့်မည်။ 7ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနောက်မှ နာဘေး၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် လွတ်၍၊ ကျန်ကြွင်းသော မြို့သားတည်းဟူသော ယုဒရှင်ဘုရင်ဇေဒကိမှစ၍ သူ၏ကျွန်များ၊ သူ၏လူများတို့ကို၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသောရန်သူများ၊ သတ်ချင်သော သူများလက်သို့ ငါအပ်၍၊ ထိုမင်းသည် သနားခြင်းကရုဏာမရှိ၊ မစုံမက်၊ မနှမြောဘဲ၊ ဓားနှင့် ကွပ်မျက်လိမ့်မည်ဟု ဆင့်ဆိုလေ၏။
8ထာဝရဘုရားကလည်း၊ သင်သည် ဤလူမျိုးတို့အား ဆင့်ဆိုရသော ထာဝရဘုရား၏အမိန့်တော်ဟူမူကား၊ အသက်ရှင်ရာလမ်း၊ သေရာလမ်းတို့ကို သင်တို့ရှေ့မှာ ငါဖွင့်ထား၏။ 9ဤမြို့ထဲမှာနေသော သူသည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာခြင်းဘေးဖြင့် သေလိမ့်မည်။ မြို့ပြင်သို့ထွက်၍၊ မြို့ပြင်မှာ တပ်စွဲလျက်နေသော ခါလဒဲလူတို့ဘက်သို့ ဝင်စားသောသူသည် အသက်ချမ်းသာ၍ လုယူရသောဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်။ 10ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ကျေးဇူးပြု၍၊ အပြစ်ပြုခြင်းငှာ ငါသည်မျက်နှာထားသည်ဖြစ်၍၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ်သဖြင့်၊ သူသည် မီးရှို့လိမ့်မည်။
ဒါဝိဒ်အမျိုးသို့သတင်းစကား
11ယုဒရှင်ဘုရင်အမျိုးကို ရည်မှတ်၍၊ ထာဝရဘုရားမိန့်တော်မူသော စကားတော်ကို နားထောင်ကြလော့။ 12အို ဒါဝိဒ်မင်းကြီးအမျိုး၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ မဆိုင်းမလင့်၊ တရားသဖြင့် စီရင်ကြလော့။ လုယူခြင်းခံရသောသူကို ညှဉ်းဆဲသောသူ၏လက်မှ ကယ်နုတ်ကြလော့။ သို့မဟုတ်၊ သင်တို့ပြုသောဒုစရိုက်အပြစ်ကြောင့်၊ ငါ့အမျက်သည် မီးကဲ့သို့ဖြစ်၍၊ အဘယ်သူမျှမသတ်နိုင်အောင် လောင်လိမ့်မည်။ 13ထာဝရဘုရားမိန့်တော်မူသည်ကား၊ အို ချိုင့်၌နေသောသူ၊ အို လွင်ပြင်၌ရှိသောကျောက်၊ သင့်တစ်ဖက်၌ ငါနေ၏။ သင်တို့က၊ ငါတို့ကို အဘယ်သူ စစ်တိုက်နိုင်မည်နည်း။ ငါတို့နေရာထဲသို့ အဘယ်သူဝင်နိုင်မည်နည်းဟု ဆိုတတ်သော်လည်း၊ 14သင်တို့အကျင့်နှင့် ထိုက်လျောက်အောင် အပြစ်ဒဏ်ကိုငါပေးမည်။ သင်တို့တောကို ငါရှို့သောမီးသည်၊ ပတ်လည်၌ ရှိသမျှသောအရာတို့ကို လောင်လိမ့်မည်ဟု မိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း - ၂၁ (အနက်ဖွင့်)

()ပရောဖက်ပြုချက်နှင့်ဇေဒကိမင်း(၂၁:၂၂:)

၂၁: ဇောတိကမင်းက ပါရှုရ (အခန်း၂၀မှ ပါရှုရမဟုတ်၊ အခြားပါရှုရဖြစ်သည်) နှင့် ဇေဖနိ (ပရောဖက်ဇေဖနိမဟုတ်)တို့အား ဗာဗုလုန်သားများ လာရောက်တိုက်ခိုက်မည့်အကြောင်းကို ဘုရားသခင်ထံ ထပ်မံ မေးမြန်းခိုင်းသည်။ ပရောဖက် ယေရမိက ယခင်ပရောဖက်ပြုခဲ့သည့်အတိုင်း ဘုရားသခင်သည် ထိုဗာဗုလုန်သားဘက်တွင် ရပ်တည်၍ ယုဒပြည်ကိုအပြစ်ပေးမည်ဟု ဖြေမြဲ ဖြေသည်။ ရှင်ဘုရင်နှင့်တကွ ပြည်သူပြည်သားအားလုံး ခွေးပြေးဝက်ပြေး ပြေးကြသော်လည်း လွတ်မည် မဟုတ်။ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရမည်။ ထိုရုတ်ရုတ်သဲသဲ အဖြစ်အပျက်ကို Kelly က ဤသို့ ဆိုထားသည်။

ထိုနန်းမျိုးနန်းနွယ်များသည် ဣသရေလသမိုင်းတွင် ကောင်းကြီးမင်္ဂလာ၏ ပင်မအညှာ ဖြစ်သည်။ ပရောဖက်များနှင့် တိုင်းသူပြည်သားများ ဆိုးယုတ်သော်လည်း ရှင်ဘုရင်က မင်းကျင့်တရားနှင့်အညီ ဖြောင့်မတ်စင်ကြယ်လျှင် ထိုတိုင်းပြည်အား ဘုရားသခင်က ကောင်းကြီးမင်္ဂလာ သွန်းလောင်းသည်။ တိုင်းသူပြည်သားများ၏ ဘဝကံကြမ္မာသည် ဒါဝိဒ်၏ သားစဉ်မြေးဆက် ပြည့်ရှင်မင်းများအပေါ်၌ တည်မှီသည်။ ဘုရားရှင်သည် ပရောဖက်များ၊ ယဇ်ပုရောဟိတ်များ ပဲ့ပြင်ဆုံးမသကဲ့သို့ ဘုရားရှင်၏ ကျွန်ဒါဝိဒ်မျိုးနွယ်ဆက်အား အစဉ်ကြည့်ရှုကောင်းကြီးပေးသည်။ သို့သော်လည်း တိုင်းပြည်ကို အုပ်စိုးခေါင်းဆောင်သော ရှင်ဘုရင်များ ကိုယ်တိုင်အကျင့်ဖောက်ပြန်လျှင် မသက်ညှာနိုင်။ သက်ညှာလျှင် တမျိုးသားလုံး ပျက်စီးသွားမည်။ သို့ကြောင့် ပြန်လည်ဖြောင့်မတ်ကြစို့ ဘုရားသခင်က အရေးယူ အပြစ်ပေးလေ့ ရှိသည်ဟု ပရောဖက် ယေရမိက ရှင်းပြသည်။၂၄

၂၁:၁၄ ဗာဗုလုန် (ခါလဒဲ)ရန်သူများကို ခုခံသူများသည် သတ်ဖြတ်ခြင်းခံရသည်။ လက်မြှောက်အညံ့ခံသူများသည် ကျွန်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည်။ နန်းတွင်းသူနန်းတွင်းသားများ၏ မင်းကျင့်တရားနှင့် မညီသောပြုမူ အုပ်စိုးပုံများကို ရပ်စဲသွားသည်။ ယေရုရှလင်သားများ မြေပြန့်လွင်ပြင်သားများ ပျက်စီးမည့်ကိန်း ဆိုက်နေပြီ။ ဤနေရာတွင်” ချိုင့်ဝှမ်း၌ ရှိသောသူ၊ လွင်ပြင်၌ ရှိသောကျောက်” ဟုဆိုထားသည်။ ထိုအရပ်ဒေသရှိ လူများကို ဆိုလိုသည်။ ယေရုရှလင်မြို့သူမြို့သား၊ ယုဒပြည်သူများကို တင်စားခြင်း ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။