ယေရမိအနာဂတ္တိကျမ်း - ၁၃

ချည်ခါးပန်း
1တစ်ဖန် ထာဝရဘုရားက၊ သင်သည် ချည်ခါးပန်းကိုသွား၍ယူပြီးလျှင် ခါး၌စည်းလော့။ ရေနှင့်မလျှော်ရဟု ငါ့အားမိန့်တော်မူသော စကားတော်အတိုင်း၊ 2ငါသည် ခါးပန်းကိုယူ၍ ခါး၌စည်းလေ၏။ 3ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက်လျှင်၊ 4သင်သည် ခါး၌စည်းသော ခါးပန်းကိုယူပြီးလျှင်၊ ဥဖရတ်မြစ်သို့ထသွား၍၊ ကျောက်တွင်း၌ ဝှက်ထားလော့ဟု၊ 5မိန့်တော်မူသည်အတိုင်း၊ ငါသည်သွား၍ ဥဖရတ်မြစ်နားမှာ ဝှက်ထား၏။ 6ထိုနောက်၊ ကာလအင်တန်ကြာပြီးမှ၊ ထာဝရဘုရားက၊ သင်သည်ထ၍ ဥဖရတ်မြစ်သို့ သွားလော့။ ထိုမြစ်နားမှာ ငါ့အမိန့်တော်နှင့် ဝှက်ထားခဲ့ပြီးသော ခါးပန်းကိုထုတ်လော့ဟု မိန့်တော်မူ၏။ 7ငါသည်လည်း ဥဖရတ်မြစ်နားသို့ သွားပြီးလျှင်၊ ဝှက်ထားရာအရပ်၌ တူး၍ ခါးပန်းကို ထုတ်သောအခါ၊ ခါးပန်းသည် ဆွေးမြေ့၍ အသုံးမရဖြစ်၏။
8ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍ မိန့်တော်မူသည်ကား၊ 9ထိုနည်းတူ၊ ယုဒပြည်၏ထောင်လွှားခြင်းကို ငါရှုတ်ချမည်။ ယေရုရှလင်မြို့၏ထောင်လွှားခြင်းကို အလွန်ရှုတ်ချမည်။ 10ငါ့စကားကို နားမထောင်၊ မိမိစိတ်နှလုံး ခိုင်မာသောသဘောအတိုင်းကျင့်၍၊ အခြားတစ်ပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်ခြင်းငှာ လိုက်သွားသော ဤလူဆိုးမျိုးသည်၊ အသုံးမရသော ဤခါးပန်းကဲ့သို့ဖြစ်လိမ့်မည်။ 11ခါးပန်းသည် လူ၏ခါး၌မှီဝဲသကဲ့သို့၊ ဣသရေလအမျိုးရှိသမျှတို့နှင့် ယုဒအမျိုးအပေါင်းတို့သည် ငါ၏လူမျိုး၊ ဘွဲ့နာမ၊ ဘုန်းအသရေ ဖြစ်စေခြင်းငှာ၊ ငါ၌မှီဝဲစေသော်လည်း၊ သူတို့သည် နားမထောင်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။
စပျစ်ရည်အိုး
12တစ်ဖန် ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားက၊ သားရေဘူးရှိသမျှတို့သည် စပျစ်ရည်နှင့် ပြည့်ကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို၊ သင်သည် သူတို့အားပြောလော့။ သူတို့ကလည်း၊ သားရေဘူးရှိသမျှတို့သည် စပျစ်ရည်နှင့် ပြည့်ကြလိမ့်မည်အကြောင်းကို၊ ငါတို့မသိသလောဟု ပြန်ပြောကြလျှင်၊ 13သင်ကလည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရှင်ဘုရင်မှစ၍ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယေရုရှလင်မြို့သားရှိသမျှတို့နှင့် ပြည်သူပြည်သားအပေါင်းတို့ကို ယစ်မူးခြင်းနှင့် ငါပြည့်စေမည်။ 14ညီအစ်ကိုချင်း၊ သားအဘချင်းတို့ကို ငါထိခိုက်စေမည်။ ငါသည် ကရုဏာမရှိ၊ မနှမြော၊ မကယ်မဘဲ၊ ထိုသူတို့ကို ဖျက်ဆီးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ပြည်နှင်ဒဏ်ဆိုင်ရာသတိပေးခြင်း
15သင်တို့သည် နားထောင်နာယူကြလော့။ ထောင်လွှားသောစိတ်မရှိကြနှင့်။ ထာဝရဘုရား အမိန့်တော်ရှိ၏။ 16မိုးမချုပ်မီ၊ မိုက်သောတောင်ပေါ်မှာ သင်တို့သည် ထိခိုက်၍မလဲမီ၊ အလင်းကိုမျှော်လင့်သောအခါ၊ သေမင်းအရိပ်၊ ထူထပ်သော မှောင်မိုက်ကို ဖြစ်စေတော်မမူမီ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ 17သင်တို့သည် နားမထောင်ဘဲနေလျှင်မူကား၊ သင်တို့မာနကြောင့်၊ ငါ့စိတ်ဝိညာဉ်သည် မထင်ရှားသောအရပ်၌ ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုကို သိမ်းသွားသောကြောင့်၊ ငါ့မျက်စိလည်း အလွန်ငို၍ မျက်ရည်ကျမည်။ 18ကိုယ်ကိုကိုယ်နှိမ့်ချ၍ ထိုင်ကြလော့။ သင်တို့၌ ဘုန်းကြီးသောသရဖူသည် သင်တို့၏ခေါင်းပေါ်မှ ဆင်းရလိမ့်မည်ဟု၊ ရှင်ဘုရင်နှင့် မိဖုရားတို့အား ပြောလော့။ 19တောင်ဘက်မြို့တို့ကို ပိတ်ထား၍ အဘယ်သူမျှ မဖွင့်ရ။ ယုဒပြည်သူပြည်သား အပေါင်းတို့ကို သိမ်းသွားကြပြီ။ အကုန်အစင် သိမ်းသွားကြပြီ။ 20မြောက်မျက်နှာကလာသော သူတို့ကိုမျှော်၍ကြည့်လော့။ သင့်အား ငါပေးသောသိုးစု၊ လှသောသိုးစုသည် အဘယ်မှာရှိသနည်း။ 21သင်သည် ဆုံးမတော်မူခြင်းကိုခံရသောအခါ၊ အဘယ်သို့ ပြောလိမ့်မည်နည်း။ သူတို့သည် သင့်ကို အစိုးတရပြုစေခြင်းငှာ၊ သင်သည် ကိုယ်တိုင်အကြံပေးပြီ။ သားဖွားသောမိန်းမခံရသော ဝေဒနာကို သင်ခံရလိမ့်မည် မဟုတ်လော။ 22သင်ကလည်း၊ အဘယ်အကြောင်းကြောင့် ဤအမှုရောက်သနည်းဟု စိတ်ထဲ၌ အောက်မေ့လျှင်၊ သင်၏အပြစ်များသောကြောင့်၊ သင့်အဝတ်ကို ချွတ်ရ၏။ ခြေနင်းကိုလည်းမစီးရ။ 23အဲသယောပိလူသည် မိမိအရေ၏အဆင်းကိုလည်းကောင်း၊ ကျားသစ်သည် မိမိအကွက်အကျားတို့ကိုလည်းကောင်း ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင်လျှင်၊ ဒုစရိုက်ကို ပြုလေ့ရှိသောသူတို့သည်၊ သုစရိုက်ကိုပြုခြင်းငှာ တတ်နိုင်ကြလိမ့်မည်။ 24ထိုကြောင့်၊ ဖွဲကို လေပြင်းတိုက်လွှင့်သကဲ့သို့၊ ထိုသူတို့ကို ငါလွင့်စေမည်။ 25သင်သည် ငါ့ကိုမေ့လျော့၍၊ မုသား၌မှီဝဲဆည်းကပ်သောကြောင့်၊ သင့်အဖို့ ငါတိုင်းထွာ၍ ပေးလတ္တံ့သော အငန်းအတာကား ဤသို့တည်း။ 26ထိုသို့နှင့်အညီ သင်ရှက်စရာအကြောင်းကို ထင်ရှားစေခြင်းငှာ၊ သင်၏အဝတ်ကို ငါဖွင့်လှစ်၍ ပြမည်။ 27သင်၏ မျောက်မထားခြင်း၊ ဟီမြည်ခြင်း၊ မတရားသောမေထုန်၏ ညစ်ညူးခြင်း၊ တောင်ပေါ်၌လည်းကောင်း၊ လယ်ပြင်၌လည်းကောင်းပြုသော စက်ဆုပ်ရွံရှာဖွယ်တို့ကို ငါသိမြင်၏။ အို ယေရုရှလင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ သန့်ရှင်းခြင်းသို့ မရောက်ဘဲ အဘယ်မျှကာလပတ်လုံးနေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း - ၁၃ (အနက်ဖွင့်)

()ယေရမိနှင့်ပျက်စီးသောခါးပန်း(အခန်း၁၃)

၁၃:၁၁ ယုဒလူမျိုးကို ဥဖရတ်မြစ်ရိုးတလျှောက် ယေရမိ ပုန်းခိုစဉ် စည်းထားသော နံငယ်ပိုင်းစ ခါးပန်းစည်းနှင့် ခိုင်းနှိုင်းထားသည်။ ယုဒလူမျိုးသည် တချိန်က ယေဟောဝါဘုရားနှင့် အနီးကပ်ဆုံးလူ၊ ခါးပန်းစည်းကဲ့သို့ ဖြစ်ခဲ့ကြသည်။ သို့သော် ထိုခါးပန်းသည် စုတ်ပြတ်သောကြောင့် လွှင့်ပစ်ရမည်။ ထိုခါးပန်းတည်းဟူသော ယုဒလူများသည် အကျင့်စာရိတ္တ ဖောက်ပျက်သောကြောင့် ပျက်စီးကြသည်။ မိမိနေရပ်ဌာနေမှ မိုင်ပေါင်း(၂၅၀)ကျော် ဝေးသောဥဖရတ်မြစ်နား (ဗာဗုလုန်)သို့ ဝေးလွှင့်ခဲ့ကြသည်။ ယေရမိက ခါးစည်းချွတ်ပစ်ခြင်းမှာ သုံးမရ၊ စုတ်ပြတ်သောကြောင့် ဖြစ်သည်။ ဥဖရတ်မြစ်နားသို့ ယေရမိရောက်ရှိသွားခြင်းအကြောင်းကို Scofield က ဤသို့ဆိုသည်။

ယေရမိက သူ့ခါးစည်း၊ ခါးပတ်ကို ဥဖရတ်မြစ်နားတွင် လွှင့်ပစ်မြေမြှုပ်ခြင်းသည် စစ်မက်ရေးရာကြောင့်လား၊ အခြားအကြောင်းရှိသလားဟု အချို့က မေးကြသည်။ ယေရမိ၏ သာသနာတော် စကားကြားနေခိုက်တွင် ထိုအရပ်ဒေသ၌ တစ်ခုလုံး ငြိမ်သက်ခြင်း အမှန် ရှိပါသည်။ ဗာဗုလုန်သို့ ယေရမိ မရောက်ရှိစရာ အကြောင်းမရှိ။ ထိုသို့မှန်လျှင် ခါးပန်းမြှုပ်နှံရာ နေရာလည်း ထိုစဉ်အခါက လွယ်လင့်တကူ တွေ့ရှိနိုင်ကြမည်။ ဟေဗြဲကျမ်းမူ ဝေါဟာရအရဆိုလျှင် ဥဖရတ်မြစ်နား မဟုတ်ပါ။ ယေရုရှလင်မှ မလှမ်းမကမ်းရှိ Wadi Farah အရပ်ဖြစ်နိုင်သည်။  ဗာဗုလုန်သားများက အပြီးသတ်ချေမှုန်း တိုက်ခိုက်သည့်အချိန် ဖြစ်သည်။ သို့ကြောင့် ခါးပန်းစည်း သင်္ဂြိုဟ်မြှုပ်နှံခြင်းသည် ဗျာဒိတ်ရူပါရုံ မဟုတ်သကဲ့သို့ စိတ်ကူးယဉ်ပုံပြင်လည်း မဟုတ်ပါ။ တကယ်အဖြစ်အပျက် ဖြစ်သည်။ ယေရမိ၏ ခါးပန်းတတ်ဆင်ခြင်းသည် ဣသရေလလူများ၏ အမှုတော်ဆက်ကပ်ပုံ၊ ဖောက်ပြန်ပုံတို့ကို ဥပမေယျပေးခြင်း ဖြစ်သည်။၁၃

၁၃:၁၂၁၄ သားရေဗူးအားလုံး စပျစ်ရည်ပြည့်ကြမည်။ တကယ့်အရက်သေစာ စပျစ်ရည် ဆိုလိုခြင်းမဟုတ်။ ဘုရားသခင်၏ ကြီးမားသော အမြတ်တော်ကို စဉ်းစားရင်း မူးရစ်ကျခြင်း ဖြစ်သည်။ ပုလင်းကွဲရှသကဲ့သို့ လူတိုင်းနာကျင်စွာ အမြတ်တော် ရှကြမည်။ ထိုအကြောင်းကို Harrisonက ဤသို့ ထောက်ခံ ရေးသားထားသည်။

ယေရမိသည် အရပ်နာကျသကဲ့သို့ စိတ်ဖိစီးမှုခံစားရသည်။ မောင်းမရသောကားကဲ့သို့ ဖြစ်နေသည်။ လာမည့်ဘေး ကြုံတွေ့ရင်ဆိုင်ဖို့ စိတ်လေးသည်။  သူ့လူများကလည်း မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်း မရှိကြ။ ရန်သူများဒဏ် ခုခံနိုင်ရန်လည်း မတတ်စွမ်းနိုင်။၁၄

၁၃:၁၅၂၃ သူ့လူများအား နောင်တရကြဖို့ တိုက်တွန်းသည်။ သို့မဟုတ် လျှင်သူတပါးကျွန် ခံရမှာ သေချာသည်။ အကယ်၍ ဘုရားသခင်အား သိကျွမ်းချီးမွမ်းခြင်း မပြုနိုင်ကြလျှင် သေမင်း၏ အရိပ်အမှောင်ထု ဖုံးလွှမ်းမည်။ ဘုရင်မင်းမြတ်နှင့် မယ်တော်ဘုရားတို့၏ သရဖူများသည်လည်း ဝေးလွှင့်တော့မည်။  တောင်ပိုင်းနိုင်ငံသည်လည်း ရန်သူများက ဝိုင်းဝန်းပိတ်ဆို့ထားသောကြောင့် ခိုမှီးစရာ မရှိ။ ယုဒပြည်သည် ဗာဗုလုန်သားများ၏ လက်ချက်ဖြင့် ခြောက်သယောင်း ထမည်။ အဘယ့်ကြောင့်ဆိုသော် ယုဒတို့၏ အပြစ်ဒုစရိုက်များသည်   ကြီးမားလှပေသကိုး။

၁၃:၂၄၂၇ ယုဒတို့၏ ဖောက်ပြန်ဆိုးယုတ်မှုများကို ထုတ်ဖော်ကြသည်။  မျောက်မထားခြင်း၊ မတရားသော မေထုန်မှီဝဲခြင်း၊ ကိလေသာဖောက်ပြန်ခြင်း၊ ပြည့်တန်ဆာအကျင့်ရှိခြင်း အစရှိသော ဆိုးညစ်ခြင်းမျိုးစုံနှင့် ပြည့်စုံသည်။

ထိုအကြောင်းကို Harrisonက ဤသို့ရှင်းပြသည်။

ခေတ်ကာလအဆက်ဆက် သာမန်ယုံကြည်သူများကဲ့သို့ ထိုခေတ်အခါကလူများသည်လည်း  ကပ်ဘေးဆိုက်မည့်အကြောင်းကို ယုံမှားသံသယရှိကြသည်။ မည်သို့ပင်ဖြစ်စေ၊ မိမိတို့ပြုမှားသော အရှက်ရစရာ အပြစ်ဒုစရိုက်များသည် မိမိတို့ပုခုံးပေါ်သို့ ကျရောက်မည်ဖြစ်ကြောင်း ယေရမိက ထုတ်ဖော်သတိပေးသည်။ ယုဒလူမျိုးသည် မိမိတို့ပြုများသည့်အတိုင်း ရုံးကန္နားသို့ တခေါက်ရောက်ကြမည်။ အဘယ်ကြောင့်ဆိုသော် အမှောင်ထုထဲတွင် ကာမဂုဏ်ခံစားခြင်းဖြင့် အမျိုးသားလုံး ပျက်စီးခဲ့ကြသည်။ ဘုရားသခင်၏ ချစ်ဦးသူအဖြစ် ရွေးချယ်ထားသူဖြစ်သော်လည်း သစ္စာမဲ့ ဖောက်ပြန်ကြသည်။၁၅

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။