ယေရမိအနာဂတ္တိကျမ်း - ၁၄

ကြောက်မက်ဖွယ်မိုးခေါင်ခြင်း
1မိုးပြတ်သောအမှုကိုရည်မှတ်၍၊ ယေရမိသို့ရောက်သော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ 2ယုဒပြည်သည်ညည်းတွား၏။ မြို့တံခါးတို့၌ မြည်တမ်းသော အသံရှိ၏။ နက်သောအဝတ်ကို မြေတိုင်အောင်ဝတ်၍၊ ယေရုရှလင်မြို့သားတို့၏ငိုကြွေးခြင်းအသံသည် တက်လေ၏။ 3မှူးမတ်တို့သည် မိမိသူငယ်တို့ကို ရေခပ်စေလွှတ်၍၊ သူငယ်တို့သည် ရေကျင်းသို့ရောက်သောအခါ၊ ရေကိုမတွေ့။ အိုးသက်သက်ကိုသာဆောင်ခဲ့လျက် ပြန်လာကြ၏။ ဦးခေါင်းကို ခြုံလျက် ရှက်ကြောက်မှိုင်တွေကြ၏။ 4မိုးပြတ်၍မြေအက်ကွဲသောကြောင့်၊ လယ်လုပ်သော သူတို့သည် ဦးခေါင်းကိုခြုံလျက် ရှက်ကြောက်ကြ၏။ 5သမင်မသည် လယ်ပြင်၌မွေးသောအခါ မြက်မရှိသောကြောင့်၊ သားငယ်ကို စွန့်ပစ်၏။ 6မြည်းရိုင်းတို့သည် မြင့်သောအရပ်ပေါ်မှာ ရပ်လျက် မြေခွေးကဲ့သို့ လေကိုရှူကြ၏။ မြက်မရှိသောကြောင့်၊ သူတို့မျက်စိပျက်လေ၏။
7အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏အပြစ်သည် အကျွန်ုပ်တို့တစ်ဖက်၌ သက်သေခံသော်လည်း၊ နာမတော်ကို ထောက်၍ စီရင်တော်မူပါ။ အကျွန်ုပ်တို့သည် ကြိမ်ဖန်များစွာ ဖောက်ပြန်ပါပြီ။ ကိုယ်တော်ကို ပြစ်မှားပါပြီ။ 8အို ဣသရေလအမျိုး၏မျှော်လင့်စရာအကြောင်း၊ အမှုရောက်သောကာလ ကယ်တင်တော်မူသောသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ပြည်၌ ဧည့်သည်ကဲ့သို့လည်းကောင်း၊ တစ်ညသာ အိပ်ခြင်းငှာဝင်သော ခရီးသွားကဲ့သို့လည်းကောင်း၊ အဘယ်ကြောင့် ဖြစ်တော်မူသနည်း။ 9မိန်းမောတွေဝေသော သူကဲ့သို့လည်းကောင်း၊ ကယ်တင်ခြင်းငှာမတတ်နိုင်သော သူရဲကဲ့သို့လည်းကောင်း၊ အဘယ်ကြောင့် ဖြစ်တော်မူသနည်း။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့တွင်ရှိတော်မူ၏။ အကျွန်ုပ်တို့သည်နာမတော်ဖြင့် သမုတ်သောသူဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။
10ဤလူမျိုးကိုရည်မှတ်၍ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤလူတို့သည် လှည့်လည်ခြင်းငှာ အလွန်အလိုရှိကြ၏။ မိမိတို့ခြေကို မချုပ်တည်းကြ။ ထိုကြောင့်၊ ထာဝရဘုရားနှစ်သက်တော်မမူ။ သူတို့ပြုသော ဒုစရိုက်ကိုအောက်မေ့၍၊ သူတို့အပြစ်များကြောင့် စစ်ကြောတော်မူမည်။ 11ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ ဤလူမျိုးအဖို့ မေတ္တာပို့၍ ဆုမတောင်းနှင့်။ 12သူတို့သည် အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ၊ သူတို့အော်ဟစ်သံကို ငါနားမထောင်။ မီးရှို့ရာယဇ်ကို သော်လည်းကောင်း၊ ပူဇော်သကာကိုသော်လည်းကောင်း၊ ဆက်ကပ်သောအခါ ငါလက်မခံ။ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့်၊ သူတို့ကို ငါဆုံးစေမည်ဟုမိန့်တော်မူလျှင်၊ 13ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ ပရောဖက်တို့က၊ သင်တို့သည် ဓားဘေးကို မတွေ့ရကြ။ မွတ်သိပ်ခြင်းဘေးသည် သင်တို့ရှိရာသို့ မရောက်ရ။ ဤအရပ်၌ မြဲသောငြိမ်သက်ခြင်းကို ငါပေးမည်ဟု၊ ဤသူတို့အားဟောပြောကြောင်းကို ငါလျှောက်သောအခါ၊ 14ထာဝရဘုရားက၊ ထိုပရောဖက်တို့သည် ငါ၏နာမကိုအမှီပြု၍ မုသားကို ဟောတတ်ကြ၏။ သူတို့ကို ငါမစေလွှတ်၊ မမှာထား၊ ဗျာဒိတ်မပေး။ သူတို့ဟောပြောချက်တို့သည် မျက်စိကိုလှည့်ခြင်း၊ နတ်ပူးခြင်း၊ အချည်းနှီးကြံစည်ခြင်း၊ မိမိဉာဏ်အတိုင်း လှည့်စားခြင်း သက်သက်ဖြစ်ကြ၏။
15ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပြည်၌ ဓားဘေး၊ မွတ်သိပ်ခြင်းဘေးမရှိရဟု၊ ငါမစေလွှတ်ဘဲ၊ ငါ့နာမကို အမှီပြု၍၊ ကိုယ်အလိုအလျောက် ဟောပြောသော ပရောဖက်တို့သည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးရကြလိမ့်မည်။ 16သူတို့၏ တရားနာပရိသတ်တို့သည် ကိုယ်တိုင်မှစ၍၊ မယား သားသမီးတို့နှင့်တကွ မွတ်သိပ်ခြင်းဘေး၊ ဓားဘေးကြောင့်၊ ယေရုရှလင်မြို့လမ်းထဲသို့ ပစ်ချခြင်းကိုခံရ၍၊ အဘယ်သူမျှ မသင်္ဂြိုဟ်ရ။ သူတို့၏အပြစ်ကို သူတို့အပေါ်သို့ ငါညွှန်းလောင်းမည်။ 17သင်သည်လည်း သူတို့အား ပြောရမည့်စကားဟူမူကား၊ ငါသည် နေ့ညမပြတ် မျက်ရည်ကျရမည်။ ငါ၏လူမျိုးသတို့သမီးသည် အလွန်ပြင်းစွာသော ဒဏ်ချက်ကိုခံရ၍ အရိုးများကျိုးလေပြီ။ 18ငါသည် မြို့ပြင်သို့သွားသောအခါ၊ သတ်သောအသေကောင်များကို တွေ့ရ၏။ မြို့ထဲသို့ဝင်သောအခါ၊ ငတ်မွတ်၍ နာကျင်စွာခံရသောသူများကိုလည်း တွေ့ရ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် အဘယ်အမှုကိုမျှ မသိဘဲ အရပ်ရပ်လှည့်လည်ကြ၏။
လူတို့၏လျှောက်လဲခြင်း
19ကိုယ်တော်သည် ယုဒပြည်ကို အကုန်အစင်ပယ်တော်မူသလော။ ဇိအုန်မြို့ကို စက်ဆုပ်ရွံရှာတော်မူသလော။ ချမ်းသာမရအောင် အကျွန်ုပ်တို့ကို အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ အကျွန်ုပ်တို့သည် ငြိမ်သက်ခြင်းကိုမျှော်လင့်သော်လည်း၊ ကောင်းကျိုးကို မရကြပါ။ ချမ်းသာကို မျှော်လင့်သော်လည်း၊ ဘေးနှင့်သာတွေ့ရကြပါ၏။ 20အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်ဒုစရိုက်များနှင့် ဘိုးဘေးတို့၏အပြစ်များကို ဝန်ချပါ၏။ ကိုယ်တော်ကို ပြစ်မှားပါပြီ။ 21ကိုယ်တော်၏နာမကြောင့်၊ အကျွန်ုပ်တို့ကို စက်ဆုပ်ရွံရှာတော်မမူပါနှင့်။ ဘုန်းတော်ပလ္လင်၏ အသရေကို ရှုတ်ချတော်မမူပါနှင့်။ အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့နှင့်ဖွဲ့သောပဋိညာဉ်တော်ကို ဖျက်တော်မမူပါနှင့်။ 22သာသနာပလူတို့ ကိုးကွယ်သော ရုပ်တုဆင်းတုတို့တွင်၊ မိုးရွာစေနိုင်သောသူရှိပါသလော။ မိုးသည် အလိုလို ရွာနိုင်ပါသလော။ အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင်တတ်နိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍၊ ကိုယ်တော်ကို မျှော်လင့်လျက်နေပါမည်။ ကိုယ်တော်သည် အလုံးစုံတို့ကို ဖန်ဆင်းသောဘုရား ဖြစ်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း - ၁၄ (အနက်ဖွင့်)

()မိုးခေါင်၍ယေရမိကြားဝင်လုပ်ဆောင်ခြင်း(အခန်း၁၄၊၁၅)

၁၄: အခန်းကြီး၁၄မှ ၃၉သည် ယေရုရှလင်မြို့တော် မပျက်သုဉ်းခင်ကာလ ဖြစ်သည်။ ယုဒပြည်တွင် မိုးခေါင် ရေရှား၍ အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း ကပ်ဘေးဆိုက်ရောက်သည်။

ဤအကြိမ် မိုးခေါင်ရေရှားခြင်းသည် ကြီးမားသော ဒုက္ခဖြစ်သည်။ ပါလက်စတိုင်းဒေသတွင် အငတ်ဘေး ကျရောက်မည့်အကြောင်း ပရောဖက်ပြုချက်များအနက် တစ်ကြိမ် ဖြစ်သည်။ (တရား၂၈:၂၃-၂၄)။ အခြားငတ်မွတ်မည့် ပရောဖက် ပြုချက်များမှာ အာဟပ်မင်းလက်ထက်တွင် ပြည့်စုံခဲ့သည့် (၅ရာ ၁၇:၁) နောက်ပိုင်းကိုကြည့်)။ ထိုသို့ပြည့်စုံခဲ့ပြီး နှစ်ပေါင်းများစွာ ကွာခြားမှ ယခုကဲ့သို့ တဖန် ကျရောက်ခြင်း ဖြစ်သည်။ မြောက်ပိုင်းပြည်အား အာရှိုးရီးယားများ ဖမ်းဆီးခေါ်သွားချိန်တွင် သတိပေးထားသည့်အတိုင်း ယုဒပြည်တွင် အမှန်တကယ်ကျ ရောက်သည်။၁၆

၁၄:၁၆ ပရောဖက်ယေရမိက သူ့လူများအား သက်ညှာပေးရန် ဘုရားသခင်ထံတော်သို့ ဆုတောင်းပေးသော်လည်း ဘုရားသခင်က ဆုတောင်းသည့်အတိုင်း အဖြေမပေး။ ဓါးဘေး၊ ငတ်မွတ်ခေါင်းပါးဘေး၊ ရောဂါဘယဆိုးများဖြင့် ယုဒလူများအား ဖျက်ဆီးမည်။ မိစ္ဆာပရောဖက်များက၊ ယုဒလူများအားမစိုးရိမ်ဖို့၊  ခဏအကြာတွင် ကံကြမ္မာဆိုးများ ပျောက်ကွယ်မည်ဟု ဖျောင်းဖျကြသော်လည်း ပြည်သူပြည်သားများသာ သေလွန်ကြသည်။ သူတို့ ပရောဖက်ပြုချက်များ အတိုင်း ဖြစ်မလာ။ ယေရမိမှာမူကား ယုဒပြည်နှင့် မြို့ကြီးပြကြီးများ သေကြေပျက်စီးရခြင်းကြောင့် တစာစာအော်မြည်ငိုကြွေးသည်။

၁၄:၁၇၂၂ သူ့လူများအတွက် ဘုရားသခင်ထံ ထပ်မံလျှောက်လဲ အယူခံဝင်သည်။ အာဗြဟံ (က၁၈:၂၃-၃၃)၊ မောရှေ(ထ ၃၂:၁၁-၁၃)၊ ရှမွေလ(၁ရာ ၇:၅-၉)  တို့၏ ကြားဝင်ဆောင်ရွက်ကြသည့်ပုံစံအတိုင်း အကျိုးတော် ဆောင်သည်။ ကန္တာရခရီး ကြမ်းတွင်လည်း ဘုရားသခင် တစ်ပါးတည်းကသာလျှင် ကြည့်ရှု စောင့်ရှောက်ပါသည်။ မိုးကို ရွာစေနိုင်သောအရှင်သည် ဘုရားသခင်သာ ဖြစ်ကြောင်း သိရှိပါသည်။ သို့ကြောင့် ယုဒလူမျိုးများအပေါ်သို့ မိုးရွာပေးပါရန် ကြားဝင်လျှောက်လဲ အယူခံဝင်ပေးသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။