ယေရမိအနာဂတ္တိကျမ်း - ၁၂

ထာဝရဘုရားကိုယေရမိမေးမြန်းခြင်း
1အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် တရားစကားကိုဆွေးနွေးသောအခါ၊ ကိုယ်တော်သည် တရားတော်မူ၏။ သို့သော်လည်း၊ စစ်ကြောစီရင်တော်မူခြင်းအကြောင်းကို မေးလျှောက်ပါမည်။ မတရားသောသူတို့သည် အဘယ်ကြောင့် အကြံမြောက်ရကြပါသနည်း။ အလွန်သစ္စာပျက်သော သူအပေါင်းတို့သည် အဘယ်ကြောင့် ချမ်းသာရကြပါသနည်း။ 2ကိုယ်တော်သည် သူတို့ကို စိုက်တော်မူသဖြင့်၊ သူတို့သည် အမြစ်ကျ၍ကြီးပွားလျက် အသီးကို သီးကြပါ၏။ ကိုယ်တော်သည် သူတို့နှုတ်နှင့် နီး၍ နှလုံးနှင့် ဝေးတော်မူ၏။ 3အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သိမြင်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်နှင့် သဘောတူကြောင်းကို စစ်ကြောတော်မူပြီ။ သိုးတို့ကို ထုတ်သကဲ့သို့၊ ထိုမတရားသောသူတို့ကို အသေသတ်ခြင်းငှာ ဆွဲထုတ်တော်မူပါ။ သတ်ရသောနေ့အဖို့ ပြင်ဆင်တော်မူပါ။ 4ပြည်သားများပြုသော ဒုစရိုက်အပြစ်ကြောင့်၊ ပြည်သည် အဘယ်မျှကာလပတ်လုံး မြည်တမ်းရပါအံ့နည်း။ အရပ်ရပ်တို့၌ရှိသော မြက်ပင်သည် အဘယ်မျှကာလပတ်လုံး ညှိုးနွမ်းရပါအံ့နည်း။ ငါတို့ခံရသောအကျိုးအပြစ် ကို ဘုရားသခင် မသိမမြင်ဟု ပြည်သားများ ဆိုသောကြောင့်၊ သားများနှင့် ငှက်များတို့သည် ပျောက်ပျက်ကြပါပြီ။
5သင်သည် ခြေသည်တို့နှင့် ပြိုင်ပြေး၍မောလျှင် မြင်းတို့နှင့် အဘယ်သို့ပြိုင်နိုင်မည်နည်း။ စိုးရိမ်ခြင်းမရှိ၊ ငြိမ်ဝပ်စွာနေရသောပြည်၌ မောလျှင်၊ ယော်ဒန်မြစ်၏ဂုဏ်အသရေထဲမှာ အဘယ်သို့ပြုလိမ့်မည်နည်း။ 6သင်၏ညီအစ်ကို၊ အဘ၏အိမ်သူအိမ်သားတို့ပင် သင့်ကိုသစ္စာဖျက်၍၊ သင့်နောက်သို့ အော်ဟစ်လျက် လိုက်ကြ၏။ သူတို့သည် ကောင်းသောစကားကို ပြောသော်လည်းမယုံနှင့်။
လူမျိုးတော်အတွက်ဝမ်းနည်းခြင်း
7ငါသည် ကိုယ်အိမ်ကိုစွန့်၍၊ ကိုယ်အမွေကိုပစ်ထားပြီ။ ငါအလွန်ချစ်သောအစ်မကို သူ၏ရန်သူလက်သို့ အပ်နှံပြီ။ 8ငါ့အမွေသည် တော၌တွေ့သောခြင်္သေ့ကဲ့သို့ ငါ့အားဖြစ်၍၊ ငါ့ကိုဟောက်သောကြောင့် ငါမုန်းလေ၏။ 9ငါ့အမွေသည် ဇဘောသားရဲကဲ့သို့ ငါ့အားဖြစ်၏။ ပတ်လည်၌ရှိသော သားရဲတို့သည် တိုက်ကြ၏။ လာကြ။ တောသားရဲအပေါင်းတို့၊ စည်းဝေးကြ။ ကိုက်စားခြင်းငှာ လာကြစေ။ 10များစွာသော သိုးထိန်းတို့သည် ငါ့စပျစ်ဥယျာဉ်ကို ဖျက်ဆီးကြပြီ။ ငါရထိုက်သောအဖို့ကို ကျော်နင်းကြပြီ။ ငါရထိုက်သော နှစ်သက်ရာအဖို့ကို လူဆိတ်ညံရာတောဖြစ်စေကြပြီ။ 11သုတ်သင်ပယ်ရှင်းသောကြောင့်၊ လူဆိတ်ညံလျက်ရှိ၍၊ ငါ့အားညည်းတွားလေ၏။ တစ်ပြည်လုံးပျက်စီးသော်လည်း၊ အဘယ်သူမျှ ပမာဏမပြုတတ်။ 12တော၌ မြင့်သောအရပ် အလုံးစုံတို့အပေါ်မှာ လုယက်သောသူတို့သည် တက်ကြပြီ။ အကယ်စင်စစ် ပြည်စွန်းတစ်ဖက်မှ တစ်ဖက်တိုင်အောင် ထာဝရဘုရား၏ဓားတော်သည် ဖျက်ဆီးသဖြင့်၊ အဘယ်သူမျှချမ်းသာမရ။ 13သူတို့သည် ဂျုံစပါးမျိုးစေ့ကို ကြဲ၍ ဆူးပင်ကိုသာ ရိတ်ရကြ၏။ ပင်ပန်းစွာကြိုးစားသော်လည်း ကျေးဇူးမရှိကြ။ ထာဝရဘုရား၏ အမျက်တော်အရှိန်ကြောင့်၊ မိမိတို့ခံရသောအကျိုးကို ထောက်၍ ရှက်ကြလိမ့်မည်။
အိမ်နီးချင်းတို့အတွက်ကတိတော်
14ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါပေးသနား၍၊ ငါ၏လူ ဣသရေလအမျိုးပိုင်ထိုက်သောအမွေကို ထိခိုက်သော၊ ငါ၏အိမ်နီးချင်းဆိုးအပေါင်းတို့ကို၊ သူတို့ပြည်ထဲက ငါနုတ်မည်။ သူတို့အထဲကလည်း ယုဒအမျိုးကို ငါနုတ်မည်။ 15နုတ်ပြီးမှ တစ်ဖန်ငါသနား၍၊ အသီးအသီးတို့ကို မိမိတို့ ပိုင်ထိုက်သောမြေ၊ မိမိတို့နေရင်းပြည်သို့ ငါပြန်ပို့မည်။ 16ဗာလဘုရားကိုတိုင်တည်၍ ကျိန်ဆိုစေခြင်းငှာ၊ သူတို့သည် ငါ၏လူမျိုးကို သွန်သင်ဖူးသည်နည်းတူ၊ ထာဝရဘုရား အသက်ရှင်တော်မူသည်ဟု၊ ငါ၏နာမကိုတိုင်တည်၍ ကျိန်ဆိုခြင်းငှာ၊ ငါ့လူမျိုး၏ ဘာသာဓလေ့ကို ကြိုးစား၍သင်လျှင်၊ ငါ၏လူမျိုးအထဲ၌ သူတို့ကို ငါတည်စေမည်။ 17သို့မဟုတ်၊ နားမထောင်ဘဲနေလျှင်၊ နားမထောင်သော လူမျိုးကို ငါသည် ရှင်းရှင်းနုတ်ပယ်ဖျက်ဆီးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း - ၁၂ (အနက်ဖွင့်)

၁၂: ဘုရားသခင်သည် ဖြောင့်မတ်စင်ကြယ်သူ ဖြစ်ပါလျက် ထိုသို့ အကျင့်ဆိုး စရိုက်ပေါများသော အာနသုတ်သားများအား အဘယ်ကြောင့် ထိုသို့အခွင့်အရေး ပေးပါသနည်း။ ပရောဖက် ဆင်းရဲဒုက္ခရောက်မည့်အရေး အဘယ်ကြောင့် ခွင့်ပြုသနည်းဟု သိချင်သည်။ ဘုရားသခင်က ယေရမိအား ဤထက် ဆိုးဝါးနာကျင်မှု ခံစားရဦးမည်။ မွေခြင်းပေါက်ဖော် ညီအစ်ကိုများ၏ သစ္စာဖောက်မှု ကြုံတွေ့ဦးမည်။ ယခုတွေ့ကြုံသော အန္တရာယ်သည် အကင်းသာ ဖြစ်သည်ဟု ဘုရားရှင်က ဖြေသည်။ ခြေကျင်ခရီးသည်များနှင့် အပြေးပြိုင်နေစဉ် အမောမခံနိုင်လျှင် မြင်းစီးသူများနှင့် ယှဉ်ပြိုင်ရာတွင် မည်သို့ ကြံ့ခိုင်သက်လုံ ရှိနိုင်မည်နည်းဟု   ထပ်ပြောပြသည်။

          ၁၂:၁၄ ဤကျမ်းပိုဒ်များတွင် ယုဒလူများ သဘောပေါက်မည့် ဝေါဟာရစကားလုံး အနီးစပ်ဆုံး ပုံဥပမာအမျိုးမျိုး ပြသထားသည်။ ယုဒများ၏ အထီးကျန်ဘဝသည် မိမိတို့စီမံခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် ထူးခြားသောရွှေလင်းယုန်ကို အခြားငှက်ငယ်များက ဝိုင်းအုံအော်ဟစ် တိုက်ခိုက်လေ့ရှိသည်။ ထိုကဲ့သို့ပင် ဘုရားရှင် ရွေးကောက်ထားသည်။ ရွှေလင်းယုန်ငှက်တည်းဟူသော ယုဒအမျိုးကို တပါးအမျိုးသားများက ဝိုင်းအာကြမည်။ သို့သော် ကြောက်လန့်တုန်လှုပ်စရာ မဟုတ်ပါ။ ထိုတပါးအမျိုးသားများကို ဘုရားသခင်က ဆုံးမမည်။ ယုဒများသည်လည်း မိမိနေရာဌာနေတွင် ဗိုလ်နေမြဲကျားနေမြဲ နေခွင့် ရကြမည်။

          ၁၂:၁၅၁၇ တပါးအမျိုးသားများသည်လည်း ရုပ်တုထံမှ ရှောင်ခွာပြီး ဘုရားသခင်ထံတော်သို့ ချဉ်းကပ်လာလျှင် မိမိတို့နေရပ်ဌာနေ အသီးသီးတွင် စိုးစံခွင့် ရကြမည်။ ဘုရားသခင်၏ လူမျိုးများ ခံစားသော ကောင်းကြီးမင်္ဂလာများ မျှဝေခံစားရမည်။ တစ်နည်းအားဖြင့် မျက်ရည်သုတ်ပေးမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။