ဟေရှာယအနာဂတ္တိကျမ်း - ၃၂

တရားသောရှင်ဘုရင်
1ကြည့်ရှုလော့။ တရားသဖြင့်အုပ်စိုးသော ရှင်ဘုရင်တစ်ပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှူးမတ်တို့သည် တရားသဖြင့် စီရင်ကြလိမ့်မည်။ 2ထိုမင်းတို့သည် လေလုံ၍ မိုးသက်မုန်တိုင်း ကွယ်ရာအရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌ စီးသော ချောင်းကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီး အရိပ်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ 3မျက်စိမြင်သောသူတို့သည် ရှင်းလင်းစွာ မြင်ကြလိမ့်မည်။ နားကြားသောသူတို့လည်း နားထောင်ကြလိမ့်မည်။ 4သတိမရှိသောသူ၏ စိတ်နှလုံးသည် ဆင်ခြင်၍ ပညာရှိလိမ့်မည်။ စကားအသောသူ၏လျှာသည်လည်း စကားပြီအောင် ပြောတတ်လိမ့်မည်။ 5ယုတ်သောသူကို နောက်တစ်ဖန်အမြတ်ဟူ၍လည်းကောင်း၊ စေးနှဲသောသူကိုလည်း နောက်တစ်ဖန် စွန့်ကြဲတတ်သောသူ ဟူ၍လည်းကောင်း မခေါ်ရ။ 6အကြောင်းမူကား၊ ယုတ်သောသူသည် လျှို့ဝှက်လျက်၊ ထာဝရဘုရားကို နှုတ်ဖြင့်ပြစ်မှားလျက်၊ မွတ်သိပ်သောသူကို သာ၍ ဆင်းရဲစေခြင်းငှာလည်းကောင်း၊ ရေငတ်သောသူကို ရေမသောက်စေခြင်းငှာလည်းကောင်း၊ ယုတ်သောစကားကို ပြော၍ မကောင်းသောအကြံကို ကြံလေဦးမည်။ 7စေးနှဲသောသူ သုံးဆောင်ရာတန်ဆာသည်လည်း ဆိုးလှ၏။ ဆင်းရဲငတ်မွတ်သောသူ၏ အမှုသည်မှန်သော်လည်း၊ ထိုသို့သောသူကို မုသားစကားအားဖြင့် ဖျက်ဆီးခြင်းငှာ၊ မကောင်းသောအကြံကိုသာ ကြံတတ်၏။ 8စေတနာရှိသောသူမူကား၊ စေတနာနှင့်ဆိုင်သော အကြံတို့ကို ကြံစည်တတ်၏။ စေတနာနှင့်ဆိုင်သော အရာအားဖြင့် တည်ရလိမ့်မည်။
သတိမရှိသောသတို့သမီးတို့
9ငြိမ်သက်စွာနေသော မိန်းမတို့ထကြ။ ငါပြောသံကို ကြားကြလော့။ သတိမရှိသော သတို့သမီးတို့၊ ငါ့စကားကို နားထောင်ကြလော့။ 10သတိမရှိသောမိန်းမတို့၊ သင်တို့သည် တစ်နှစ်လွန်မှ ပူပန်ကြလိမ့်မည်။ အကြောင်းမူကား၊ စပျစ်သီးကို သိမ်းခြင်းအမှုပြတ်လိမ့်မည်။ စပါးအသီးအနှံကို သိမ်းရာကာလမရောက်ရ။ 11ငြိမ်သက်စွာနေသော မိန်းမတို့၊ တုန်လှုပ်ကြလော့။ သတိမရှိသောသူတို့၊ ပူပန်ခြင်းရှိကြလော့။ အဝတ်တန်ဆာရှိသမျှတို့ကို ပယ်ချွတ်ပြီးမှ၊ ခါး၌ လျှော်တေအဝတ်ကို စည်းကြလော့။ 12ရင်ပတ်ကိုခတ်ခြင်း၊ သာယာသောလယ်ယာနှင့် အသီးများသော စပျစ်နွယ်ပင်အတွက် ညည်းတွားခြင်း ရှိလိမ့်မည်။ 13ငါ့လူတို့၏ မြေကိုလည်းကောင်း၊ ဝမ်းမြောက်သောအိမ်နှင့် ရွှင်လန်းသော မြို့ကိုလည်းကောင်း၊ ဆူးပင်အမျိုးမျိုးတို့သည် တက်၍ လွှမ်းမိုးကြလိမ့်မည်။ 14ဘုံဗိမာန်တို့ကို စွန့်ပစ်၍ မြို့၏အသံဗလံ ငြိမ်းလိမ့်မည်။ ဩဖေလကုန်းနှင့် ရဲတိုက်တို့သည် အစဉ် မြေတွင်းနှင့်ပြည်စုံ၍၊ ရိုင်းသောမြည်း ပျော်မွေ့ရာ၊ သိုးစုကျက်စားရာ ဖြစ်ကြလိမ့်မည်။ 15ဝိညာဉ်တော်သည် ကောင်းကင်မှ ငါတို့အပေါ်သို့သွန်းလောင်း၍၊ တောသည် အသီးအနှံများသော လယ်ဖြစ်၍၊ အသီးအနှံများသောလယ်သည် တောအုပ်ကဲ့သို့ မှတ်ရသောကာလ မရောက်မီတိုင်အောင်၊ ထိုသို့ ဖြစ်ကြလိမ့်မည်။
ထာဝရငြိမ်သက်ခြင်း
16ထိုအခါ တော၌ကား၊ တရားသဖြင့် စီရင်ခြင်းတည်၍၊ အသီးအနှံများသော လယ်၌ကား၊ ဖြောင့်မတ်ခြင်းပါရမီသည် အမြဲနေရလိမ့်မည်။ 17ဖြောင့်မတ်ခြင်း တရားသည်လည်း၊ ငြိမ်သက်ခြင်းကို ပြုစုလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးမူကား၊ ထာဝရ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတည်း။ 18ငါ၏လူတို့သည်လည်း၊ ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သော ချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်။ 19သို့ရာတွင်၊ မိုးသီးကျသဖြင့် တောအုပ်ကိုလှဲ၍၊ မြို့ကိုလည်း မြေနှင့် တညီတည်း ဖြိုဖျက်လိမ့်မည်။ 20ရေရှိရာအရပ်ရပ်တို့၌ မျိုးစေ့ကိုကြဲ၍၊ နွားခြေနှင့် မြည်းခြေတို့ကို လွှတ်တတ်သော သင်တို့သည် မင်္ဂလာရှိကြ၏။

ဟေရှာယအနာဂတ္တိကျမ်း - ၃၂ (အနက်ဖွင့်)

၄။ ဖြောင့်မတ်စင်ကြယ်သောဘုရင်အုပ်စိုးခြင်း(အခန်း၃၂)

၃၂:၁-၈ ပထမပိုင်းအပိုဒ်ငယ်၅-ခုသည်ခရစ်တော်ဘုရားအနှစ်တစ်ထောင် အုပ်စိုးမည့်အကြောင်းဖြစ်သည်။ ခရစ်တော်ဘုရားသည်ဖြောင့်မတ်စင်ကြယ် သောဘုရင်မင်းမြတ်ဖြစ်သည်နှင်အညီတပည့်တော်တဆယ့်နှစ်ပါးနှင့်အတူ အုပ်စိုးမည်(မ၁၉:၂၈ကိုကြည့်) “ထိုမင်းသည်လေလုံ၍မိုးသက်မုန်တိုင်းကွယ် ကာရာအရပ်ဖြစ်မည်”ဆိုခြင်းမှာသခင်ယေရှုသည်အကွယ်အကာ၊လုံခြုံရာ၊ အရိပ်အာဝါသနှင့်အားအင်သစ်ဖြစ်သည်ဟုဆိုလိုသည်။ ပြန်မပြောနားမထောင်၊ထုံထိုင်းသူများ၊နားပိတ်များရှိတော့မည်မဟုတ်။ လူယုတ်များနှင့်လူယုတ်မာ များကိုဘေးဖယ်မည်(အပြစ်ဒဏ်ပေးမည်)။ ပေးကမ်းစွန့်ကြဲတတ်သောသဒ္ဒါ ရှင်များကောင်းကြီးမင်္ဂလာခံစားကြမည်။ အပိုဒ်ငယ်၆-၈သည်ပရောဖက်ဟေ ရှာယလက်ထက်ကအဖြစ်အပျက်များဖြစ်သည်။

၃၂:၉-၁၅ သို့သော်နိုင်ငံတော်ကားရောက်ရှိပြည့်စုံခြင်းမရှိသေး။ ယုဒအ မျိုးသမီးများသည်ဇိမ်ခံနေကြဆဲသက်တောင့်သက်သာနေကြဆဲ၊ဘဝကျေနပ် နေကြဆဲဖြစ်သည်။ မကြာမီအပြစ်တရားစီရင်ခြင်းရောက်ရှိလာသောအခါ ကောက်ပဲသီးနှံများပျက်စီးမည်။ လူများအသေအပျောက်များမည်။ လူဆိတ်ငြိမ် နေရာပေါများလာမည်။ ခရစ်တော်ဘုရားဒုတိယအကြိမ်ကြွလာသည့်တိုင် အောင်ယုဒများဆင်းရဲဒုက္ခကြုံတွေ့ကြဦးမည်။ ဝိညာဉ်တော်သွန်းလောင်းခြင်း ခံကြဦးမည်မဟုတ်။ ကိုယ်တော်ဘုရားကြွလာသောအခါသစ်တော၊ဝါးတော တောရိုင်းမြေသည်သီးနှံဖြစ်ထွန်းသောဥယျာဉ်ခြံမြေဖြစ်သွား၍ယခုကာလတွင် သီးနှံအောင်မြင်သောခြံမြေသည်တောအုပ်ဟုအထင်မှားခြင်းခံရမည်။

၃၂:၁၆-၂၀ လူမှုဆက်ဆံရေးနယ်ပယ်တွင်လည်းတရားမျှတခြင်း၊ဖြောင့် မတ်စင်ကြယ်ခြင်းရှိသဖြင့်နေရာဌာနတိုင်းတွင်ငြိမ်သက်ခြင်း၊တည်ငြိမ်ခြင်း၊ လုံခြုံခြင်း၊စိတ်ချယုံကြည်ခြင်းရှိကြမည်။ ရန်သူများ(တောအုပ်)များကိုဘုရား သခင်၏တရားစီရင်ခြင်း(မိုးသီး)ကျရောက်သဖြင့်မြို့ကြီးပြကြီးများပြိုလဲ ပျက်စီးကြမည်။ တိုင်းသူပြည်သားများသည်ဘဝလုံခြုံစွာလှုပ်ရှားသွားလာ မည်။ အစာရေစာဖူလုံသဖြင့်နာအေးပါးအေးရှိကြမည်။ နွားနှင့်မြည်းလားများ သည်လည်းအန္တရာယ်မရှိသွားလာကျက်စားကြမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။