ဟေရှာယအနာဂတ္တိကျမ်း - ၃၁

အဲဂုတ္တုပြည်သားသည်ဘုရားမဟုတ်
1စစ်ကူတောင်းအံ့သောငှာ အဲဂုတ္တုပြည်သို့သွား၍၊ မြင်းတို့ကို အမှီပြုလျက် များစွာသော ရထားတို့ကိုလည်းကောင်း၊ အားကြီးသော မြင်းစီးသူရဲတို့ကိုလည်းကောင်း ခိုလှုံလျက်၊ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကို မမျှော်လင့်၊ ထာဝရဘုရားကို မရှာဘဲနေသောသူတို့သည် အမင်္ဂလာရှိကြ၏။ 2ထိုဘုရားသည် ဉာဏ်တော်ကျယ်၍၊ သူတို့အပေါ်မှာ ဘေးကို သက်ရောက်စေတော်မူမည်။ စကားတော်မပျက်ဘဲ၊ ဆိုးသော လူမျိုးကိုလည်းကောင်း၊ မတရားသဖြင့် ပြုသောသူတို့ဘက်မှာနေသော သူတို့ကိုလည်းကောင်း တစ်ဖက်၌ ထတော်မူမည်။ 3အဲဂုတ္တုပြည်သားတို့သည် ဘုရားမဖြစ်၊ လူသက်သက် ဖြစ်ကြ၏။ သူတို့မြင်းသည်လည်း ဝိညာဉ်မဖြစ်၊ အသားသက်သက် ဖြစ်၏။ ထာဝရဘုရားသည် လက်တော်ကို ဆန့်တော်မူသောအခါ၊ မစတတ်သောသူသည် လဲလိမ့်မည်။ မစအပ်သောသူလည်း ဆုံးလိမ့်မည်။ အလုံးစုံတို့သည် အတူပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ 4ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ ခြင်္သေ့နှင့် ခြင်္သေ့သငယ်သည် လုယူရာ အကောင်ပေါ်မှာ နေသောအခါ၊ သိုးထိန်းအလုံးအရင်း၏ ဆီးတားအော်ဟစ်ခြင်းကို မကြောက်၊ သူတို့ပြုသော အသံဗလံအားဖြင့် အရှုံးမခံသကဲ့သို့၊ ထိုနည်းတူ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် မိမိတောင်တော်တည်းဟူသော ဇိအုန်တောင်တော်ဘက်မှာ စစ်တိုက်ခြင်းငှာ ဆင်းသက်တော်မူလိမ့်မည်။ 5ငှက်သည် သားငယ်ကို အုပ်တတ်သကဲ့သို့၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရှုရှလင်မြို့ကို ကွယ်ကာတော်မူမည်။ ကွယ်ကာစောင့်မ၍ အပြစ်မပေး၊ ကယ်တင်တော်မူမည်။
6အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် အလွန် လွှဲရှောင်ပယ်ထားသော ဘုရားထံတော်သို့ ပြန်လာကြလော့။ 7အကယ်စင်စစ် လူအပေါင်းတို့သည် မိမိလက်ဖြင့် အသီးအသီးလုပ်သော ငွေရုပ်တု၊ ရွှေရုပ်တုတည်းဟူသော၊ ပြစ်မှားရာအရာများကို ထိုကာလ၌ ပစ်လိုက်ကြလိမ့်မည်။ 8အာရှုရိလူသည်လည်း၊ ကြီးမြတ်သောသူ၏ ဓားမဟုတ်သော ဓားဖြင့် ဆုံးလိမ့်မည်။ ယုတ်သောသူ၏ ဓားမဟုတ်သောဓားသည် သူ့ကိုဖျက်ဆီးလိမ့်မည်။ သူသည်လည်း ဓားဘေးမှပြေး၍၊ သူရဲတို့သည် ကျွန်ခံရကြလိမ့်မည်။ 9သူသည်လည်း ကြောက်လန့်သဖြင့်၊ မိမိခိုင်ခံ့သော မြို့ကိုလွန်သွား၍၊ သူ၏မှူးမတ်တို့သည် နိမိတ်ကိုမြင်လျှင် စိတ်ပျက်ကြလိမ့်မည်ဟု ဇိအုန်တောင်ပေါ်မှာ မီးလျှံ၊ ယေရှုရှင်မြို့၌ မီးဖိုရှိသော ထာဝရဘုရားမိန့်တော်မူသတည်း။

ဟေရှာယအနာဂတ္တိကျမ်း - ၃၁ (အနက်ဖွင့်)

၃၁:၁-၃ စစ်နိုင်ဖို့အဲဂုတ္တုကိုမှီခိုခြင်း၊ မြင်း၊ ရထားနှင့်မြင်းစစ်သည်တော် များကိုကိုးစားခြင်းကိုဘုရားသခင်ကမကြိုက်၊ မကောင်းမှုဒုစရိုက်ပြုသူများ (ယုဒ)များကိုဘုရားသခင်ကပြစ်တင်မည်။ ယုဒများကိုထိုသို့ဖြစ်အောင်မြူ ဆွယ်သူများ(အဲဂုတ္တု)ကိုလည်းအပြစ်ပေးမည်။ မြူဆွယ်ဖြားယောင်းသူ (အဲဂုတ္တု)တို့ကိုရှုတ်ချ၍ ကူညီဟန်ရှိခဲ့ကြသည့်ယုဒတို့သည်လည်းပြိုလဲပျက် စီးကြမည်။

၃၁:၄-၉ ဘုရားသခင်သည်သိုးထိန်းမြောက်များစွာ(အာရှုရိ)ကိုမောင်း ထုတ်ရာတွင်ခြင်္သေ့ကဲ့သို့ဖြစ်သည်။ ငှက်သည်သားသမီးငယ်များလုံခြုံအောင် တောင်ပံအုပ်သကဲ့သို့ယေရုရှလင်ကိုတောင်ပံဖြန့်၍အုပ်မည်။ မြို့တော်ကိုကာ ကွယ်လုံခြုံစေမည်။ ဣသရေလများဘုရားသခင်ထံပြန်ရောက်သောအခါရုပ်တု ဆင်းတုဘုရားများပါလာမည်မဟုတ်။ အကုန်လွှင့်ပစ်မီးပုံရှို့ခဲ့ကြမည်။ ပရော ဖက်ပြုချက်များတချို့ပြည့်စုံသကဲ့သို့နောင်အနာဂတ်တွင်ပြည့်စုံမည့်အချက် များလည်းရှိသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။