ဟေရှာယအနာဂတ္တိကျမ်း - ၂၉

ယေရုရှလင်မြို့၏ကံကြမ္မာ
1အရေလမြို့၊ ဒါဝိဒ်မင်းနေသော အရေလမြို့သည် အမင်္ဂလာရှိ၏။ တစ်နှစ်ပေါ်မှာ တစ်နှစ်ထပ်ကြလော့။ ပွဲတို့ကို အလှည့်လှည့်ခံကြလော့။ 2သို့ရာတွင်၊ အရေလမြို့ကို ငါဆင်းရဲစေ၍၊ ထိုမြို့သည် ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းရှိသော်လည်း၊ အရေလမြို့ကဲ့သို့ ငါ့ရှေ့မှာ ဖြစ်ရလိမ့်မည်။ 3ငါသည် သင့်ပတ်ဝန်းကျင်၌ တပ်ချမည်။ မြေရိုးနှင့် ဝိုင်းထား၍၊ မြေကတုပ်များကိုလည်း တူးလုပ်မည်။ 4သင်သည် နှိမ့်ချခြင်းကိုခံ၍ မြေထဲက ပြောရလိမ့်မည်။ မြေမှုန့်ထဲက ငယ်သောအသံနှင့် မြွက်ရလိမ့်မည်။ သင်ပြောသောအသံသည် နတ်ဝင်သူပြောသံကဲ့သို့ မြေထဲကထွက်၍၊ သင်သည် မြေမှုန့်ထဲက အသံသေးနှင့် တိုးတိုး မြွက်ဆိုရလိမ့်မည်။ 5သို့ရာတွင်၊ သင်၏ရန်သူ အလုံးအရင်းသည် အဏုမြူကဲ့သို့လည်းကောင်း၊ ကြောက်မက်ဖွယ်သောသူ အလုံးအရင်းသည် လွင့်သွားသော ဖွဲကဲ့သို့လည်းကောင်းဖြစ်၍၊ အလျင်တဆော ချက်ချင်း အမှုရောက်လိမ့်မည်။ 6ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ မိုးချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အသံဗလံမြည်ခြင်းနှင့်တကွ မိုးသက်မုန်တိုင်း၊ လောင်တတ်သော မီးလျှံအားဖြင့် အပြစ်ပေးတော်မူမည်။ 7အပြည်ပြည်ကလာ၍၊ အရေလမြို့ကို စစ်တိုက်သော အလုံးအရင်း၊ အရေလမြို့နှင့် ရဲတိုက်ကိုတိုက်၍ ညှဉ်းဆဲသောသူ အပေါင်းတို့သည် အိပ်မက်တည်းဟူသော ညရူပါရုံကဲ့သို့ ဖြစ်ရကြလိမ့်မည်။ 8မွတ်သိပ်သောသူသည် အိပ်မက်တွင်စားရသည်ဟု ထင်သော်လည်း၊ နိုးသောအခါ အမွတ်အသိပ် မပြေသကဲ့သို့လည်းကောင်း၊ ရေငတ်သောသူသည် အိပ်မက်တွင် သောက်ရသည်ဟု ထင်သော်လည်း၊ နိုးသောအခါ နွမ်းနယ်လျက်၊ တောင့်တလျက် ရှိသကဲ့သို့လည်းကောင်း၊ အပြည်ပြည်ကလာ၍၊ ဇိအုန်တောင်ကို စစ်တိုက်သော အလုံးအရင်းသည် ဖြစ်ရလိမ့်မည်။
သတိပေးစကားကိုနားမထောင်ခြင်း
9ဖင့်နွှဲ၍ မှိုင်တွေကြလော့။ ကာမဂုဏ်၌ ပျော်မွေ့၍ မွှန်လျက်နေကြလော့။ စပျစ်ရည်ကို မသောက်ဘဲ ယစ်မူးလျက်၊ သေရည်သေရက်ကို မသောက်ဘဲ တိမ်းယိမ်းလျက်ရှိကြ၏။ 10အကြောင်းမူကား၊ ထာဝရဘုရားသည် အိပ်ချင်သောသဘောကို သင်တို့၌ သွင်းသဖြင့်၊ သင်တို့မျက်စိကိုပိတ်၍၊ သင်တို့၏ ပရောဖက်များ၊ မင်းများ၊ ဗျာဒိတ်ခံသူများတို့ကို ဖုံးလွှမ်းတော်မူပြီ။ 11ဗျာဒိတ်တော်ရှိသမျှသည် တံဆိပ်ခတ်သောစာကဲ့သို့ သင်တို့၌ ဖြစ်၏။ ထိုစာသည် စာတတ်သောသူအားပေး၍၊ ဤစာကို ဖတ်ပါလော့ဟု ဆိုလျှင်၊ ထိုသူက၊ ဤစာကို ငါမဖတ်နိုင်။ တံဆိပ်ခတ်လျက်ရှိ၏ဟု ပြန်ပြောတတ်၏။ 12ထိုစာကို စာမတတ်သောသူအားပေး၍၊ ဤစာကိုဖတ်ပါလော့ဟု ဆိုလျှင်၊ ထိုသူက၊ ငါသည် စာမတတ်ဟု ပြန်ပြောတတ်၏။ 13ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကို အမှီပြု၍ ငါ့ကိုကြောက်ရွံ့ကြ၏။ 14ထိုကြောင့်၊ အံ့ဩကြောက်မက်ဖွယ်သော အမှုကို ဤလူမျိုးတွင် တစ်ဖန် ငါပြုဦးမည်။ သူတို့တွင် ပညာရှိတို့၏ပညာသည် ပျက်စီးလိမ့်မည်။ ဉာဏ်ကောင်းသောသူတို့၏ ဉာဏ်လည်း ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။
15ထာဝရဘုရား မသိစေခြင်းငှာ၊ နက်နဲသောအကြံကို ကြံ၍၊ မှောင်မိုက်ထဲမှာ အမှုကိုပြုလျက်၊ ငါတို့ကို အဘယ်သူမြင်သနည်း။ ငါတို့ကို အဘယ်သူသိသနည်းဟု ပြောဆိုတတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။ 16သင်တို့သည် ဖောက်ပြန်ကြသည်တကား။ အိုးထိန်းသမားကို၊ အိုးမြေကဲ့သို့ မှတ်ရမည်လော။ လုပ်အပ်သောအရာသည် လုပ်တတ်သောသူကို ရည်မှတ်၍၊ ဤသူသည် ငါ့ကိုမလုပ်ဟု ဆိုရမည်လော၊ ဖန်ဆင်းအပ်သောအရာသည် ဖန်ဆင်းတတ်သောသူကို ရည်မှတ်၍၊ ဤသူ၌ ပညာအတတ်မရှိဟု ဆိုရမည်လော။
အနာဂတ်အတွက်မျှော်လင့်ချက်
17လေဗနုန်တောင်သည် ဝပြောသော လယ်ပြင်ကဲ့သို့လည်းကောင်း၊ ဝပြောသောလယ်ပြင်သည် တောကဲ့သို့လည်းကောင်း ဖြစ်ရသောအချိန် နီးပြီမဟုတ်လော။ 18ထိုကာလ၌ နားပင်းသောသူတို့သည် ကျမ်းစကားကို ကြားကြလိမ့်မည်။ မျက်စိကန်းသောသူတို့သည် မြှေးရှက်ခြင်း၊ မှောင်မိုက်ခြင်းနှင့် ကင်းလွတ်၍ မြင်ကြလိမ့်မည်။ 19စိတ်နှိမ့်ချသောသူတို့သည် ထာဝရဘုရားကို အမှီပြု၍၊ ဝမ်းမြောက်ခြင်း တိုးပွားကြလိမ့်မည်။ လူတို့တွင် ဆင်းရဲသောသူတို့သည် ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို အမှီပြု၍ ရွှင်လန်းကြလိမ့်မည်။ 20အကြောင်းမူကား၊ ကြောက်မက်ဖွယ်သောသူသည် ဆုံးရှုံးရ၏။ ဆဲရေးသောသူသည် ပျောက်ကုန်ရ၏။ သူ့အပြစ်ကို ချောင်းမြောင်းသောသူ၊ 21တရားတွေ့၍ ဆင်းရဲသားကို အပြစ်ရောက်စေသောသူ၊ မြို့တံခါးဝမှာ အမှုသည်ကို ကျော့မိစေခြင်းငှာ ပြုသောသူ၊ အပြစ်မရှိသောသူကို မတရားသဖြင့် ရှုံးစေသောသူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းရ၏။
22သို့ဖြစ်၍ အာဗြဟံအမျိုးကို ရွေးနုတ်တော်မူသော ထာဝရဘုရားသည်၊ ယာကုပ်အမျိုးကိုရည်မှတ်၍ မိန့်တော်မူသည်ကား၊ ယာကုပ်အမျိုးသည် နောက်တစ်ဖန် ရှက်ကြောက်ခြင်း၊ မျက်နှာပျက်ခြင်း မရှိရ။ 23ထိုအမျိုးသားတို့သည် ငါစီရင်သောအမှုကို မြင်လျှင်၊ ငါ့နာမကို မိမိတို့တွင် ရိုသေကြလိမ့်မည်။ ယာကုပ်အမျိုး၏ သန့်ရှင်းသောဘုရားကို ရိုသေ၍၊ ဣသရေလအမျိုး၏ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။ 24စိတ်သဘော ဖောက်ပြန်သောသူတို့သည် ပညာသတိကို ရကြ၍၊ ဆန့်ကျင်ဘက်ပြုသော သူတို့သည်လည်း၊ ဆုံးမဩဝါဒစကားကို နာယူကြလိမ့်မည်။

ဟေရှာယအနာဂတ္တိကျမ်း - ၂၉ (အနက်ဖွင့်)

၂။ အရီလ၊ယေရုရှလင်သို့အမင်္ဂလာ(အခန်း၂၉)

၂၉:၁-၄ အရီလ၊ယေရုရှလင်မြို့တော်သည် ဒါဝိဒ်မင်းနန်းစိုက်ရာအခွင့်အ ရေးထူးရသောနေပြည်တော်ဖြစ်သည်။ ထိုမြို့သူမြို့သားများသည်တနှစ်ပြီးတ နှစ်မိမိတို့ယုံကြည်ကိုးကွယ်ရာဘုရားရှင်ကိုကိုးကွယ်ခွင့်ရခဲ့သည်။ သို့သော် လည်းဘုရားရှင်သည်ထိုမြို့တော်သူမြို့တော်သားများအားဘာမှမကျန်အောင် စိတ်ဖိစီးခြင်းမျိုးစုံပေးသည်။ အရီလ(Ariel)ဟူသောစကားတွင်အဓိပ္ပါယ်(၂) မျိုးရှိသည်။             “ဘုရားသခင်၏ခြင်္သေ့”သို့မဟုတ်“ယဇ်ပလ္လင်” (ယေဇ၄၃:၁၅-၁၆ တွင် အရီလကိုယဇ်ပလ္လင်၏ရင်ပြင်ဟုဆိုသည်) ဟုအနက်ရသည်။ တချိန်က “ဘုရားသခင်၏ခြင်္သေ့”ဟုအနက်ရသောမြို့တော်သည်ယခုအခါယဇ်ပလ္လင် များဖြင့်ပြည့်နှက်နေသည်။ ထိုသူများသည်ယဇ်ပူဇော်သူများဖြစ်သည်။

၂၉:၅-၈ ရန်သူများကယေရုရှလင်မြို့အားတိုက်ခိုက်ချေမှုန်းဖို့ပြုကြစဉ် ဘုရားသခင်သည်ကြားဝင်၍ဖြေရှင်းပေးသည်။ ရန်သူများကိုမြေမှုန့်၊ ဖုံမှုန်ရှင်း လင်းသည့်ပမာသန့်စင်စေသည်။ အိပ်ယာမှလန့်နိုးသည့်အခါပျောက်လွင့်သည့် အိပ်မက်ကဲ့သို့ပျောက်ကွယ်သွားကြသည်။

၂၉:၉-၁၂ ထိုရပ်သူရွာသားများသည် အိပ်ချင်ယောင်ဆောင်သူအနိုးရခက် ကြသည်။ မမြင်ချင်၊မကြားချင်ယောင်ဆောင်ကြသည်။ မူးယစ်သောက်စား၍ တေလေဂျပိုးပြုကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုစိတ်မဝင်စားကြ။ ဘုရားသခင်၏စကားများကိုဖတ်ခိုင်းလျှင်တံဆိပ်တော်ခတ်နှိပ်ထားသော ကြောင့် ဖတ်နိုင်စွမ်းမရှိဟုတစ်ယောက်ပြီးတစ်ယောက်ငြင်းဆိုကြသည်။

၂၉:၁၃-၁၄ အဘယ်ကြောင့်ဆိုသော် ဘာသာစကားကိုလူမြင်ကောင်း အောင်အပေါ်ယံမျှသာယုံကြည်လက်ခံကြသည်။ ဘုရားသခင်ကိုဘာသာရေး အယူဝါဒတစ်ခုအဖြစ်သာသိမှတ်ကြသည်။ ဘုရားသခင်သည်သဘာဝလွန်တရား စီရင်သူ၊ လူ့ဉာဏ်ပညာဖြင့်မမီနိုင်သောအသိဉာဏ်အရှင်သခင်ဖြစ်သည်။ အပိုဒ် ငယ်(၁၄)တွင်ပါရှိသည်။ အံ့ဩကြောက်မတ်ဖွယ်အမှုဆိုသည်မှာသနာခရိပ်ဝင် ရောက်လာခြင်းဖြစ်သည်။ ထို့အကြောင်းကို W.E.Vine ကဤသို့ဆိုထား သည်။

ယုဒအုပ်စိုးသူမင်းများသည်အဲဂုတ္တုပြည်လက်အောက်ခံကြသည်။ ထိုသို့ ပြုခြင်းသည်နိုင်ငံရေးပရိယာယ်ဟုဆိုနိုင်သော်လည်း ဘုရားသခင်၏အမြင် တွင်ဘုရားကိုပုန်ကန်ခြင်းဖြစ်သည်။ ဘုရားသခင်သည်ယုဒများအားနိုင်ငံရေး ပရိယာယ်ကြွယ်ဝစေလိုသည်မဟုတ်။ ဘုရားသခင်တစ်ပါးတည်းကိုသာကိုးစား စေချင်သည်။ ဘုရားသခင်၏အမှုတော်၌ပျော်မွေ့စေချင်သည်။၃၉

ယနေ့ခေတ်ကာလတွင်လည်းအံ့ဩကြောက်မက်ဖွယ်အမှုသည် ဧဝံဂေလိ သတင်းစကားအားဖြင့်ပြည့်စုံပြီ (၁ကော၁:၁၈-၂၅ကိုကြည့်)။

၂၉:၁၅-၁၆ အုပ်စိုးသူမင်းများက ဘုရားသခင်ကိုမမြင်ဘဲ၊ အဲဂုတ္တုတို့၏ လှည့်စားမှုခံပြီးမိဿဟာယပြုခြင်းသည်အမင်္ဂလာဖြစ်သည်။ အမှုကိစ္စတိုင်း တွင်ပုလင်းတူးဗူးဆို့ကြသည်၊။ အပြန်အလှန်အပေးအယူတည့်ကြသည်။ အိုးထိန်းသမားကို အိုးမြေကဲ့သို့ထင်မှတ်ကြသည်။ ထိုသို့ဖြင့်ဘုရားသခင်၏ဉာဏ်ပညာနှင့် ဘုန်းတန်ခိုးကိုငြင်းပယ်ကြသဖြင့်အမင်္ဂလာရှိကြသည်။

၂၉:၁၇-၂၁ သို့သော်ရွေးနှုတ်ရာနေ့ရောက်သောအခါ ထင်မှတ်သူဟူသမျှ အားလုံးဇောက်ထိုးပြောင်းပြန်မှောက်လှန်မည်။ ယခုကာလတွင်တောရိုင်းမြေ (ဝေဗဒုန်)သည်အသီးအနှံစည်ပင်ရာလယ်ဖြစ်မည်။ မျက်မှောက်ကာလတွင် အသီးအနှံဖြစ်ထွန်းသောမြေယာသည်ထိုနေ့ရက်တွင်အသီးအကင်းမျှပင်တွေ့ မည်မဟုတ်။ ဖုန်းဆိုးတောကဲ့သို့ဖြစ်မည်။ နားပင်းသောသူတို့သည်ကျမ်းစကားကိုကြားလိမ့်မည်။ မျက်စိကန်းသောသူတို့သည်မှောင်မိုက်ခြင်းနှင့်ကင်းလွတ်၍ အလင်းမြင်ကြလိမ့်မည်။ စိတ်နှိမ့်ချသောသူတို့သည်ထာဝရဘုရားကိုအမှီပြု၍ ဝမ်းမြောက်ခြင်း၊တိုးပွားကြလိမ့်မည်။ ဖိစီးနှိပ်စက်တတ်သူ၊ ဟော့ရမ်းမိုက်ရိုင်း သူလူတန်းစားရှိတော့မည်မဟုတ်။ မတရားသဖြင့်ပြုသောသူ၊ ထောင်ချောက် ဆင်သောသူများပပျောက်မည်။ ဖြောင့်မတ်ခြင်းကိုသာရှာဖွေကြိုးပမ်းကြမည်။

၂၉:၂၂-၂၄ ကျန်ကြွင်းသော ဣသရေလများကိုယာကုပ်အမျိုးဟု ဤ နောက်ဆုံးကျမ်းပိုဒ်တွင်အမွှမ်းတင်ထားသည်။ အရှက်အကြောက်နှင့်အန္တရယ် များကျော်ဖြတ်ကုန်ပြီ။ ယာကုပ်၏ သားသမီးများသည်ဘုရားစစ်ဘုရားမှန်ကိုသိရှိသွားကြ၍ ရှိခိုးကိုးကွယ်ကြမည်။ ဘုရားသခင်ကိုကြောက်ရွံ့ကြမည်။ နလဗိန်းတုံးလူမိုက်များဉာဏ်ပညာရရှိ၍ လူဆိုးများယဉ်ပါးလာကြမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။