ဟေရှာယအနာဂတ္တိကျမ်း - ၂၂

ဗျာဒိတ်ရူပါရုံချိုင့်နှင့်ဆိုင်သောဗျာဒိတ်
1ဗျာဒိတ်ရူပါရုံချိုင့်နှင့် ဆိုင်သောဗျာဒိတ်တော်ကား၊ သင့်တစ်မြို့လုံးသည် အိမ်မိုးပေါ်သို့တက်ရမည်အကြောင်း၊ အဘယ်အမှု ရောက်သနည်း။ 2အထက်က အသံဗလံများ၍ အုတ်အုတ်ကျက်ကျက် ပြုတတ်သောမြို့၊ ရွှင်လန်းသောမြို့၊ သင်၏လူသေတို့သည် ဓားလက်နက်ကြောင့် ဆုံးကြသည်မဟုတ်။ စစ်တိုက်ရာမှာ သေကြသည်မဟုတ်။ 3သင်၏မင်းအပေါင်းတို့သည် အတူပြေးကြ၏။ လေးသမားတို့လက်၌ ချည်နှောင်လျက် ရှိကြ၏။ တွေ့သမျှသော သင်၏လူတို့သည် အဝေးသို့ပြေးသော်လည်း၊ အတူချည်နှောင်လျက် ရှိကြ၏။ 4ထိုကြောင့် ငါဆိုသည်ကား၊ ငါ့ကိုမကြည့်ပါနှင့်။ ပြင်းစွာ ငိုရမည်။ ငါ့အမျိုးသတို့သမီးပျက်စီးသည်ဖြစ်၍၊ ငါ့စိတ်ပြေစေခြင်းငှာ မကြိုးစားပါနှင့်။ 5ကောင်းကင် ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည်၊ ဗျာဒိတ်ရူပါရုံချိုင့်တွင် စီရင်တော်မူသဖြင့်၊ ဒုက္ခခံရာကာလ၊ နှိပ်စက်နှောင့်ယှက်ရာကာလ၊ မြို့ရိုးကိုဖြို၍ တောင်တို့ကို အော်ဟစ်ရာကာလသည် ရောက်လေပြီ။ 6ဧလံအမျိုးသည် မြားတောင့်ကို ဆောင်လျက်၊ ရထားစီးသူရဲ၊ မြင်းစီးသူရဲတို့နှင့်တကွ လာ၏။ ကိရအမျိုးသည် ဒိုင်းလွှားကို ထုတ်လေ၏။ 7သင်၏အမြတ်ဆုံးသော ချိုင့်တို့သည် ရထားနှင့်ပြည့်ကြ၏။ မြင်းစီးသူရဲတို့သည် မြို့တံခါးရှေ့မှာ တပ်ချကြ၏။ 8ယုဒပြည်ကို ဖွင့်လှစ်သည် ဖြစ်၍၊ သင်သည် ထိုအခါ လက်နက်စုံသိုထားရာ၊ တောနန်းတော်သို့ ကြည့်ရှုလိမ့်မည်။ 9ဒါဝိဒ်၏မြို့ အပြိုအပျက်များသည်ကို သင်၏လူတို့သည် မှတ်ရကြလိမ့်မည်။ အောက်ရေကန်မှ ထွက်သောရေကို စုဝေးစေကြလိမ့်မည်။ 10ယေရုရှလင်မြို့၌ရှိသော အိမ်များကို ရေတွက်ကြလိမ့်မည်။ မြို့ရိုးကိုပြုပြင်လိုသောငှာ၊ အိမ်များကို ဖြိုဖျက်ကြလိမ့်မည်။ 11ရေကန်ဟောင်းမှ ထွက်သောရေ စုဝေးရာကိုလည်း၊ မြို့ရိုးနှစ်ထပ်စပ်ကြားတွင် လုပ်ကြလိမ့်မည်။ သို့ရာတွင်၊ ဤအမှုကို စီရင်တော်မူသောသူကို သင်တို့သည် မကြည့်မမှတ်တတ်ကြ။ ရှေးကဖန်ဆင်းတော်မူသောသူကို ပမာဏမပြုတတ်ကြ။ 12ထိုကာလ၌ ငိုကြွေးမြည်တမ်းခြင်း၊ ဆံပင်ကို ပယ်ဖြတ်ခြင်း၊ လျှော်တေအဝတ်ကို ဝတ်စည်းခြင်းအလိုငှာ၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားသည် နှိုးဆော်တိုက်တွန်းတော်မူသော်လည်း၊ 13ကြည့်ပါ။ ဝမ်းမြောက် ရွှင်လန်းခြင်းအမှု၊ သိုးနွားများကို သတ်ခြင်း၊ အမဲသားစားခြင်း၊ စပျစ်ရည်သောက်ခြင်းအမှုကို ပြုလျက်၊ ငါတို့သည် စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်ဟု ပြောဆိုကြသည်တကား။ 14ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့နား၌ ဗျာဒိတ်ပေးတော်မူသည်ကား၊ အကယ်စင်စစ် သင်တို့အပြစ်သည် သင်တို့ မသေမချင်းတိုင်အောင် မပြေမရှင်းရဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏။
ရှေဗနကိုသတိပေးခြင်း
15ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘဏ္ဍာတော်စိုး၊ နန်းတော်အုပ် ရှေဗနအိမ်သို့ သွားပြီးလျှင်၊ 16မြင့်သောအရပ်၌ ကိုယ်သင်္ချိုင်းတွင်းကို ထွင်း၍၊ ကိုယ်နေရာကို ကျောက်၌ထုလုပ်သောသူ၊ သင်သည် ဤအရပ်၌ သင်္ချိုင်းတွင်းကို ကိုယ်အဖို့ထွင်းစေခြင်းငှာ၊ ဤအရပ်နှင့် အဘယ်သို့ဆိုင်သနည်း။ ဤအရပ်သားတို့တွင် အဘယ်သူနှင့် ဆိုင်သနည်း။ 17ထာဝရဘုရားသည် ပြင်းစွာသောနှင်ထုတ်ခြင်းဖြင့် သင့်ကို နှင်ထုတ်တော်မူလိမ့်မည်။ သင့်ကို အမှန်ကိုင်ဖမ်း၍၊ 18တလိမ့်လိမ့် လှိမ့်လျက်၊ လောက်လွှဲစာကဲ့သို့ ကျယ်သောပြည်သို့ ပစ်လိုက်တော်မူလိမ့်မည်။ သင်သည် ထိုပြည်၌ သေရလိမ့်မည်။ ထိုပြည်၌လည်း သင်၏ ကျက်သရေရထားတို့သည်၊ သင့်အရှင်၏အမျိုး အရှက်ကွဲစရာဖြစ်ရကြလိမ့်မည်။ 19ငါသည်လည်း သင်၏အရာကိုနုတ်မည်။ သင်၏နေရာမှသင့်ကိုချမည်။ 20ထိုကာလ၌ ငါ့ကျွန်၊ ဟိလခိ၏သားဧလျာကိမ်ကို ငါခေါ်၍၊ 21သင်၏ဝတ်လုံနှင့် ဝတ်ဆင်စေမည်။ သင်၏ခါးစည်းနှင့် ချီးမြှောက်၍၊ သင်၏အစိုးရသောအခွင့်ကို အပ်ပြီးလျှင်၊ သူသည် ယေရုရှလင်မြို့သူ၊ ယုဒအမျိုးသားတို့၏အဘဖြစ်လိမ့်မည်။ 22ဒါဝိဒ်မင်းမျိုး၏တံခါးသော့ကို သူ၏ပခုံးပေါ်မှာ ငါတင်ထားသဖြင့်၊ သူသည် အဘယ်သူမျှမပိတ်နိုင်အောင်ဖွင့်လိမ့်မည်။ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်လိမ့်မည်။ 23မြဲသောအရပ်၌ စွဲသောတံစို့ကဲ့သို့ သူ့ကိုငါစွဲစေမည်။ သူသည် မိမိအဘ၏အိမ်၌ ကျက်သရေပလ္လင်ဖြစ်လိမ့်မည်။ 24သူ၏အဘအိမ်၌ ရှိသမျှသောဘုန်းအသရေ၊ အမျိုးအနွယ်၊ အမြတ်အယုတ်၊ ခွက်ဖလားရှိသမျှ၊ အင်တုံ၊ အိုးအမျိုးမျိုးတို့ကို သူ၌ ဆွဲထားကြလိမ့်မည်။ 25ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလတွင် မြဲသောအရပ်၌ အရင်စွဲသောတံစို့သည် နေရာမှရွှေ့၍၊ ခုတ်လှဲခြင်းကို ခံရလိမ့်မည်။ သူ၌ဆွဲထားသောဥစ္စာသည်လည်း၊ ခုတ်ပယ်ခြင်းကို ခံရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

ဟေရှာယအနာဂတ္တိကျမ်း - ၂၂ (အနက်ဖွင့်)

၁၁။ ယေရုရှလင်(အခန်း၂၂)

၂၂:၁-၅ ဗျာဒိတ်ရူပါရုံချိုင့်ဝှမ်းသည်ယေရုရှလင်မြို့ကိုရည်ညွှန်းသည် (ငယ်၉၁၁ကိုကြည့်)ယေရုရှင်လင်မြို့တော်သည်ဝိုင်းရံခြင်းခံနေရသည်။ မြို့သူ မြို့သားများသည်အိမ်ခေါင်မိုးနှင့်မြို့ရိုးမျှော်စင်တက်၍လာရောက်ဝိုင်းရံသော ရန်သူများကိုလှမ်းကြည့်ကြသည်။ တချိန်ကပျားပန်းခတ်မျှစည်းကားခဲ့သော မြို့လယ်လမ်းမကြီးသည်ပလိပ်ရောဂါသည်များဖြင့်ဒုက္ခတောများဖြစ်ပြီ။ အုပ် စိုးသူမင်းများနှင့်မြို့သူမြို့သားများထိုဘေးရန်မှလွတ်မြောက်ဖို့ကြံစည်ရုန်း ကန်ကြသည်။ ထိုမြို့သားများထဲတွင်ဟေရှာယကိုယ်တိုင်လည်းပါဝင်သည်။  ဘုရားသခင်ကယေရုရှလင်မြို့တရားစီရင်မည့်အကြောင်းကိုအသဲတထိတ် ထိတ်ဖြင့်စိတ်ပူစောင့်ကြည့်နေရသည်။

၂၂:၆၁-၁ ဧလံနှင့်ကိရမြို့များသည်ဗာဗုလုန်စစ်သားများအင်အားစုစည်း ရာတောင်းပိုင်းနှင့်မြောက်ပိုင်းရပ်ဖြစ်သည်။ မြင်းရထားများနှင့်မြင်းစစ်သည် တော်များသည်ချိုင့်ဝှမ်းလွင်ပြင်တစ်ခုလုံးတွင်ပြည့်နှက်လျက်မြို့တော်ကိုဝိုင်းရံ ပိတ်ဆို့ထားကြသည်။ ဂျူးလူမျိုးများသည်ဝိုင်းဝန်းပိတ်ဆို့ခြင်းဘေးရန်မှလွတ် မြောက်အောင်အကြံထုတ်ကြသည်။ ကြံ့ကြံ့ခံနိုင်အောင်စီစဉ်ကြသည်။ အိမ်နံရံ များကိုဖျက်ဆီး၍မြို့ရိုးခိုင်ခံအောင်မွမ်းမံပြင်ဆင်ကြသည်။ ရေကန်ဟောင်းမှ ထွက်သောရေများကိုသွယ်တန်းသောက်သုံးကြသည်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အမျိုးမျိုးကြိုးစားပြင်ဆင်ကြသည်။ သို့သော်ရှေးကဖန်ဆင်းတော်မူသောသူကို မကြည့်မှတ်တတ်ကြ။

၂၂:၁၂-၁၄ ဘုရားသခင်သည်ထိုသူများကိုနောင်တရဖို့ခေါ်သောအခါပြက် ရယ်ပြုဟားတိုက်ခဲ့ကြဘူးသည်။ ဘုရားစကားကိုမထီလေးစားပြုခြင်းကိုဘုရားသခင်ကခွင်မလွှတ်နိုင်။

၂၂:၁၅-၁၉ ဟေဇကိမင်း၏ဘဏ္ဍာစိုးရှေဗနသည်သူ့အတွက်သင်္ချိုင်းဂူ ထွင်းလုပ်သည်။ ၎င်းသည်အချည်းနှီးဖြစ်သည်။ အကြောင်းဆိုသော်ထိုအမတ် မင်းသည်ထိုမြို့တွင်သေရမည်။ လောက်စာလုံးလွှဲပစ်သကဲ့သို့အဝေးသို့ရောက် မည်။ တိုင်းတပါးသို့ဖမ်းဆီးခြင်းခံရမည်။ ထို့အပြင်ရှေဗနသည်အဲဂုတ္တုပြည်၌ အဲဂုတ္တုမင်းနှင့်ပေါင်းဖက်သောကြောင့်ကျက်သရေယုတ်ကမ်းသည်မိမိဘုရင် ကိုသစ္စာဖောက်ခြင်းဖြင့်အရှက်ကွဲစေသည်။

၂၂:၂၀-၂၄ ရှေဗနလွန်မြောက်သောအခါသူ့နေရာတွင်ဘုရားသခင်က ဟိလခိသားဧလျာကိမ်အားနေရာပေးသည်။ ဧလျာကိမ်သည်ဘုရားသခင်ကချီး မြှောက်ထားသူဖြစ်သည့်အတိုင်းမင်းကျင့်တရားနှင့်အညီစီရင်တတ်သူဖြစ် သည်။ ဒါဝိဒ်၏အိမ်တော်သော့တံခါး၃၂ ကိုလည်းအပ်နှင်းထားသည်။ မင်းကျင့်သိက္ခာထိန်းသူဖြစ်၍နေပြည်တော်ကိုစောင့်ထိန်းသောအစေခံကောင်းဖြစ်သည်။  (ဗျာ၃:၇)တွင်သခင်ယေရှုကိုဒါဝိဒ်၏အိမ်တော်သော့ထိန်းအဖြစ်ဖေါ်ပြထား သည်။ ထို့ကြောင့်ဧလျာကိမ်သည်ဘုရားသခင်၏အမှုတော်တွင်လူမှန်၊ နေရာမှန်ရရှိ‌သူ၊ အမှုတော်ဆောင်ကောင်းဖြစ်ကြောင်းသိရှိရသည်။

၂၂:၂၅ ဘုရားရှင်ကဧလျာကိမ်ကိုမြဲသောအရပ်၌စွဲသောတံစိုကဲ့သိုသူ့ကို ငါစွဲစေမည်။ (ငယ်၂၃)ဟုဆိုသည်။ ထိုတံစို့နေရာမှရွှေ့ခြင်း၊ခုတ်လှဲခြင်းသည်ယုဒလူမျိုးများပြိုလဲပျက်စီး၍ဖမ်းဆီးခံရမည့်အကြောင်းအတိတ်နိမိတ်ပေးသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။