ဟေဗြဲဩဝါဒစာ - ၆

1-2ထိုကြောင့်၊ သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကို နောင်တရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဗတ္တိဇံ တရားကိုသွန်သင်ခြင်း၊ လက်ကိုတင်ခြင်း၊ သေလွန်သော သူတို့၏ထမြောက်ခြင်း၊ ထာဝရစီရင် ဆုံးဖြတ်ခြင်းတည်းဟူသော မူလအမြစ်ကို ငါတို့သည် ပြန်၍မတည်ဘဲ၊ ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ်သော အကြောင်းအရာတို့ကို ထား၍၊ စုံလင်သောအဖြစ်သို့ တက်ကြကုန်အံ့။- 3ဘုရားသခင်အခွင့်ပေးတော်မူလျှင်၊ ငါတို့သည် ထိုသို့ပြုကြမည်။- 4အလင်းသို့ တစ်ခါရောက်၍ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်ကိုခံယူခြင်း၊- 5ဘုရားသခင်၏ ကောင်းမြတ်သော တရားစကားကိုလည်းကောင်း၊ နောင်ကပ်ကာလ၏ တန်ခိုးများကိုလည်းကောင်း၊ မြည်းစမ်းခြင်းရှိပြီးမှ၊- 6ရွေ့လျော့ဖောက်ပြန်သောသူတို့သည်၊ မိမိတို့တွင် ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်၍ အသရေတော်ကို ရှုတ်ချသောသူဖြစ်သောကြောင့်၊ နောက်တစ်ဖန် နောင်တရအံ့သောငှာ အသစ်ပြုပြင်ခြင်းသို့ မရောက်နိုင်ကြ။- 7ဥပမာကား၊ အကြင်မြေသည် မိမိအပေါ်သို့ အဖန်ဖန်ကျသော မိုးရေကိုသောက်၍၊ လုပ်သောသူသုံးဖို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ်၏။ ထိုမြေသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံတတ်၏။- 8အကြင်မြေသည် ဆူးပင်အမျိုးမျိုးကို ဖြစ်စေတတ်၏။ ထိုမြေသည် ပြုစုခြင်းကိုမခံထိုက်။ ကျိန်ခြင်းကို ခံရသော အချိန်နီးသည် ဖြစ်၍၊ နောက်ဆုံး၌ မီးရှို့ခြင်းသို့ ရောက်တတ်၏။
9ထိုသို့ပြောသော်လည်း၊ ချစ်သူတို့၊ သင်တို့သည် ကယ်တင်ခြင်းနှင့် ယှဉ်သောအရာ၊ သာ၍ ကောင်းသောအရာတို့နှင့် ဆိုင်သည်ကို၊ ငါတို့သည် သဘောကျလျက်ရှိကြ၏။- 10အကြောင်းမူကား၊ သင်တို့သည် သန့်ရှင်းသူတို့ကို အထက်က လုပ်ကျွေးသည်သာမက၊ ယခုပင် လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကိုလည်းကောင်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူသည်မဟုတ်။- 11-12သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့် ကင်းလွတ်၍၊ ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့် ကတိတော်တို့ကို အမွေခံရသောသူတို့နည်းတူ ကျင့်နိုင်မည်အကြောင်း၊ ထိုသို့သော လုံ့လဝိရိယကို ထုတ်၍၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့် ကင်းသော မျှော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှာ ငါတို့သည် အလိုရှိကြ၏။
မြဲမြံသောကတိတော်
13ဘုရားသခင်သည် အာဗြဟံ၌ ကတိထားတော်မူသောအခါ၊ ကိုယ်တော်ထက်သာ၍ ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုရန် မရှိသောကြောင့်၊ ကိုယ်တော်ကို တိုင်တည်၍၊- 14ငါသည်သင့်အား အစဉ်အမြဲကောင်းချီးပေးမည်။ သင့်ကို အစဉ်အမြဲပွားများစေမည်ဟု ကျိန်ဆိုတော်မူ၏။-က၊ ၂၂း၁၇။ 15ထိုသို့နှင့်အညီ အာဗြဟံသည် သည်းခံလျက် စောင့်နေပြီးမှ၊ ကတိတော်ကိုဝင်စားလေ၏။- 16လူတို့သည် မိမိထက်ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုလေ့ရှိကြ၏။ မြဲမြံစေတတ်သော အကျိန်သည် ငြင်းခုံခြင်းရှိသမျှကို ဖြေတတ်၏။- 17ထိုကြောင့်၊ ကတိတော်ကို အမွေခံရသောသူတို့သည်၊ ဘုရားသခင်၏ အကြံအစည်တော် မဖောက်ပြန်နိုင်ကြောင်းကို အတပ်သိစေခြင်းငှာ၊ ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူ၏။- 18အကြောင်းမူကား၊ ဘုရားသခင်သည် မုသားမသုံးနိုင်သော အရာတည်းဟူသော မဖောက်ပြန် မပြောင်းလဲနိုင်သော အရာနှစ်ပါးကို အမှီပြု၍၊ ကိုယ်ရှေ့၌ထားသော မျှော်လင့်ရာကို ခိုလှုံခြင်းငှာ ပြေးသော ငါတို့သည် သက်သာအားကြီးကြမည်အကြောင်းတည်း။- 19ထိုမျှော်လင့်ခြင်းမူကား၊ ကုလားကာအတွင်း၌ချ၍ မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ ကျောက်ဆူးကဲ့သို့ ငါတို့၌ရှိသတည်း။- 20မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်သော ယေရှုသည်၊ ငါတို့အတွက်၊ ထိုအတွင်းအရပ်ထဲသို့ ရှေ့ဆောင်၍ဝင်သောသူ ဖြစ်တော်မူ၏။

ဟေဗြဲဩဝါဒစာ - ၆ (အနက်ဖွင့်)

: အခန်းကြီး ၅:၁၁တွင် သတိပေးချက်များကို ဤအခန်းတွင် ပြန်လည်ဖော်ပြ ထားပါသည်။ ဓမ္မသစ်ကျမ်းတွင် အငြင်းပွားတတ်သောကျမ်းတစ်ခုဖြစ်သည်။ ဤကျမ်းပိုဒ်အား အနက်ဖွင့်ဆိုရာတွင် သဘောထားကွဲလွဲတတ်ကြသဖြင့် တရားသေဆုံးဖြတ်ခြင်းမပြုလိုပါ။ သို့သော် ဓမ္မသစ်ကျမ်းကို အဓိကအခြေခံထား၍ ရှင်းပြလိုပါသည်။

ပထမဦးစွာ ခရစ်တော်ဘုရားထံပါး၌သာ အခြေပြုရန် တိုက်တွန်းလိုပါသည်။ “နှုတ်ကပတ်တော်၏ မူလအစဖြစ်တော်မူသော ခရစ်တော်” (FWG) သို့မဟုတ် “ခရစ်တော်၏ အစမူလ နှုတ်ကပတ်တော်” (KSW) ဟုစာပေသဒ္ဒါအားဖြင့် ဆိုထားပါသည်။ ဤအယူဝါဒသည် ဓမ္မ ဟောင်းကာလတွင် ဘာသာရေး ဓမ္မဒဿနအတွေးအမြင် သွန်သင်ခြင်းဖြစ်၍ ဣသရေလများ အတွက် ကြွရောက်လာမည့် မေရှိယသခင်ကို ရည်ညွှန်းထားကြောင်း နားလည်ရသည်။ အခန်းငယ် ၁ နှင့် ၂ တွင် ဆက်လက်ရှင်ပြထားပါသည်။ အသေအချာဆန်းစစ်လျှင် ခရစ်ယာန်တို့၏ အစမူလ ရပ်တည်ချက် သဘောထား မဟုတ်ကြောင်း တွေ့ရမည်။ သို့သော် နောက်နောင်တွင် အယူဝါဒ တည်ဆောက်နိုင်ရန် အခြေခံသွန်သင်ခြင်း ဖြစ်လာသည်။ သခင်ခရစ်တော် ရှင်ပြန်ထမြောက်ခြင်း မင်္ဂလာကို လွယ်လင့်တကူသဘောပေါက်နိုင်ရန် ဖြစ်သည်။ သို့ကြောင့် ဤအယူအဆအောက်တွင် တင်းတိမ်ဆင်းရဲမနေဘဲ၊ ရင့်ကျက်သော အသက်တာရှိကြစေရန် နှိုးဆော်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ယုဒများ၏ချို့တဲ့အားနည်းသော ဝိညာဉ် ရေးရာမှ ရင့်ကျက်သော ခရစ်ယာန် အသက်တာ၌ ကြီးထွားစေလိုသည့်စေတနာ ဖြစ်သည်။

အုတ်မြစ်ချပြီး နောက်တဆင့်တွင် အဆောက်အဦးတည်ရသည်။ ဓမ္မဟောင်းအုတ်မြစ် ချပြီးသည်နှင့်တပြိုင်နက် သွန်သင်ချက်ခြောက်ခု အခြေချထားသည်။ ထိုအချက်သည် အစပျိုးခြင်း ဖြစ်သည်။ မဟာဓမ္မသစ်ကျမ်း၏ သမ္မာတရားဖြစ်သော သခင်ခရစ်တော်၊ ခရစ်တော်၏လူ့ဇာတိ တော်အမှုတော်နှင့် ရင့်ကျက်သောအမှုတော်တို့အကြောင်း တို့ပါဝင်သည်။

ပထမဦးဆုံး ဓမ္မဟောင်းအယူအဆမှာ သေခြင်းနှင့်ဆိုင်သော နောင်တရခြင်းဖြစ်သည်။ ထိုအကြောင်းကို မေရှိယသခင်၏ ရှေ့တော်ပြေးများဖြစ်သော ပရောဖက်များက စဉ်ဆက်မပြတ် ကြားခဲ့ကြသည်။ သေခြင်း နှင့်စပ်ဆိုင်သော အကျင့်မှ ရှောင်လွဲကြရန် သွန်သင်ဟောကြားခဲ့သည်။

သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကို မရှောင်လွဲနိုင်အရာဟုဆိုလိုသည်။ သခင်ခရစ်တော်လည်း အသေခံခဲ့သည်။ ဥပမာအားဖြင့် ဗိမာန်တော်တိုင်းတွင် ပြုလုပ်သောဝတ်ပြု ကိုးကွယ်ခြင်းသည် လည်းသခင်ခရစ်တော်ပြုခဲ့သော အလုံးစုံအမှုတော်နှင့် မအပ်စပ်ပါ။

ဒုတိယအချက်အနေဖြင့် ဘုရားသခင်ထံတော်ပါးသို့သော မျက်မှောက်ပြုရန် သွန်သင်ထားပါ သည်။ ဓမ္မဟောင်းအမြင်ကို ထပ်မံပြသခြင်းဖြစ်သည်။ ဓမ္မသစ်ကျမ်းမှ သခင်ခရစ်တော်ကို ရည်ညွန်း ထားပါသည်။ သို့သော်ဘုရားသခင်နေရာတွင် သခင်ခရစ်တော်အား အစားထိုးရန်မဟုတ်။ သခင် ခရစ်တော်ကို လက်မခံကြသူများလည်း ယခုအခါတွင် ဘုရားသခင်အဖြစ်ကြည်ညိုလာကြပါသည်။

:      နှစ်ခြင်းမင်္ဂလာသည် ခရစ်ယာန်များ၏ နှစ်ခြင်းမင်္ဂလာမဟုတ်ပါဟု သွန်သင်ထားပါ သည်။ ဘာသာရေးဆရာကြီးများဖြစ်သော ယဇ်ပုရောဟိတ်နှင့် ဣသရေလလူမျိုးတို့အား စင်ကြယ် စေခြင်းအကြောင်းဖြစ်သည်ဟု သွန်သင်ထားသည်(၉:၁၀လည်းကြည့်ပါ)။

လက်တင်ခြင်း ဓလေ့ထုံးစံသည် ဝတ်ပြုကျမ်း ၁:၄၊ ၃:၂၊ ၁၆:၂၁ ပါအစဉ်အလာများကို ယူဆောင်လာခြင်းဖြစ်သည်။ ယဇ်ပုရောဟိတ် သို့မဟုတ် အပြစ်ဖြေသူသည် ပူဇော်သက္ကာပြုသော ယဇ်ကောင်ခေါင်းပေါ်တွင် လက်တင်မင်္ဂလာပြုရသည်။ ထိုသို့ပြုခြင်းသည် အပြစ်ဖြေသူ၏အပြစ် များကိုထိုယဇ်ကောင်က ဆောင်ကြဥ်းသွားသည်ဟု ယူဆသဘောထားကြသည်။ ထိုအပြုမူသည် အပြစ်ဖြေရာဖြစ်သည်။ လက်တင်ခြင်းသည် ကနေဦးအသင်းတော်ကာလတွင် တမန်တော်များက အခြားသူများအပေါ်၌ လက်တင်ဆုတောင်းခြင်းနှင့် မသက်ဆိုင်ပါဟု ယုံကြည်ရသည် (တ ၈:၁၇၊ ၁၃:၃၊ ၁၉:၆)။

အသက်တာသေသူများ ပြန်လည်ထမြောက်ကြောင်းကို ယောဘ ၁၉:၂၅-၂၇၊ ဆာ ၁၇:၁၅ နှင့် ဟေရှာ ၅၃:၁၀−၁၂တွင် ရေးထားပါသည်။ ထိုဓမ္မဟောင်းသွန်သင်ချက်များကို (၂တိ ၁:၁၀) တွင် ထူးခြားစွာပြန်လည်ရေထားပါသည်။

ဓမ္မဟောင်း၏သမ္မတရားကို နောက်ဆုံးသတ္တု ချကြည့်လျှင် ထာဝရအပြစ်စီရင်ခြင်း တွေ့ရသည် (ဆာ ၉:၁၇၊ ဟေရှာ ၆၆:၂၄)။

ဤအယူအဆများသည် ရဟူဒီအယူအဆနှင့် ခရစ်တော် ကြွရောက်လာမည့် အကြောင်းဆက်စပ်ပေးခြင်း ဖြစ်သည်။ ခရစ်ယာန်များအနေဖြင့် ဤမျှတွင်ရပ်တန့်တင်းတိမ်မနေဘဲ၊ သခင်ခရစ်တော် ၏ဗျာဒိတ်တော်၌ ပိုမိုပြည့်စုံရင့်ကျက်ရသည်။ စာဖက်ပရိသတ်သည်လည်း ”အရိပ်သဏ္ဍာန်မှ အကောင်အထည်သို့၊ ပုံသဏ္ဍာန်မှ အစစ်အမှန်သို့  အခွံမှအဆံသို့ ဘာသာရေးအရခြုံ၊ သေမျိုးမှ ထာဝရအသက်ရှင်သော သခင်ခရစ်တော်သို့” တိုးတက်ပြောင်းလဲကြရမည်။

:      ကျမ်းစာရှင်က “ဘုရားရှင်ကအခွင့်ပေးလျှင် ထိုသို့” ပြုလုပ်ကြရန်ဟု တိုက်တွန်း အားပေးထားသည်။ အမှန်စင်စစ် ထိုကန့်သတ်ချက် အခက်ခဲများသည် ဘုရားဘက်မဟုတ်ပါ။ လူ့ဘက်တွင်သာ မူတည်သည်။ လူ့အသက်တာကို ဝိညာဉ်တော်နှင့် ပြည့်ဝစေချင်သည်။ ထိုသို့ပြည့်ဝ ရန်မှာအမှန်တကယ် ယုံကြည်မှသာလျှင်ပြည့်ဝသည်။

:      နှုတ်ကပတ်တော် သတိပေးချက်၏ အနှစ်သာရဖြစ်သည်။ လက်လျှော့ရသူများအား နောင်တရကြပါသော်လည်း ရရုံသာရှိပြီး ခရစ်တော်၌ မတည်မြဲသူများဖြစ်သည်။ ဤနေရာတွင် နောင်တရသူများသည် နောက်တကြော့ အသစ်ပြုပြင်ခြင်းမဖြစ်နိုင်ကြောင်း ရှင်းပြထားသည်။

အဘယ်သူတွေနည်း။ အခန်းငယ် ၄ နှင့် ၅ တွင် အဖြေပေးထားပါသည်။ အခွင့်အထူးများ မြည်စမ်းအရသာတွေ့ခဲ့ကြပြီး။ ကယ်တင်ခြင်းအမှုကို တကယ်မမြည်းစမ်းသူများဖြစ်သည်။ ဒုတိယ အကြိမ်မွေးဖွားခြင်းကို တကယ်မခံသူများဖြစ်သည်။ ကယ်တင်ခြင်းကိုစိတ်ချမှု၊ အသွေးတော် ရွေးနှုတ်မှုနှင့် ထာဝရအသက်ကို မပိုင်ဆိုင်သူများဖြစ်သည်။

တစ်ကြိမ်တစ်ခါတော့ အလင်းရရှိခဲ့ကြပါသည်။ ဘုရားသခင်၏ ဧဝံဂေလိသတင်းကောင်းလည်း ကြားသိခဲ့ဘူးပါသည်။ ကယ်တင်ခြင်းနှင့် ကင်းလွတ်သောမှောင်မျက်မည်းထဲတွင် ရောက်ရှိနေကြ သည်မဟုတ်။ အလင်းတစ်ခါ ကြုံဆုံလိုက်သော်လည်း ခရစ်တော်အားငြင်းပယ်သည့် ယုဒရှကရုဒ် ကဲ့သို့သော လူစားမျိုး ဖြစ်ကြသည်။

ကောင်းကင် ဆုလက်ဆောင်များကိုလည်း မြည်းစမ်းခဲ့ဘူးကြသည်။ ယေရှုခရစ်တော်သည် ကောင်းကင်ဆုလက်ဆောင် ဖြစ်သည်။ ထိုသခင်ကို မြည်းစမ်းခဲ့ဘူးကြသော်လည်း တိတိပပလက်ခံယုံ ကြည်ခြင်းမရှိကြ။ စားသောက်ခြင်းမရှိဘဲနှင့် မြည်းစမ်းရုံမျှသာ မြည်းစမ်းကြသည်က ပြဿနာ။ လက်ဝါးကပ်တိုင်ပေါ်က သခင်ယေရှုအား ရေညှိနှင့်ရေပုပ်အား ကမ်းပေးကြသောအခါ မြည်းကြည့် ရုံသာမြည်းသည်။ သို့သော်မသောက် (မ ၂၇:၃၄)။ သခင်ခရစ်တော်အား မြည်းကြည့်ရုံမြည်းကြည့် ခြင်းဖြင့်အသက်တာတွင် မလုံလောက်နိုင်ပါ။ အမှန်တကယ်ယုံကြည်လက်ခံလျှင် အနည်းဆုံးလူ သား၏အသားကို ဖဲ့ရမည်။ အသွေးတော်ကို ဆက်ဆံရမည်။ အရှင်သခင်အဖြစ် လက်ခံယုံကြည်ခြင်း မပြုနိုင်လျှင် အသက်တာတွင် ထိုအရှင်သခင် ရှင်သန်မည်မဟုတ် (ယော ၆:၅၃)။

ထိုသူများသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပတ်သက်ဆက်စပ်ခဲ့ဘူး ကြသည်။ နိဂုံးမချုပ် ခင်လူ့အသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော် ဆက်နွယ်ပါဝင်ပုံကို သိရှိဖို့တိုက်တွန်းချင်ပါ သည်။ မယုံကြည်သူကိုလည်း စင်ကြယ်စေသည် (၁ကော ၇:၁၄)။ အခွံသာမြည်းစားသူများ မယုံ ကြည်သူများ၏ အပြစ်ကိုသိသာထင်ရှားစေ၍ အပြစ်စီရင်ခြင်းခံရမည့် အကြောင်းဖော်ပြသည် (ယော ၁၆:၈)။ လူအများနောင်တရ၍ ခရစ်တော်သို့ မျှော်လင့်ချက်ထားရှိကြရန် ဦးဆောင်ပါသည်။ ဝိညာဉ်တော်မပါရှိလျှင် လူတို့သည်သန့်ရှင်းသော ဝိညာဉ်တော်နှင့် ဆက်စပ်ပတ်သက်ခြင်းမပြုနိုင်။

:      ဘုရားသခင်၏နှုတ်ကပတ်တော်လည်း မြည်းစမ်း ခဲ့ဘူးကြပါပြီ။ ဧဝံဂေလိသတင်းကောင်းကို ကြားသိရ၍ စိမ့်ဝင်နှံ့စပ်ခဲ့ဘူးကြသည်။ သို့သော်ကျောက်ဆောင်ပေါ်မှာ ကျသောမျိုးစေ့ မျိုးဖြစ်သည်။ နှုတ်ကပတ်တော်ကိုကြားသည်နှင့် မြူးတူးပျော်ရွှင်စွာ လက်ခံကြသော်လည်း အမြစ် အစွဲသဖြင့် ခဏတာသာခံသည်။ ဘေးဒုက္ခနှင့် စုံစမ်းနှောင့်ယှက်ခြင်း ကြုံတွေ့သောအခါ နှုတ်ကပတ်တော်၌ မတည်မြဲနိုင်ဘဲ အဝေးသို့ လွင့်စင်သွားကြသည် (မ ၁၃:၂၀-၂၁)။

နောင်ကာလ၏တန်ခိုးကိုလည်း မြည်းစမ်းခဲ့ကြသည်။ တန်ခိုးဆိုသည်မှာ ထူးဆန်းသော လက္ခဏာများကိုဆိုလိုသည်။ နောင်ကာလဆိုသည်မှာ သခင်ခရစ်တော်ဘုရား ဤလောကတွင် ငြိမ်သက်ချမ်းမြေ့စွာ အုပ်စိုးမည့်အနှစ်တစ်ထောင် အုပ်စိုးခြင်းကာလကို ဆိုလိုသည်။ ထိုဧဝံဂေလိ သတင်းကောင်းကို ကနဦးအသင်းတော်များ၌လည်း ဟောကြားခဲ့သည် (ဟေဗြဲ ၂:၄)။ ထိုအသင်းတော်များသည် ခရစ်တော်၏ နိုင်ငံတော်အကြောင်းကို ရှေးဦးစွာ သိရှိကြသူများဖြစ်သည်။ ထိုအံ့ဖွယ် နိမိတ်လက္ခဏာများကို ၁ရာစုနှစ်တွင် သက်သေခံခဲ့ကြသည်။ စင်စစ်ပြောရလျှင် အမှုတော်တွင် ပါဝင် ခဲ့ဘူးသူများဖြစ်သည်။ မုန့်နှင့်ငါးဖြင့် နိမိတ်လက္ခာဏာများကို သက်သေထူခဲ့ကြသည်။ လူပေါင်း ငါးထောင်အား ကျွေးမွေးပြီးသောအခါ လူထုပရိသတ်သည် တစ်ဖက်ကမ်းတိုင်အောင် အထံတော် နောက်သို့ လိုက်သွားခဲ့ကြသည်။ ခရစ်တော်က အံ့ဖွယ်လက္ခဏာများကို ယုံကြည်လက်ခံခြင်း မရှိကြ။ သို့ကြောင့်ခရစ်တော်က “ငါအမှန်အကန်ဆိုသည်ကား သင်တို့သည်နိမိတ်လက္ခာဏာ တို့ကိုမြင်သော ကြောင့်ငါ့ကိုရှာသည်မဟုတ်။ မုန့်ကိုစား၍ဝသောကြောင့် ရှာကြ၏” (ယော ၆:၁၂၆) ဟုဆိုလိုက် သည်။

:       ထိုသူများသည် အသရေတော်ကို ရှုတ်ချသောသူဖြစ်သောကြောင့် နောက်တဖန် နောင်တရအံ့သောငှာ အသစ်ပြုပြင်ခြင်းသို့ မရောက်နိုင်ကြ။ ဘာသာရေးခံယူချက်ကို ကျူးကျော် ဖောက်ဖျက်သူများ ဖြစ်သည်။ အလင်းရောင်ကင်းမဲ့ရာ အပယ်ငရဲလမ်းသို့ စမ်းတဝါးဝါး လျှောက်လှမ်းသူများ ဖြစ်သည်။

ဆိုးရွားသောအပြင်မှာ ထိုသူတို့အတွက်ဘုရားသားတော်က လက်ဝါးကပ်တိုင်တွင် အသေခံ သည်ဟူသောစကားကို ငြင်းပယ်ပြီး အရှက်တကွဲအကျိုးနဲစေခြင်းဖြစ်သည်(၆ခ)။ ကိုယ်တော်အား အလေးမထား ပစ်ပယ်ရုံသာမက၊ စော်ကားမော်ကားပြုရာရောက်သည်။ ခရစ်တော်အား ရုပ်ဖျက် ဆင်းဖျက်သစ္စာဖောက်ခြင်း၊ ဆန့်ကျင်ပုန်ကန်ခြင်းအမှုတော်အား ပြက်ရယ်ပြုရာရောက်သည်။

ဒိဋ္ဌိအယူဝါဒ

ဒိဋ္ဌိများမှာ ဧဝံဂေလိသတင်းကောင်းစကားကို ကြားသိရသော်လည်း ခရစ်ယာန်အဖြစ်လုပ်စားသူ များဖြစ်သည်။ အသင်းတော်များတွင် တကယ်ယုံကြည်သူများကဲ့သို့ တက်ရောကလေ့ရှိပြီး အတု အယောင်ယုံကြည်သူများဖြစ်သည်။ ခရစ်တော်၌ ဆက်ကပ်၍ အခြားယုံကြည်သူများနှင့် မိဿဟာ ဖွဲ့သယောင်ပြုခြင်းဖြင့် ခရစ်တော်အား ချစ်ဟန်ဆောင်သောအတွင်း ရန်သူများဖြစ်သည်။ ဒိဋ္ဌိအယူ ဝါဒသည် မယုံကြည်သူများသာမဟုတ်ပါ။ ခရစ်တော်ကို သိရှိကြားဘူးပါလျက်နှင့်လိမ်လည် လှည့်ဖျားမုသားသုံးပြီး တမင်သက်သက်သခင်ဘုရားအား ဆန့်ကျင်ကြသူများလည်း ပါဝင်သည်။

ဧဝံဂေလိသတင်းစကားကို ကြားဘူးသော်လည်း လက်မခံသူများမဟုတ်ပါ။ သခင်ခရစ်တော် အားလက်သင့်ခံရန် သန့်ရှင်းသောဝိညာဉ်တော်၏ ဖိတ်ခေါ်ခြင်းခံရသောလည်း တုံ့ပြန်ခြင်းမပြုသူ များလည်းပါဝင်သည်။ ထိုသူမျိုးကိုမူ ဒိဋ္ဌိဟုမခေါ်နိုင်သေးပါ။ ကယ်တင်ရှင်အား လက်ခံရရှိသော အခါကယ်တင်ခြင်းရရှိနိုင်ပါသည်။ အကယ်၍ မယုံကြည်သူဘဝဖြင့် သေလွန်လျှင်ထာဝရပျောက် ဆုံးမည်။ သို့သော်အရှင်သခင်ကို လက်မခံသော်အသက်တာမရှိသည့် ကာလသည် မျှော်လင့်ရာမဲ့ နေသေးသည်။

ဒိဋ္ဌိအယူအဆသည်နောက်သို့ ဈာန်လျှောခြင်းနှင့်မတူပါ။ ယုံကြည်သူတစ်ဦးသည်လည်း ခရစ်တော်နှင့်ဝေးကွာသည့် ကာလရှိတတ်သည်။ ထိုအချိန်အခါမျိုးတွင် ဘုရားရှင်နှင့်မိဿယ ပြတ်တောက်ပါသည်။ သူ့ကိုယ်သူ ယုံကြည်သူခရစ်ယာန်ဖြစ်မှန်း မေ့တတ်သည်။ သို့သော်အပြစ် ဝန်ချတောင်းပန်သောအခါ ဘုရားရှင်ထံတွင် လူမှန်နေရာမှန် ပြန်ရပါသည် (၁ယော ၁:၉)။

ဒိဋ္ဌိအယူမှားခြင်းသည် ခွင့်မလွတ်နိုင်စရာ ဧဝံဂေလိတရားကို ပြစ်မှားသောအပြစ်နှင့်မတူ ညီပါ။ သခင်ယေရှု၏ အံ့ဖွယ်နိမိတ်လက္ခာဏာများကို နတ်ဝင်စားခြင်းဟု ပြောခြင်းနှင့်အတူတူဖြစ် သည်။ ခရစ်တော်အံ့ဖွယ်နိမိတ်လက္ခာဏာများသည် သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုးအားဖြင့်သာ ဖြစ်သည်။ နတ်ဝင်စားခြင်းဟု ပြောဆိုခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်အား ရှုံ့ချရာရောက် သည်။ ထိုအပြစ်မျိုးကို ယခုမျက်မှောက်ကာလ၌ဖြစ်စေ၊ နောင်ကာလ၌ဖြစ်စေအပြစ်လွှတ်ခြင်း မရှိကြောင်း (မ ၃:၂၂ ၃၀) တွင်သတိပေးထားသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ဆန့်ကျင်ရှုံ့ချ ခြင်းအပြစ်သည် ဒိဋ္ဌိအယူမှားခြင်း ကဲ့သို့ထာဝရအမှားဖြစ်သည်။

ဒိဋ္ဌိအယူအဆသည် ၁ယော ၅:၁၆ တွင်မရဏာသေရွာ၊ လားရာလမ်းဟုဆိုသည်။ ထိုသူများ အကြောင်းကို ရှင်ယောဟန်က ဒေသန္တရအသင်းတော်များသို့ သတိပေးအကြောင်း သွန်သင်ထား သည်။ ထိုသူများသည် တသီးတခြားရှိသူများဖြစ်၍ ဒုတိယအကြိမ်မွေးဖွားခြင်း ခံရသူများမဟုတ် (၁ယော ၂:၁၉)။ ဗြောင်ကျကျပြောရလျှင် ခရစ်တော်အား ငြင်းပယ်ကြသူများဖြစ်သည်။ မရဏာ သေရွာလမ်းသို့ ချီတက်နေသူများဖြစ်၍ ထိုသူများ၏ဆုတောင်းသံသည်လည်း သဲထဲရေသွန်သကဲ့သို့ အရာမထင် (၁ယော ၅:၁၆)။

ဟေဗြဲအခန်း ၆ နှင့်တူသော ကျမ်းချက်များသည် တကယ်ယုံကြည်သူများအား စိတ်စနိုး စနှောင့်ဖြစ်စေပါသည်။ စာတန်သည် ဤကျမ်းပိုဒ်ကို လက်ကိုင်တုတ်ပြု၍ စိတ်ပိုင်းဆိုင်ရာအားနည်း သူများရုပ်ပိုင်းဆိုင်ရာ ချိနဲ့သူများကို အနိုင်ကျင့်စော်ကားလျက်ရှိသည်။ ခရစ်တော်နှင့်ဝေးကွာ၍ မျှော်လင့်ရာမဲ့သွားမှာကို စိုးရိမ်ကြသော်လည်း ထိုသောကဝေဒနာကို မဖျောက်ပစ်နိုင်ကြ။ ထိုသို့စိုး ရိမ်ပူပန်နေကြသော်လည်း ထိုသူများသည် ဒိဋ္ဌိအယူမှားဟု ဆိုနိုင်ပါသလား။ ဒိဋ္ဌိမိစ္ဆာကောင်များသည် စိုးရိမ်ပူပန်ခြင်းမရှိကြပါ။ ခရစ်တော်ကိုသာ အရှက်အကြောက်ကင်းမဲ့စွာ ဆန့်ကျင်ကြ သည်။

ထိုဒိဋ္ဌိမိစ္ဆာအယူအဆသည် ယုံကြည်သူများအား မထိုးဖောက်နိုင်လျှင် ယနေ့ခေတ်ကာလ တွင်လူကို မည်ကဲ့သို့ ထိပါးစေသနည်း။ ယုံကြည်ခြင်း နုနယ်သေးသူများ၊ ခရစ်တော်အား အတုအယောင်ယုံကြည်သူများ၊ ခဏတဖြုတ်လျှပ်တပြတ်အလင်းရရှိသူများ၊ ဘဝအသက်တာတွင် တကွေ့တနေရာတွင် အလင်းတွေ့သူများကို နဖားကြိုးဆွဲနိုင်ပါသည်။ ထိုသူသည်ဆိုးရွားသော ခါးသီးမှုဒဏ်ကြုံတွေ့ နိုင်သကဲ့သို့ စိတ်ဓာတ်ပျက်ပြား သွားနိုင်သည်။ ခရစ်တော်ကိုဆန့်ကျင်ပုန်ကန် ခြင်းအားအသက်မွေးဝမ်းကြောင်းအဖြစ် ပြုလာနိုင်သည်။ သမ္မာတရား၏ လေးနက်မှုကို တောင်း အပြည့်သိရှိပိုင်ဆိုင်သော်လည်း ဝေးလံစွာစွန့်ခွာသွားသည်။ ခရစ်တော်ကို လုံးလုံးလျားလျား စွန့်လွှတ်ပစ်ခွာ ခရစ်ယာန်ယုံကြည်ခြင်းကိုလည်း ရက်စက်ယုတ်မာစွာ စိမ်းကားပစ်သည်။ ထိုလူမျိုးသည် သိလျက်နှင့်ဘုရားသခင်ကို ရင့်သီးစွာငြင်းပယ်ကြသူများ ဖြစ်သောကြောင့် နောင်တစ်ကြိမ် နောင်တပြန်ရရန် အကြောင်းမရှိဟုဆိုသည်။ သမ္မာကျမ်းစာကလည်း ထောက်ခံ အတည်ပြုသည်။ ခရစ်တော်အားသစ္စာဖောက်၍ မိစ္ဆာဒိဋ္ဌိပေါက်သူများစွာ တွေ့ကြုံဘူးကြပါသည်။ ကျမ်းစာက သတိပေးသည့်အတိုင်းပင် ထိုကဲ့သို့လူများက ဘုရားရှင်ထံတော်သို့ ခြေဦးပြန်လှည့် သူတစ်ယောက်မျှ မရှိပါ။

ခေတ်ကာလ ကုန်ဆုံးခါနီးသည်နှင့်အညီ ထိုကဲ့သို့သော မိစ္ဆာဒဋ္ဌိများ ဒီရေအလားများပြား လာသည် (၂သက် ၂:၃၊ ၁တိ ၄:၁)။ ထို့ကြောင့် တနေ့တခြားဆုတ်ယုတ်ပျက်စီးလာကြသည့် အကြောင်းဆင်ခြင်နိုင်ရန် သတိပေးထားသည်။

:    အခုတဖန် အမှန်တကယ်ယုံကြည်သူများ တွေ့ရှိနိုင်သော ကမ္ဘာဆီသို့လှမ်းကြည့်ကြရ အောင်(ငယ်၇)။ အငယ် (၈) တွင်မူ မိစ္ဆာဒိဋ္ဌိကို တွေ့ရပြန်သည်။ ထိုနှစ်ခုစလုံးသည် အကြင်မြေနှင့် သက်ဆိုင်သည်။ အပိုဒ်ငယ် ၄ နှင့် ၅ ပါအဖန်အဖန်ကျသော မိုးရေကဲ့သို့ဖြစ်သည်။ ထိုမြေပေါက်သော သီးနှံပင်များသည် ထိုလယ်ရှင်အား ကောင်းကြီးမင်္ဂလာများစွာ ဖြစ်ထွန်းစေ၏။ ထိုစကားသည် ကောင်းကြီးမင်္ဂလာ ဖြစ်စေသော မြေနှင့်ကျိန်ခြင်း အမင်္ဂလာမခံသော မြေကိုခွဲခြားပြခြင်းဖြစ်သည်။

စစ်မှန်သောယုံကြည်သူသည် မိုးရေလုံလောက်စွာသောက်သုံးသော ထိုမြေယာကဲ့သို့ဖြစ် သည်။ သီးနှံများစွာ ဖြစ်ထွန်းလျက် ဘုရားသခင်၏ကောင်းကြီး မင်္ဂလာခညောင်းရာဖြစ်သတည်း (၆:၈)။

:    မိစ္ဆာဒိဋ္ဌိသည်လည်း ထိုလယ်ယာမြေကဲ့သို့ပင် မိုးရေလုံလောက်စွာရရှိသည်။ သို့သော် လည်းသီးနှံပင်မဖြစ်ထွန်းဘဲ၊ ဆူးနှင့်မြက်ရိုင်းဟူသော အပြစ်များသာပေါက်ရောက်သည်။ မိုးရေ လုံလောက်သော်လည်း တန်ဘိုးရှိသောအသီးများမသီး။ အသုံးမကျသောဗြုန်းတောမြေဖြစ်သော ကြောင့်စွန့်ပစ်ခြင်းခံရမှာ သေချာသည်။ ထိုလယ်မြေမျိုး၏ ကံကြမ္မာသည် မီးရှို့ရန်သာ ရှိသည်။

:    အပိုဒ်ငယ် ၉ နှင့် ၁၀ သည်မိစ္ဆာဒိဋ္ဌိများ၏ မယုံကြည်သူများကို ဖျောင်းဖျသောကျမ်း ချက်များဖြစ်သည်။ ပထမဦးစွာ ခေါ်ပုံခေါ်နည်းကို သတိပြုမိကြလိမ့်မည်။ မိစ္ဆာဒိဋ္ဌိများကို ခေါ်ဝေါ် ရာတွင် “သူတို့”ဟုသုံးနှုန်းသော်လည်း ဤကျမ်းပိုဒ်များတွင်မူ “အသင်” “သင်တို့”ဟု ပြောင်းလဲနှုတ် ချိုထားသည်။

ဒုတိယအချက်မှာ ပို၍ချိုသာလာသည်။ ချစ်သူတို့သင်တို့သည် ကယ်တင်ခြင်းနှင့် ယှဥ်သော အရာ၊သာ၍ကောင်းသောအရာတို့နှင့် ဆိုင်သည်” ဟုဆိုထားသည်။ ထိုအကြောင်းကို အခန်းငယ် ၄ နှင့် ၅ တွင်ရှင်းပြထားပြီးဖြစ်သည်။ အခန်းငယ်တွင်မူ ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ မလိုက်နိုင်သည့်အဖြစ်ဆိုးကို ဖော်ပြထားပါသည်။

:၁၀  သန့်ရှင်းသူများ၏ ကယ်တင်ခြင်းအသက်တာတွင် အရေးကြီးသော အချက်နှစ်ချက် ဒွန်တွဲပါရှိသည်။ လုပ်ကျွေးခြင်းနှင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာ ဖြစ်သည်။ ယုံကြည်ခြင်း ကိုဘဝတလျှောက် လုပ်ကျွေးသောအမှုဖြင့် သက်သေပြရသည်။ နိုးကြားသောချစ်ခြင်းမေတ္တာဖြင့် အိမ်ထောင်မိသားစု သက်သေထူရသည်။ ထို့နောက်မှနာမတော်ဘို့ အလို့ငှာဘုရားသခင်၏အခြား သားသမီးများကို လုပ်ကျွေးရသည်။

:၁၁  နောက်ကျမ်းပိုဒ်နှစ်ခုသည် အခြားအုပ်စုများအတွက် ရေးသားခြင်းဖြစ်ဟန်တူသည်။ အသေအချာလိမ်စာမတပ်သော်လည်း ရဟူဒီအယူဝါဒနောက်သို့ ပြန်လည်ပါသွားသောသူများကို ရည်ညွန်းရေးသားပုံရသည်။

ထိုသူများကို ယုံကြည်သူများမှ အတူလက်တွဲလျက် မျှော်လင့်ချက်ဆုံးခန်းရောက်သည့် တိုင်အောင် ယုံမှားခြင်းကင်းရှင်းစေလိုသည်။ ခရစ်ယာန်များ၏ နောက်ဆုံးမျှော်လင့်ရာဖြစ်သော ကောင်းကင်နိုင်ငံထိ အတူတကွလက်တွဲစေချင်သည်။ မှန်သောစကားဖြစ်ပါသည်။

:၁၂   ပျင်းရိနှေးကွေးသော ပက်ကျိကောင်ကဲ့သို့မဖြစ်စေချင်။ ခြေထောက်ကို ဒရွတ်တိုက် သွား၍နှလုံးသားကို မလေးလံစေချင်။ သည်းခံခြင်းဖြင့် ကတိတော်တို့ကိုအမွေခံရသည့် ယုံကြည်သူများနည်းတူ ကျင့်စေချင်သည်။

:၁၃  အခန်းကြီး ၆ ၏ နိဂုံးပိုင်းဖြစ်သော အခန်းငယ် ၁၂ တွင်ယုံကြည်ခြင်းဖြင့်သည်းခံ ကြရန်တိုက်တွန်းနှိုးဆော်ထားသည်။ အာဗြဟံကိုဥပမာပေး၍ စိတ်ဓာတ်တက်ကြွစေခြင်းဖြင့် ယုံကြည်သူများ၏ မျှော်လင့်ချက်ကိုမြဲမြံစေသည်။

တစ်ခုရှိသည်မှာ ခရစ်ယာန်များမနစ်နာ စေလိုခြင်းဖြစ်သည်။ ယုံကြည်သူအားလုံးအတွက် ခရစ်တော်ပေးအပ်ခဲ့သော်လည်း သက်သေပြစရာရုပ်ဝတ္ထုပစ္စည်း မရှိပါ။ အရာခပ်သိမ်းသည်အနာ ဂတ်နှင့်ဆိုင်သည်။ သို့ကြောင့် ထိုမျှော်လင့်ချက်သည် အချည်းနှီးမဟုတ်ကြောင်း မည်သို့သက်သေပြ မည်နည်း။

ထိုမေးခွန်းကို အာဗြဟံ၏အသက်တာတွင် အဖြေရှာတွေ့နိုင်သည်။ သားစဉ်မြေးဆက်ကတိ တော်ပြုခဲ့စဉ် ကိုယ်တော်တိုင် ကတိပေးခြင်းဖြစ်သည်။ ထိုအချိန်ကတည်းကပင် ကိုယ်တော်ထက် သာ၍ကြီးမြတ်သောတိုင်တည် ကျိန်ဆိုစရာမရှိ။

          :၁၄ ထိုကတိတော်ကို က ၂၂:၁၆−၁၇ တွင် “ကောင်းကင်ပေါ်က အာဗြဟံကိုခေါ်၍—ငါသည် သင့်အားအစဉ်အမြဲကောင်းကြီးပေးမည်။ သင်၏အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ် ကဲ့သို့၎င်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့၎င်း၊ အစဉ်အမြဲပွားများစေမည်” ဟုဆိုထားပါသည်။ ဘုရားရှင် ကိုယ်တော်တိုင် ကတိပေးတော်မူ၍ ပေးတော်မူသည့်အတိုင်း အမှန်အကန် ပြည့်စုံလာပါသည်။

:၁၅ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သူဖြစ်သည်။ စိတ်ရှည်သည်းခံတတ်သူ ဖြစ်သည်။ ထိုသို့ဇွဲနဘဲကောင်းစွာ ယုံကြည်သောကြောင့် ယုံကြည်ခြင်းသည်လည်း ပြည့်စုံလာ၏ သူ၏ယုံကြည်ခြင်းကို အခွင့်အရေးအဖြစ်မယူတတ်။ စွန့်လွှတ် စွန့်စားခြင်း၊ မိုက်ရူးရဲခြင်းမပြု။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သဘာဝတရားထဲတွင် အခိုင်မြဲဆုံးသော သစ္စာတရား ဖြစ်သည်။ ကတိတော်များသည် ပြုထားသည့်အတိုင်း အချိန်မှန် နေရာမှန်တွင် ပြည့်စုံလျက်ရှိသည်။

:၁၆ လူ့သဘောသဘာဝအရ တစ်ခုခုကျိန်ဆိုရာတွင် မိမိထက်ကြီးမြတ်သောအရာကို တိုင်တည် ကျိန်ဆိုလေ့ရှိသည်။ ဥပမာအားဖြင့် ပညတ်တော်ဥပဒေသနှင့်ယှဥ်၍ ကျိန်ဆိုစရာ ရှိသောအခါ “ဘုရားကယ်ပေလို့ပေါ့”ဟု တိုင်တည်တတ်သည်။ ရည်ရွယ်ပြောဆိုသည့်အတိုင်း ဖြစ်ပေါ်လာသောအခါ ဘုရားသခင်၏နာမတော်ကို ချီးမွမ်းလေ့ရှိသည်။

ကတိတစ်ခုသည် စောင့်ထိန်းအပ်သောအရာဖြစ်ကြောင်းနားလည်ခံယူထားကြသည်။ ကတိ တစ်ခုတည်ဖို့ ကျမ်းကျိန်ရာတွင် သာမန်အားဖြင့် သံသယစိတ် (အကယ်၍ကတိအတိုင်းမပြုလျှင်—ဖြစ်ပါစေ)ဟု အဆုံးသတ်ကြသည်။

:၁၇ ကတိတော်ပြုခဲ့သမျှသည် အမှန်တကယ်ပြည့်စုံလာမည့်အကြောင်း ဘုရားသခင်က ယုံကြည်စိတ်ချစေချင်သည်။ ပြုထားသမျှသောကတိတော်သည် ကုံလုံကြွယ်ဝပါသည်။ ပြုထားသော ကတိတော်ထက် ပိုမိုပြည့်လျှံအောင်ပေးသနားပါသည်။ ကတိတော်သည် တည်မြဲကြောင်း၊ ထပ်ဆင့်ကျမ်းကျိန်ခြင်း ဖြစ်ပါသည်။

ကတိတော်အမွေအားဆက်ခံသူများမှာ အာဗြဟံ၏ ယုံကြည်ခြင်းအပေါ်တွင် သစ္စာရှိသော သားသမီးများဖြစ်သည်။ ထိုကတိတော်မှာ ထာဝရကယ်တင်ခြင်းကိုရရှိကြောင်း ယုံကြည်သူများ ဖြစ်သည်။ ဘုရားသခင်က အာဗြဟံသို့ကတိတော်မျိုးစေ့ ချခဲ့ရာထိုကတိတော်သည် ခရစ်တော်နှင့်စပ် ဆိုင်သည်။ ခရစ်တော်နှင့်အတူ ကောင်းကြီးမင်္ဂလာစီးဆင်းသောကြောင့် ကတိတော်သည် တည်မြဲနေ သည်။

:၁၈  ယုံကြည်သူများသည် နှုတ်ကပတ်တော်နှင့် ကတိတည်ဟူသော မပြောင်းလဲနိုင်သည့် တရားနှစ်ခုအပေါ်တွင် တည်မှီနေသည်။ ထို့ထက် တည်တံ့ခိုင်မြဲသောအရာမရှိပါ။ ခရစ်တော်ကို ယုံကြည်ကိုးစားသူတိုင်း ကယ်တင်ခြင်းရမည်ဟု ဘုရားသခင်က ကတိတော်ပြုထားသည်။ ထိုကတိ တော်ကိုထပ်လောင်းကျမ်းကျိန်၍ အတည်ပြုထားပါသည်။ ထို့ကြောင့် ဤကမ္ဘာပေါ်မှာ ရိုးသားစွာ ယုံကြည်သူများသည် သန့်ရှင်းသူများဖြစ်သောကြောင့် ထိုကောင်းကင်နိုင်ငံတွင် ကိန်းဝပ်စိုးစံဖို့ အဆင်သင့် ဖြစ်နေသူများဖြစ်ကြောင်း အထွေအထူးပြောစရာ မလိုတော့ပါ။

ထိုအကြောင်းနှင့်ပတ်သက်၍ D. Anderson Berry ကဤသို့ရေးထားပါသည်။

“ရှေ့တော်ပြေး” ဟူသောစကားလုံးသည် ဓမ္မသစ်ကျမ်းတွင် အခြားနေရာ၌ တွေ့ရမည် မဟုတ်။ လေဝိထုံးကျမ်းတွင် အသန့်ရှင်းဆုံးသော ယဇ်ပုရောဟိတ် ဆရာကြီးကိုရည်စူး တင်စား၍ သုံးနှုန်းခြင်းဖြစ်သည်။ အခြားမည်သူမှလိုက်ပါ ဝင်ရောက်ခွင့်မရှိပါ။ သို့သော် ကျွန်ုပ်တို့၏ရှေ့တော် ပြေးမှာမူကား ကျွန်ုပ်တို့နေရမည့်နေရာအား သွားရောက်ပြင်ဆင်ပေးထားသူဖြစ်သည်။ ကျွန်ုပ်တို့၏ ရှေ့တော်ပြေးဖြစ်သည်နှင့်အညီ (၁) ကျွန်ုပ်တို့ရောက်ရှိလာမည့် နေရာအတွက် နေရာထိုင်ခင်းပြင် ဆင်ပေးသည်။ (၂) ကျွန်ုပ်တို့ကိုယ်စားကောင်းကင် ကောင်းကြီးမင်္ဂလာများကို ပြင်ဆင်ပေးထား သည်။ (၃) ကိုယ်တော်၏လူများရောက်ရှိလာသောအခါ ခရီးဦးကြိုပြုဖို့ရန်နှင့် ကောင်းကင်နိုင်ငံ၏ လျှို့ဝှက်သဲဖိုများကို ပေးအပ်ဖို့ဖြစ်သည်။

စတုတ္ထအချက်မှာ ယဇ်ပုရောဟိတ်မင်းကြီးအရာဖြစ်သည်။ ကျွန်ုပ်တို့၏ သခင်ယေရှုသည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်း ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဒိဋ္ဌိအယူဝါဒ သမားများအကြောင်းကို ၅:၁၀တွင် တွေ့ရသည်။ ယခုအချိန်တွင်မူ ခရစ်တော်၏ ယဇ်ပုရောဟိတ်မင်းကြီးအရိုက်အရာသည် အာရုန်၏ကြီးမြတ်မှုထက်ကြီးမြတ်ကြောင်း ဝန်ခံကြရပေသည်။ ကိုယ် တော်သည် ထိုအမှု၏အဓိကအချက်ကို လွှမ်းခြုံမိလေပြီ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။