ကမ္ဘာဦးကျမ်း - ၇

ရေလွှမ်းမိုးခြင်း
1ထိုနောက်၊ ထာဝရဘုရားသခင်သည် နောဧကို တစ်ဖန်မိန့်တော်မူပြန်သည်ကား၊ ဤကာလအမျိုးတွင် သင်သည် ငါ့ရှေ့၌ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည်ဖြစ်၍၊ သင်၏အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ကြလော့။ 2မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပျက်ဆက်နွယ်စေခြင်းငှာ၊ စင်ကြယ်သော သားမျိုး၊ တစ်မျိုးတစ်မျိုးတွင် အထီးအမခုနစ်စုံစီ၊ မစင်ကြယ်သော သားမျိုး၊ တစ်မျိုးတစ်မျိုးတွင်လည်း အထီးအမနှစ်စုံစီ၊ 3မိုးကောင်းကင်ငှက်၊ တစ်မျိုးတစ်မျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးအသီးတို့ကို သိမ်းယူရမည်။ 4အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုးရွာစေမည်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည်ဟု၊ ထာဝရဘုရားမှာထားတော်မူ၏။ 5မှာထားတော်မူသည်အတိုင်းလည်း နောဧပြုလေ၏။ 6မြေကြီးကို ရေလွှမ်းမိုးသောအခါ၊ နောဧသည် အသက်ခြောက်ရာရှိသတည်း။ 7ရေလွှမ်းမိုးခြင်းဘေးကြောင့်၊ နောဧသည် မိမိ သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ဝင်၍၊မ၊ ၂၄:၃၈-၃၉။ လု၊ ၁၇:၂၇။ 8ဘုရားသခင်မှာထားတော်မူသည်အတိုင်း စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များနှင့် မြေပေါ်မှာတွားတတ်သောတိရစ္ဆာန်များအထဲက၊ 9အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ဝင်ကြ၏။
10ခုနစ်ရက်စေ့သောအခါ၊ လွှမ်းမိုးအပ်သောရေသည် မြေပေါ်၌ပေါ်လာ၏။ 11နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကိုပယ်ရှင်း၍၊ မိုးကောင်းကင်ပြွန်၀များကို ဖွင့်သဖြင့်၊၂ ပေ၊ ၃:၆။ 12အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာမိုးရွာလေ၏။ 13ထိုနေ့ရက်တွင်၊ နောဧနှင့် မိမိမယားမှစ၍ ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော နောဧသားသုံးယောက်၊ ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ဝင်ကြ၏။ 14သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတတ်သောကြက်ငှက်မျိုး၊ 15အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးအပေါင်းတို့အထဲက၊ အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ဝင်ကြလေ၏။ 16ထိုသို့နောဧကို ဘုရားသခင်မှာထားတော်မူသည်အတိုင်း ဝင်သောတိရစ္ဆာန်တို့သည်၊ ခပ်သိမ်းသောတိရစ္ဆာန်တို့အထဲက၊ အထီးအမစုံလျက်ဝင်ကြ၏။ ထာဝရဘုရားသည်လည်း၊ နောဧကို အထဲမှာပိတ်ထားတော်မူ၏။
17ရေလွှမ်းမိုးခြင်းသည်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ အစဉ်အတိုင်းတိုးတက်၍၊ သင်္ဘောကို မြေမှခွာလျက် ဆောင်ယူလေ၏။ 18တစ်ဖန်ရေသည်အားကြီး၍၊ မြေကြီးပေါ်မှာ အလွန်တိုးတက်သဖြင့်၊ သင်္ဘောသည် ရေမျက်နှာပေါ်၌ မျောလျက်နေလေ၏။ 19နောက်တစ်ဖန်ရေသည် မြေကြီးပေါ်မှာ အလွန်အားကြီးသဖြင့်၊ မိုးကောင်းကင်အောက်၌ ရှိသမျှသောတောင်ကြီးအပေါင်းတို့သည် မြုပ်ကြ၏။ 20ရေမြုပ်သောတောင်တို့အထက်၌ လွှမ်းတက်သောရေသည် ဆယ်ငါးတောင်ရှိသတည်း။
21မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသော ငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။ 22အသက်ရှူလျက် ကုန်းပေါ်မှာရှိလေသမျှတို့သည် သေကြကုန်၏။ 23မြေမျက်နှာပေါ်၌ ရှိသောလူဖြစ်စေ၊ သားဖြစ်စေ၊ တွားတတ်သောအရာဖြစ်စေ၊ မိုးကောင်းကင်ငှက်ဖြစ်စေ၊ အသက်ရှင်သောအရာရှိရှိသမျှတို့ကို မြေကြီးပေါ်ကပယ်ရှင်းတော်မူ၍၊ ပျက်စီးကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧမှစ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသောသူတို့သာ ကျန်ကြွင်းကြလေ၏။ 24ရေသည်လည်း မြေကြီးပေါ်မှာ၊ ရက်ပေါင်း တစ်ရာငါးဆယ်ပတ်လုံး အားကြီးစွာတည်လေ၏။

ကမ္ဘာဦးကျမ်း - ၇ (အနက်ဖွင့်)

သက်ရှိသတ္တဝါများအား အစုံလိုက် စားစရာများနှင့်အတူ နောဧသင်္ဘောထဲသို့ ယူဆောင်လာသည်။ အချို့သောကျမ်းစာ ဝေဖန်ရေးသမားများက နောဧသင်္ဘောထဲတွင် တရစ္ဆာန်မျိုးစုံနှင့် ထိုတိရစ္ဆာန်များ အတွက် တစ်နှစ်နှင့် (၁၇)ရက်စာ အစားအစာ သိုလှောင်ဖို့ မလုံလောက်နိုင်ဟု ငြင်းဆိုကြသည်။ သို့သော် အခြေခံကြသော တိရစ္ဆာန်များနှင့် ကျေးငှက်များသာ ယူဆောင်ခြင်းဖြစ်သည်။ ထို့နောက်မှ အမျိုးမျိုး သွေးနှော ပြန့်ပွားခြင်းဖြစ်သည်။ ထို့ကြောင့် သင်္ဘောသည် ထိုသူများ တွက်ချက်သည်ထက် ပို၍ချောင်ပါသေးသည်။

: အပိုဒ်ငယ်(၁)တွင် ပထမဦးဆုံး “ဝင်ကြလော့” ဟူသော စကားလုံးတွေ့ရသည်။ ထိုစကားသည် ယနေ့ခေတ်ကာလ ဧဝံဂေလိပြုရာတွင် ကျေးဇူးတော်ခံစားဖို့ရာ သင်္ဘောသို့ ဝင်ကြလော့ ဟုပြောရမည့် စကားဖြစ်သည်။

:၁၈ စင်ကြယ်သောတိရစ္ဆာန် ()စုံစီ၊ မစင်ကြယ်သော တိရစ္ဆာန်တစ်စုံစီ သင်္ဘောထဲသို့ ယူဆောင်ရမည့်အကြောင်းပြချက် မရှင်းပြပါ။ စင်ကြယ်သောတိရစ္ဆာန်များသည် အစားအစာအတွက် နှင့် ယဇ်ပူဇော်ဖို့ရာ ဖြစ်ကောင်း ဖြစ်နိုင်သည် (၈:၂၀ကိုလည်းကြည့်)။ ခုနှစ်ရက် မပြည့်မှီ တိရစ္ဆာန်များအစား အစာများ ပြင်ဆင်သိုလှောင်ထားသည် ခုနှစ်ရက် လွန်မြောက်သောအခါ ရက်ပေါင်း(၄၀) ညပေါင်း(၄၀) မိုးရွာသည်။ သမ္မာကျမ်းစာတွင် (၄၀)ဟူသော ဂဏာန်းသည် မရေမတွက်နိုင်သော ကိန်းဂဏာန်းကို ဆိုလိုသည်။

:၁၉၂၄ အချို့က ထိုမိုးရွာခြင်းသည် ဒေသန္တရကွက်ကြား ရေကြီးခြင်းဖြစ်သည်ဟု ဆိုသည်။ အပိုဒ်ငယ် ၁၉တွင် ကျမ်းစကားသက်သေရှိပါသည်။ ရေသည် မြေကြီးပေါ်မှာ အလွန်အားကြီးသဖြင့် မိုးကောင်းကင်အောက်၌ ရှိသမျှသော ကောင်းကြီးမင်္ဂလာအပေါင်းတို့သည် မြှုပ်ကြ၏” ဟု ဆိုထားပါသည်။ အကယ်၍ ကွက်ကျားရေကြီးခြင်းသာဖြစ်သည်ဟု ဆိုလျှင် ဘောလုံးကွင်း၏ ၁ဆခန့် ကျယ်ပြန့်သော သင်္ဘောကြီးအား ဘုရားသခင်က နောဧကို တည်ဆောင်ခိုင်းမည်မဟုတ်။ ထိုသို့ကြီးမားစွာ ဆောက်လုပ်ထားသောကြောင့် နောဧမိသားစု လူ(၈)ယောက်နှင့် တိရစ္ဆာန်များ အသက်ရှုမကြပ်၊ ချောင်ချိစွာ သွားလာနိုင်ကြသည်။ ကမ္ဘာမြေပြင်တရပ်လုံးမှ ရေများစိမ့်ထွက်လာကြသည်။ အာရာရပ်တောင် (Ararat) သည် ပေတစ်သောင်း ခုနှစ်ထောင်မြင့်၍ ရေ(၁၅)တောင် ဖုံးလွှမ်းသည် (ငယ် ၁၉-၂၀)။ ထိုသို့ဖြစ်လျှင် ကွက်ကျားရေကြီးခြင်းဖြစ်နိုင်ပါ့မည်လား။ က ၉:၁၅ တွင် နော်ကထပ်တဖန် ဤကဲ့သို့ ရေလွှမ်းမိုးခြင်း ဘေးဒဏ်ကြီးလာမည် မဟုတ်ကြောင်း ဘုရားသခင်က ကတိတော်ပေးထားသည်။ နေရာဒေသလိုက် ရေကြီးခြင်း၊ ရေလွှမ်းမိုးခြင်းရှိချင်ရှိမည်။ သို့သော် တစ်ကမ္ဘာလုံးကို မဖုံးလွှမ်းနိုင်။ အကယ်၍ကွက်ကြားရေကြီးခြင်းဖြစ်လျှင်ဘုရားသခင်၏ကတိတော်သည်လည်းပြည့်စုံသော ပဋိညာဉ် မဟုတ်နိုင်။  ပေတရုကလည်း ဤကျမ်းစကားကို သက်သေပြု၍ နောက်တဖန်ရေလွှမ်းမိုးခြင်း ဖြင့် ကမ္ဘာကြီးကို ဖျက်ဆီးမည်မဟုတ်။ သို့သော် မီးဖြင့် စင်ကြယ်မည်ဟု (၂ပေ ၃:၆)တွင် သတိပေးထားသည်။

နောဧ၏ သင်္ဘောကြီးသည် ခရစ်တော်ကို ပုံဆောင်သည်။ ရေပြွန်ပေါက်မှ ရေများ စိမ့်ထွက်လာကြခြင်းသည် ဘုရားသခင်၏ အပြစ်တရား စီရင်ခြင်းပုံဆောင်သည်။ သခင်ယေရှုခရစ်တော်သည် ထိုရေလွှမ်းမိုးခြင်း ဘေးဒဏ်ကြီးမှ လူသားများကယ်ဆယ်ရန် ခမည်းတော်၏ အမျက်ဒေါသကို ကရာနီကုန်းပေါ်တွင် ခံစားခဲ့သည်။ ထို့ကြောင့် ခရစ်တော်ကို ယုံကြည် ကိုးစား၍ ခရစ်တော်ထဲတွင် တည်နေသူသည် ကယ်တင်ခြင်း ရရှိကြသည်။ သင်္ဘောပြင်ပတွင် နေထိုင်သူများသည် ပျက်စီးခြင်းရောက်ကြမည် (၁ပေ ၃:၂၁ ကိုလည်းကြည့်)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။