ကမ္ဘာဦးကျမ်း - ၆

လူတို့၏ဆိုးသွမ်းခြင်း
1မြေကြီးမျက်နှာပေါ်မှာ လူတို့သည်များပြား၍ သမီးများကိုလည်း ရကြသောအခါ၊ယောဘ၊ ၁:၆။ ၂:၁။ 2ဘုရားသခင်၏သားတို့သည် လူသမီးတို့လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဖက်ကြ၏။ 3ထာဝရဘုရားကလည်း၊ ငါ့ဝိညာဉ်သည် လူတို့တွင်အစဉ်မဆုံးမရ။ အကြောင်းမူကား၊ လူတို့သည်အသားဖြစ်၏။ သူ၏အသက်တမ်းသည်လည်း၊ အနှစ်တစ်ရာနှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ၏။ 4ထိုကာလ၌၊ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသောသူအချို့ရှိကြ၏။ ထိုနောက်၌လည်း၊ ဘုရားသခင်၏သားတို့သည်၊ လူသမီးတို့နှင့်ဆက်ဆံ၍ ရသောသားတို့သည်၊ အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူ ဖြစ်ကြ၏။တော၊ ၁၃:၃၃။
5မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို၊ ဘုရားသခင်သိမြင်တော်မူလျှင်၊ 6မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသည်ကို နောင်တရ၍၊ နှလုံးတော်ပူပန်လျက် ရှိတော်မူ၏။ 7ထာဝရဘုရားကလည်း၊ ငါဖန်ဆင်းသောလူကိုလည်းကောင်း၊ လူမှစ၍ သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များတို့ကိုလည်ကောင်း မြေကြီးမျက်နှာမှ ငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကို ဖန်ဆင်းသောကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။ 8နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း။မ၊ ၂၄:၃၇။ လု၊ ၁၇:၂၆။ ၁ ပေ၊ ၃:၂၀။
နောဧအကြောင်း
9နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူသွားလာ၏။၂ ပေ၊ ၂:၅။ 10နောဧသည်၊ ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။ 11ထိုအခါ မြေကြီးသည်၊ ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံလေ၏။ 12ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖောက်ပြန်ခြင်းသို့ ရောက်ကြပြီ။
13ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကိုငါဖျက်ဆီးမည်။ 14ဂေါဖရသစ်သားဖြင့်၊ သင်္ဘောကို ကိုယ်ဖို့တည်လုပ်လော့။ အထဲ၌လည်း အခန်းများကိုလုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရှူးစေးနှင့် သုတ်လော့။ 15လုပ်ရမည်ပုံဟူမူကား၊ သင်္ဘောအလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိစေရမည်။ 16အပေါ်၌လည်းအမိုးကိုလုပ်ရမည်။ ထိုအမိုးအပေါ်အလယ်ချက်၌၊ ထိပ်အုပ်အနံတစ်တောင်အကျယ် ရှိစေရမည်။ သင်္ဘောနံတစ်ဖက်၌လည်း တံခါးကိုလုပ်ရမည်။ အောက်ဆင့်၊ အလယ်ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံးဆင့်ကိုလည်း ရှိစေရမည်။ 17အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို၊ ကောင်းကင်အောက်မှ ငါ့ကိုယ်တိုင်ပယ်ရှင်းခြင်းငှာ၊ မြေကြီးကို ရေလွှမ်းမိုးစေသဖြင့်၊ မြေပေါ်မှာရှိသမျှတို့သည် သေရကြမည်။ 18သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည် သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ဝင်ရမည်။ 19အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူအသက်ချမ်းသာစေခြင်းငှာ၊ သင်္ဘောထဲသို့ သွင်းရမည်။ 20ငှက်လည်းအမျိုးအလိုက်၊ သားလည်းအမျိုးအလိုက်၊ တွားတတ်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာစေခြင်းငှာ၊ သင့်ထံသို့ လာကြလိမ့်မည်။ 21ကိုယ်စားစရာအဖို့၊ တိရစ္ဆာန်တို့စားစရာအဖို့၊ စားအပ်သော အစာအမျိုးမျိုးကိုယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။ 22မှာထားတော်မူသည်အတိုင်းလည်း နောဧပြုလေ၏။

ကမ္ဘာဦးကျမ်း - ၆ (အနက်ဖွင့်)

(အပြစ်ဒုစရိုက်ပြန့်ပွားခြင်းနှင့်ရေးလွှမ်းမိုးခြင်းဘေးဒဏ်ကြီး (အခန်း )

          : အပိုဒ်ငယ် ၂တွင် အဓိကကျသော အချက်(၂)ချက်ရှိသည်။ ပထမတစ်ချက်မှာ ဘုရားသခင်၏ သားများဖြစ်သော ကောင်းကင်သားများ၏ အဆာင်ယောင်များကို ထားပစ်ခဲ့၍ မြေကြီးပေါ်ရှိ လှပသော မိန်းမများနှင့် လက်ထပ်ထိမ်းမြား (ယု ၆)ကြခြင်းဖြစ်သည်။ ဘုရားသခင် စီမံခန့်ခွဲရာကို ဝန်ခံလိုက်နာခြင်း မရှိဘဲ၊ ကမ္ဘာမြေပေါ်သို့ဆင်း၍ စိတ်အလိုလိုက်ကြခြင်းကို ဘုရားသခင်က မုန်းတီးသည်။ ဤကျမ်းစကားအရ ‘ဘုရားသခင်၏သားများ’ သည် ဘုရားသခင်ထံတော်ပါးတွင် ဝတ်ကြီး၊ ဝတ်ငယ်ပြုသူများ (ယောဘ ၁:၆၊ ၂:၁) ဖြစ်သည် ဟု နားလည်ရသည်။  ဘုရားသခင်၏သားများသည် ကောင်းကင်သားများဖြစ်သည်(ယု ၆-၇) ဟုလည်းနားလည်နိုင်သည်။ ထိုကောင်းကင်သားများသည် ကောင်းကင်အဆောင်အယောင်များ ချွတ်ထားလျှင် လူမိန်းမများနှင့် ဝိဝါဟသံဝါသပြုနိုင်ကြသည်။ ယုဒ ၇ အစပိုင်းတွင် သောဒုံနှင့် ဂေါမောရ ပျက်စီးခြင်းသည် လည်း ညစ်ညမ်းသော မေထုံပြုခြင်းကြောင့်ဖြစ်သည်ကို သတိပြုပါ။ ယခုလည်း ကောင်းကင်သားများသည် မြေကြီးပေါ်သို့ ဆင်းသက်၍ လူမိန်းမများနှင့် မသင့်မလျော် စပ်ယှက်ကြပြီ။

ဤကျမ်းချက်၏ အဒိကသင်ခန်းစာမှာ ကောင်းကင်သားများသည် သံဝါသမပြုနိုင်ကြသည့် အကြောင်း ဖြစ်သည်။ မ ၂၂:၃၀ တွင်လည်း သခင်ယေရှုက ကောင်းကင်နိုင်ငံတွင် ထိမ်းမြားလက်ထပ်ခြင်း မရှိကြောင်း အတည်ပြုထားသည်။ ထို့ကြောင့် ကောင်းကင်နိုင်ငံတွင် ကောင်းကင်သားများ လက်ထပ် ထိမ်းမြားခြင်းမရှိသကဲ့သို့ ယုံကြည်သူများရောက်သွားလျှင်လည်း ထိုအတိုင်းဖြစ်ကြမည်။ ကောင်းကင်သား များသည် အာဗြဟံထံသို့ လူ့ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်း(က ၁၈:၁-၅)ခဲ့ကြောင်းတွေ့ရသည်။ ထို့ကြောင့် သောဒုံသို့စေလွှတ်သည့် ကောင်းကင်တမန်(၂)ပါးသည် လူ့ရုပ်သဏ္ဌာန်ရှိ၍ လူကဲ့သို့ စိတ်နှလုံးခံစားချက် ရှိသူများ ဖြစ်ပေမည်။

အခြားရှုထောင့်တစ်ခုမှာ ဘုရားသခင်၏သားများသည် အလိုတော်နှင့်အညီ ရှေသ၏ မျိုးရိုး စဉ်ဆက်များနှင့် ကာဣန၏ သွေးသားစိတ်သဘော ထားရှိသော လူ့ဇာတိသမီးများ ပေါင်းဖက် ထိမ်းမြားခြင်းဖြင့် မျိုးဆက်ပွားခြင်းဖြစ်သည်။ အခန်းကြီး(၄)တွင် ကာဣန၏ စိတ်သဘောထားဗီဇကို ရှင်းပြ၍ အခန်းကြီး(၅)တွင် ရှေသ၏မျိုးရိုးစဉ်လာ ရှင်းပြထားသည်။ က ၆:၁-၄ တွင် ထိုစိတ်သဘောထား ဗီဇ မတူညီသူများ လက်ထပ်ထမ်းမြား အိမ်ထောင်ပြုကြသည့် အကြောင်း ရေးထားသည်။ ဤကျမ်းချက်တွင် ကောင်းကင်တမန်များဟူသော စကားလုံးမပါရှိပါ။ အပိုဒ်ငယ် ၃ နှင့် ၅ တွင် လူတို့၏ စိတ်သဘောထား ဆိုးယုတ်ပုံ ရေးထားသည်။ အကယ်၍ ကောင်းကင်သားများ၏ အပြစ်ဒုစရိုက် ဖောက်ပြန်မှုဖြစ်လျှင် လူသားကို အဘယ်ကြောင့် ဖျက်ဆီးစရာအကြောင်း ဖန်လာသနည်း။ ဘုရားသခင်၏ အလိုတော်နှင့် ညီသူများကို ‘ဘုရားသားများ’ ဟု ခေါ်ဝေါ်သည်။ သို့သော် ဟေဗြဲကျမ်းရင်းတွင် ပါရှိသည့် အာဘော်နှင့် က ၆:၂ နှင့် (တရား ၁၄:၁)၊ ဆာ ၈၂:၄၊ ဟော ၁:၁၀၊ မ ၅:၉ တို့ကိုလည်းကြည့်) မတူညီပါ။

စဉ်းစားစရာ ပြဿနာများစွာရှိသည်။ ရှေသ၏ သားမြေးများသည် ဘုရားတရား ကိုင်းရှိုင်းသူများနှင့် မိန်းမများသည် ကာဣန၏ အကျင့်ဆိုး အဘယ်ကြောင့် အမွေခံကြရသနည်း။ ရှေသ၏ မျိုးရိုးများသည် ဘုရားသခင်၏ အလိုတော်နှင့်အညီ အသက်ရှင်သူများဟုတ်ပါလေစ။ ဟုတ်သည်မှန်လျှင် အဘယ်ကြောင့် ပျက်စီးခြင်းရောက်လာသနည်း။ ဘုရားသားများနှင့် ဘုရားတရားမသိသော မိန်းမများ ပေါင်းဖက်ခြင်းဖြင့် အဘယ်ကြောင့် လူ့ဘီလူးကြီးများ မွေးဖွားနိုင်ကြသနည်း။

: ရေလွှမ်းမိုးခြင်း ဘေးဒဏ်ကြီးကာလ ရောက်ခါနီးတွင် လူ့သက်တမ်းသည် (၁၂၀)ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ဘုရားသခင်၏ ဝိညာဉ်တော်အား လူတွင် အစဉ်မဆုံးရ ဟု သတိပေးထားသည်။ ဘုရားသခင်သည် လူသားများအား အချည်းနှီးမကုန်ဆုံးစေလို။ နှမြောသဖြင့်စိတ်တော်မကျေမချမ်းဖြစ်သည်။ ထို့ကြောင့် ခရစ်တော်သည် နောဧခေတ်ကာလမတိုင်မီ သေလွန်သူများအား သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် သွားရောက်တရား ဟောခဲ့သည် (၁ပေ ၃:၁၈-၂၀၊ ၂ပေ ၂:၅)။ ထိုသူများသည် နောဧ ဟောပြောသောတရားကို လက်မခံငြင်းပယ်ခဲ့ကြသဖြင့် ယခုကာလတွင် ချုပ်နှောင်ခြင်းခံနေကြသည်။

: ကိုယ်ခန္ဓာကြီးမားထွားကျိုင်းသော လူ့ဘီလူးကြီးများကို ဟေဗြဲဘာသာဖြင့် Nephilim ခေါ်၍ ‘ကျဆင်းသူ’ ဟု အနက်ရသည်။ Unger က ဤသို့ရှင်းပြထားသည်။

Nephilim များသည် လူနှင့်မတန်၊ ဘုရားငယ်များပမာ သန်မာထွားကျိုင်း၊ ဗလကြီးမား ကြသည်။ လူ့သမီးများ (သေမျိုး)က ဘုရားသခင်၏သားများ (ကောင်းကင်သားများ) နှင့် ပေါင်းဖက် စုံမက်ကြခြင်းသည် သဘာဝတရား အတိုင်းမဟုတ်။ ဘုရားသခင်၏ ဖန်ဆင်းခြင်း နိယာမ တရားတော်အား ဖေါက်ဖျက်ခြင်းဖြစ်သည်။ ထို့ကြောင့် တစ်ကမ္ဘာလုံး တုန်လှုပ် ခြောက်ခြားဖွယ်ရာ ရေလွှမ်းမိုးခြင်း ဘေးဒဏ်ကြီးဖြင့် တရား စီရင်ခဲ့သည်။၁၁

: ဘုရားသခင်စိတ်နှလုံးမချမ်းမြေ့ခြင်းသည် အကျိုးအကြောင်းမရှိဘဲ၊ လူ့စိတ်ကဲ့သို့ပြောင်းလဲ ခြင်းမဟုတ်။ လူသားများ၏ ဖေါက်ပြန်ခြင်းစိတ်ကြောင့်ဖြစ်သည်။ လူတွေ၏ အကျင့်ညာဉ့်ဆိုးကြောင့် ဘုရားသခင်၏ သဘောတော်ပြောင်းလဲရသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မြင့်မြတ်စုံလင်သူ ဖြစ်၍ အပြစ်ဒုစရိုက်ကို မုန်းတီးသည်။ လူတို့၏ အပြစ်ဒုစရိုက် အကျင့်ဆိုးကိုမုန်းသည်။

:၂၂ နောဧမူကား ထာဝရဘုရားစိတ်တော်နှင့်တွေ့သောသူ ဖြစ်သည်။ ထို့ကြောင့် ဘုရားရှင်က သင်္ဘောကြီးတည်ဆောက်ခိုင်းထားသည်။ တည်ဆောက်ရမည့်သင်္ဘော အရွယ်အစားပဏာမ ကိုလည်း အသေးစိတ်ပြောပြသည်။ (၁တောင်သည် ၁၈ လက်မနှင့်ညီမျှသည်)။ ထိုသင်္ဘောသည် ပေ၄၅၀ရှည်လျား၍ ၇၅ပေ ကျယ်သည်။ ၄၅ပေ မြင့်သည်။ သုံးထပ်သင်္ဘောဖြစ်သည်။ အပိုဒ်ငယ် ၁၆ တွင် ပါရှိသည့် ပြတင်းပေါက်များသည် အလင်းဝင်ပေါက် လေဝင်ပေါက်ဖြစ်သည်။

ဘုရားသခင်၏ ကျေးဇူးတော်၊ အမိန့်တော်နာခံခြင်းကြောင့် နေဧမိသားစုသည် ကယ်တင်ခြင်း ခံကြသည်။ နေဧသည် ဘုရားသခင် အမိန့်တော်ရှိသည့်အတိုင်း လိုက်လုပ်သည် (ငယ် ၂၂)။ လူသည် ဘုရားသခင်၏ အမိန့်တော်အား လိုက်နာရန် ဝတ္တရား ရှိကြသည်မဟုတ်လား။ နောဧသည် မိသားစုအား ကယ်တင်ရန် သင်္ဘောကြီးတည်ဆောက်သည်။ တည်ဆောက်ပြီးသောအခါ ဘုရားသခင်က တံခါး ပိတ်ခိုင်းသည်။ ဘုရားသခင်၏ အမိန့်တော်နှင့် လူ့ဝတ္တရားသည် တခြားစီနေ၍မရပါ။ နှစ်ခုစလုံးပေါင်းစပ်မှ သာလျှင်ပြည့်စုံနိုင်သည်။

နေဧ (ငယ် ၉)၊ ဧနောက် (၅:၂၂)များသာလျှင် ဘဝတသက်တာလုံးတွင် ဘုရားသခင်နှင့်အတူ လိုက်လျှောက်သူများဖြစ်ကြောင်း တွေ့ရသည်။ ဧနောက်သည် အသင်းတော်အား ကောင်းကင်သို့ ချီဆောင်မည့် အကြောင်း ပုပ္ပနိမိတ်ဖြစ်သည်။ နောဧသည် ယုံကြည်သော ဣသရေလလူမျိုးအကြွင်းအကျန်များ ဘေးဒဏ်ကြီးကာလမှ လွတ်ကင်း၍ ကမ္ဘာမြေပေါ်တွင် ခရစ်တော်ဘုရားနှင့်အတူ နှစ်ပေါင်းကြာရှည် စိုးစံ ကြမည့်အကြောင်း ရှေ့ပြေးပုံရိပ်ဖြစ်သည်။

အပိုဒင်ငယ် (၁၈)သည် သမ္မာကျမ်းစာတွင် ပထမဦးဆုံးပေးသည့် ပဋိညာဉ်ဖြစ်သည်။ Scofield က ပဋိညာဉ်များကို ရေတွက်ပြသည်။ ဧဒင်ဥယျာဉ်နှင့် ပတ်သက်၍ က ၂:၁၆၊ အာဒံသို့ (က ၃:၁၅)၊ နောဧသို့ က ၉:၁၆၊ အာဗြဟံသို့ (က ၁၂:၂)၊ မောရှေသို့ (ထွ ၁၉:၅)၊ ပါလက်စတိုင်းသားများသို့ (တရား ၃၀:၃)၊ ဒါဝိဒ်သို့ (၂ရာ ၇:၁၆)၊ ပဋိညာဉ်သစ်ကို (ဟေဗြဲ ၈:၈)တွင် (၈)ကြိမ်တိတိ ပဋိညာဉ်ပေးခဲ့သည်။ ထို့အပြင် ရှောလမုန်သို့ ပြုခဲ့သည့် ပဋိညာဉ်များလည်း ရှိသေးသည်။ သို့သော် အချို့ကျမ်းစာပညာရှင်များက အယူအဆတစ်မျိုးစီ ရှိကြသောကြောင့် ကာလအပိုင်းအခြားဖြင့် ပြုထားသော ပဋိညာဉ် (၈)ပါးကိုသာ ဤနေရာတွင် ပြထားသည်။

သမ္မာကျမ်းစာပါ အဓိကပဋိညာဉ်များ

ဧဒင်ဥယျာဉ်ပဋိညာဉ် (က :၂၈၃၀၊ :၁၆၁၇)

ဧဒင်ဥယျာဉ်မှာ ပြုထားသည့် ပဋိညာဉ်သည်လူ့ဘက်မှ လုပ်ဆောင်ရမည့် ဝတ္တရားဖြစ်သည်။ များပြားစွာမွေးဖွားကြ၍ တစ်ကမ္ဘာလုံး ပျံ့နှံ့ စေကြမည့် အကြောင်းဖြစ်သည်။ တိရစ္ဆာန်အပေါင်းကိုလည်း အုပ်စိုးခွင့်ပေးထားသည်။ မြေကြီးကို ထွန်ထက်စိုက်ပျိုးရမည်။ ခြံထွက်သီးနှံများ စားသုံးခြင်းဖြင့် အသက်ရှင်ရမည်။ အဆိုးနှင့်အကောင်း ခွဲခြားသိ မြင်နိုင်သော အသီးမှလွဲ၍ အခြားအသီးအနှံများ စားသုံးခွင့်ပြုထားသည်။ ထိုစကားသည် လူသား၏ နာခံမ၍ကို ဆန်းစစ်ခြင်းဖြစ်သည်။ နှုတ်ကပတ်တော် မနာခံခြင်းသည် သေခြင်းအပြစ်ဒဏ် ခံစားရာဖြစ်သည်။

 

အာဒံသို့ပဋိညာဉ် (က ၁၄၁၉)

          နာခံမှုဆန်းစစ်ခြင်း ကျရှုံးပြီးနောက် ဘုရားသခင်က မြွေကို ကျိန်ခြင်း အင်္ဂလာပေးသည်။ မြွေနှင့် မိန်းမအကြား၊ စာတန်နှင့် ခရစ်တော်အကြား ရန်ငြိုးရှိကြသည်။ စာတန်က ခရစ်တော်အား ထိခိုက်ဒဏ်ရာ ရစေသော်လည်း အဆုံးတွင် ခရစ်တော်ကသာလျှင် အောင်ပွဲဆင် အနိုင်ရသည်။ မိန်းမသည် မီးဖွားသောအခါ နာကျင်သောဝေဒနာ ခံစားရမည်။ ထို့အပြင် စာတန်၏ လှည့်ဖျားမှု မခံရစေရန် လင်ယောက်ျား၏ အနီးကပ်ကွပ်ကဲမှုအောက်၌ ရှိရမည်။ မြေကြီးကိုလည်း အင်္ဂလာသင့်စေသည်။ လူသည်လည်း ဆူးခြုံတောကို ခုတ်ထွင်းရှင်းလင်း ထွန်ယက်စိုက်ပျိုးရသည်။ ချွေးဒီးဒီးကျ၍ ပင်ပန်းနွမ်းနယ်စွာ လုပ်ဆောင်ရသည်။ ပြီးလျှင် အစမူလနေရာ မြေကြီးဘဝသို့ ပြန်သွားရသည်။

 

နောဧသို့ပဋိညာဉ် (က :၂၀:၂၇)

နောက်တဖန် ရေလွှမ်းမိုးခြင်း ဘေးဒဏ်ကြီး မသက်ရောက်ရဟု ဘုရားသခင်က နောဧအား ပဋိညာဉ်ပြုသည်။ ထိုသို့ မသက်ရောက်သည့်ကြောင်းကို သက်တံဖြင့် နိမိတ်သက်သေပြခဲ့သည်။ သို့သော် ထိုပဋိညာဉ်သည် လူ့လောက အစိုးရနှင့်လည်း သက်ဆိုင်သည်။ အချိန်ရာသီကာလနှင့်လည်း အကြုံးဝင်သည်။ ကမ္ဘာမြေပေါ်တွင် လူဦးရေ ပြန်လည်များပြား ပြန့်ပွားမည့်အကြောင်းနှင့် သတ္တဝါများ အပေါ် လွှမ်းမိုး အုပ်စိုးမည့်အကြောင်းလည်း ဖြစ်သည်။ နောဧခေတ် ရေလွှမ်းမိုးခြင်းမတိုင်မီ လူသည် သက်သတ်လွတ်စားနေကြရာမှ ယခုအခါ အသွေးအသားစားသုံးလာကြသည်။ နေဧ၏သားစဉ်မြေးဆက်တွင် ဟာမ၏သားမြေးများသည် ကျိန်ခြင်းအင်္ဂလာသင့်ကြသည်။ ရှေမနှင့် ယာဖက်၏ သားမြေးများတွင် အစေခံ ကျွန်ခံကြရသည်။ ရှေမသည် ကောင်ကြီးမင်္ဂလာခံရသည်။ အဘယ်ကြောင့်ဆိုသော် ရှေမမျိုးရိုးစဉ်ဆက်မှ မေရှိယသခင် ပေါ်ထွန်းလာသည်။ ယာဖက်မိသားစု စဉ်ဆက်သည်လည်း ရှေမ၏တဲတော် အရိပ်ခိုလှုံခွင့် ရကြသူများဖြစ်သည်။

အာဗြဟံသို့ပဋိညာဉ် (က ၁၂:၃၊ ၁၃:၁၄၁၇၊၁၅:၈၊ ၁၇:)

အာဗြဟံသို့ပြုထားသော ပဋိညာဉ်သည် ချို့ယွင်းချက်မထား၊ ပြည့်စုံသော ကတိတော်များဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်က မီးခိုးထွက်သောမီးဖို၊ မီးထွန်းလင်းသော မီးခွက်ကဲ့သို့ ကိုယ်ထင်ပြသခဲ့သည်။ တိစ္ဆာန်များကို တစ်ကောင်တစ်ကောင်ကို ထက်ဝက်စီ ခြမ်း၍ ခွဲသော အသားကို တစ်ဘက်တစ်ချက်စီ၌ ထားသည် ကိုလည်းတွေ့ရသည် (က ၁၅:၁၂-၂၁)။ ထိုသို့ တိရစ္ဆာန်တစ်ကောင်အား နှစ်ခြမ်းခွဲခြင်းသည် တခြမ်းစီရှိလျှင် မပြည့်စုံ။ နှစ်ခြမ်းပေါင်းမှ တစ်ကောင်ပြည့်စုံသည့် လက္ခဏာဖြစ်သည်။ ထိုကဲ့သို့ပင် ဘုရားသခင်က အာဗြဟံသို့ ပြုထားသည့် ပဋိညာဉ်သည် နှစ်ဦးနှစ်ဖက် ပြည့်စုံသည့်အကြောင်း ဖြစ်သည်။ ထိုစကားဖြင့် အာဗြဟံ၏ ယုံကြည်ခြင်းခိုင်မာပုံကို နားလည်နိုင်သည်။

ဘုရားသခင်၏ ရှေးဦးလူသားများသည် ဤပဋိညာဉ်အား ချို့ယွင်းချက်ရှိသော ပဋိညာဉ်ဖြစ်ကြောင်း မကြာခဏ ဆင်ခြေတတ်ကြသည်။ ကတိတော်မြေနှင့် ပတ်သက်၍ ပြောချင်ကြသည်။ ကောင်းကြီးမင်္ဂလာနှင့် ပတ်သက်၍ အသင်းတော်သာလျှင် ကောင်းကြီးမင်္ဂလာဖြစ်ပါသလား၊ ဣသရေလများအတွက် မကျန်ရှိတော့ဘူးလား ဟု ဆိုချင်ကြသည်။

အာဗြဟံသို့ ပြုထားသော ပဋိညာဉ်သည် အာဗြဟံနှင့် သားစဉ် မြေးဆက်တိုင်အောင် တည်တံ့၍ အောက်ပါအချက်များ ပါဝင်သည်။ လူမျိုးတော် (ဣသရေလ)၊ ပုဂ္ဂိုလ်ရေးအရ အာဗြဟံသည် ကောင်းကြီးမင်္ဂလာဖြစ်သည်။ ကိုယ်တိုင်မင်္ဂလာနှင့်ပြည့်ဝသည့်အပြင် အခြားသူများသို့လည်း ဝေငှနိုင်သည် (၁၂:၂)။ အာဗြဟံနှင့်ဆက်နွယ်သူများသည် ကောင်းကြီးမင်္ဂလာ မျှဝေခံစားကြ၍ အာဗြဟံ၏ ရန်သူများသည် ကျိန်ခြင်းအမင်္ဂလာခံစားကြသည်။ ကောင်းကြီးမင်္ဂလာခံစားကြသည့်အကြောင်းကို ခရစ်တော် ဖွားမြင်တော်မူခြင်းဖြင့် ပြည့်စုံသွားသည်(၁၂:၃)။ နောင်တွင် ဣသရေလနှင့် ပါလက်စတိုင်းနယ်မြေဟု လူသိများလာသော ခါနာန်မြေအား အစဉ်ပိုင်ဆိုင်ခွင့် ပေးထားသည်(၁၃:၁၄၊၁၅၊၁၇)။ မရေတွက်နိုင်သော နောင်လာနောက်သား၊ သားမြေးများ ဝိညာဉ်အမွေရကြသည်(၁၃:၁၆၊ ၁၅:၅)။ တိုင်းနိုင်ငံများ၊ လူမျိုးများနှင့် ဘုရင်များ၏ဖခင်၊ ဣရှမေလနှင့်ဣဇာက်တို့၏ ဖခင် (၁၇:၄-၆)၊ ဘုရားသခင်နှင့် အထူးမိဿဟာယပြုခွင့် (၁၇:၇) ရရှိသည်။

 

မောရှေသို့ပြုသောပဋိညာဉ် (ထွ ၁၉:၅၊ ၂၀:၃၁:၁၈)

ဤပဋိညာဉ်သည် ကျယ်ပြန့်နက်နဲသည်။ မောရှေပဋိညာဉ်တွင် ပညတ်တော်ဆယ်ပါးလည်း ပါဝင်သည်။ လူများက ဘုရားသခင်အပေါ်ပြုရမည့် နည်းနာဝိထုံးများနှင့် အချင်းချင်းအပေါ်ပြုရမည့် ကျင့်ဝတ်များလည်း ပါဝင်သည် (ထွ ၂၀:၁-၂၆)။ ဣသရေလများ ယဉ်ကျေးမှုတွင် လိုက်နာလုပ်ဆောင်ရမည့် ပြဋ္ဌာန်းချက်များလည်း အများအပြားပါဝင်သည် (ထွ ၂၁:၁-၂၄:၁၁) ဘာသာရေးနယ်ပယ်၌ ဝတ်ပြု ကိုးကွယ်ရာတွင် လိုက်နာရမည့် ကျင့်ထုံးလည်း အသေးစိတ်ရှင်းပြထားသည် (ထွ ၂၄:၁၂-၃၁:၁၈)။ ဤပြဋ္ဌာန်းချက်များသည် တစ်ပါးအမျိုးသားများထံသို့မဟုတ်ပါ။ ဣသရေလလူမျိုးသို့ပြဋ္ဌာန်းခြင်းဖြစ်သည်။ ထိုပဋိညာဉ်တွင် ချို့ယွင်းချက်များတွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် လူက လိုက်နာဖို့လိုသည်။ လူသည် အားနည်းချက်ရှိသူများဖြစ်သောကြောင့် အကုန်အစင် အပြည့်အဝ မလိုက်နာနိုင် (ရော ၈:၃)။ ပညတ်တော်ဆယ်ပါးသည် ကယ်တင်ခြင်းအတွက် ရွည်ရွယ်ထုတ်ပြန်ခြင်းမဟုတ်။ လူတို့၏ အပြစ်ဒုစရိုက်များကို တွေ့မြင်ရန်မှန်ထောင်ပြခြင်းဖြစ်သည်။ ဥပုသ်နေ့ အကြောင်းမှလွဲ၍ ပညတ်တော် ဆယ်ပါးမှ အခြား အချက်(၉)ချက်ကို ဓမ္မသစ်ကျမ်းတွင် ထပ်မံရှင်းပြထားသည်။ သို့သော် ပညတ်ချက် သက်သက် မဟုတ်။ အပြစ်ဒဏ်နှင့် တွဲလျက်ပါရှိသည်။ သို့သော်လည်း ကျေးဇူးတော်ဖြင့် ကယ်တင်ခြင်းအာမ ခံချက် ရရှိထားသူများအတွက် တွေးပူစရာမဟုတ်၊ ခရစ်ယာန်များသည် ပညတ်တရားအောက်မှာ ရှိနေကြသူများမဟုတ်ပါ။ ကျေးဇူးတော်အောက်မှာ ရှိနေသူများဖြစ်သည်။ ခရစ်တော်၏ ချစ်ခြင်းမေတ္တာ အားဖြင့် သာ၍အဆင့်မြင့်သော ဘဝသို့ရောက်သူများဖြစ်သည်။

ပါလက်စတိုင်းသားများသို့ပဋိညာဉ် (တရား ၃၀:)

ဤပဋိညာဉ်သည် အာဗြဟံသို့ ပြုထားသော ကတိတော်မြေနှင့် ဆက်စပ်သည်။ “အဲဂုတ္တုမြစ် (ထိုမြစ်သည် နိုင်းလ်မြစ်မဟုတ်၊ စမ်းချောင်းတစ်ခုဖြစ်သည်)မှ ဥဖရတ်မြစ်” (က ၁၅:၁၈) ထိ ကျယ်ပြန့်သည်။ ထိုကတိတော်မြေသည် ယနေ့ထက်တိုင် ဣသရေလတို့လက်ဝယ်၌ မရှိသေး။ ရှောလမုန်ဘုရင် လက်ထက်တွင် အရှေ့အရပ်တိုင်းပြည်များမှ အခွန်ဘဏ္ဍာဆက်သကြသည် (၃ရာ ၄:၂၁-၂၄)။ သို့သော်လည်း အကြွင်းမဲ့ ပိုင်ဆိုင်သည်ဟု မဆိုသာပါ။

ပါလက်စတိုင်းသို့ ပြုထားသောပဋိညာဉ်သည် ဣသရေလလူမျိုးနှင့် ကာလအပိုင်းအခြား ကန့်သတ်ချက် ရှိသည်။ ထိုသို့ဖြစ်ရခြင်းမှာ နာခံမှုမရှိကြသောကြောင့် ဖြစ်သည်။ ခရစ်တော်ဘုရား ဒုတိယအကြိမ် ပြန်လည်ကြွလာသောအခါတွင်မူ ကနဦးမြေ၊ ကတိတော်ပြုထားသော မြေပေါ်တွင် ပြန်လည် စုစည်းစည်းရုံးကြမည်။ စိတ်သဘောထားလဲ နူးညံ့လာကြမည်။ (ဘုရားသခင်ကို မြတ်နိုး၍ နာခံခြင်း ရှိကြမည်)။ ထို့အပြင် သူတို့ရန်သူများကိုလည်း ဘုရားသခင်က အရေးယူအပြစ်ဒဏ်ပေးမည်။

ဒါဝိဒ်သို့ပဋိညာဉ်ပြုချက် (၂ရာ :၁၉)

ဘုရားသခင်က ဒါဝိဒ်အား ရှင်ဘုရင်အဖြစ် စိုးစံမည်ဟုသာ ကတိတော်မပေး။ ဒါဝိ၏ သားစဉ် မြေးဆက်သည် ရာဇပလ္လင်ပေါ်တွင် စိုးစံမည်ဟု ဆိုထားသည်။ ထိုကတိတော်သည် ချို့ယွင်းချက်မရှိသော ပဋိညာဉ် ဖြစ်သည်။ ထိုသို့ ကတိတော်ပေးခြင်းမှာ ဒါဝိဒ်၏ နာခံခြင်း၊ ဖြောင့်မတ်ခြင်းအပေါ်တွင် မတည်။ ယောသပ်၏ ဘိုးဘွားဘီဘင်ဆွေမျိုးစဉ်ကို ရေတွက်လျှင် ယေရှုခရစ်တော်သည် ရှောလမုန်မင်း၏ သားစဉ်မြေးဆက်တွင် ပါဝင်၍ ဒါဝိဒ်၏ ထီးတော်နန်းမွေတရားဝင် ဆက်ဆံခွင့်ရှိသူ နန်းသွေးပါသူဖြစ်သည် (မ ၁ကိုကြည့်)။

မယ်တော်မာရိ၏ ဘိုးစဉ်ဘောင်ဆက်စာရင်းကြည့်လျှင်လည်း ဒါဝိဒ်သားစဉ်မြေးဆက် နာသန်မှ တဆင့် ပေါက်ဖွားလာသူဖြစ်သည် (လု ၃)။ အဘယ်ကြောင့် ဒါဝိဒ်၏ ရာဇပလ္လင်သည် ထာဝရတည်မည်ဟု ဆိုနိုင်သနည်း။ ဒါဝိဒ်မျိုးရိုးမှ ပေါက်ဖွားလာသော ယေရှုခရစ်တော်၏ နိုင်ငံတော်သည် ထာဝရတည်တံ့၍ ခရစ်တော်က နိစ္စထာဝရ အုပ်စိုးသည်။ ကမ္ဘာမြေပေါ်တွင် နှစ်ပေါင်းတထောင်နိုင်ငံတော် တည်ထောင်အုပ်စိုး ခြင်းဖြင့် အစပြုပါမည်။

ရှောလမုန်သို့ပဋိညာဉ်ပြုချက် (၂ရာ:၁၂၁၅၊ ၃ရာ :၅၊ ၅ရာ :၁၁၂၂)

ရှောလမုန်သို့ ပြုထားသော ပဋိညာဉ်သည် နိစ္စထာဝရ တည်မြဲသော နိုင်ငံတော် ကတိတော်နှင့် အကြုံးမဝင်။ သို့သော်လည်း ဖခင်ကို အမွေဆက်ခံ၍ ရာဇပလ္လင် ပေါ်တွင် နန်းစံခဲ့သည် (၃ရာ ၈:၄-၅၊ ၆ရာ ၇:၁၇-၁၈) ရှောလမုန်မင်း၏ သားတော်ကောနိယ (ယေခေါနိဟုလည်းခေါ်သည်) သာလျှင် လောက ထုံးတမ်းစဉ်လာအရ ထီးမွေနန်းမွေ ဆက်ခံ၍ ရာဇပလ္လင်ပေါ် စိုးစံခဲ့သည် (ယေ ၂၂:၃၀)။ ယေရှုသည် ရှောလမုန်မင်း၏ သွေးသားမျိုးရိုး မတော်စပ်ပါ။ တနည်းအားဖြင့် ကျိန်ခြင်းအမင်္ဂလာခံသော ယေခေါနိ၏ သားမြေးစဉ်ဆက် မွေးဖွားသူမဟုတ်။

ပဋိညာဉ်သစ် (ယေ၃၁:၃၁၃၄၊ ဟေဗြဲ :၁၂၊ လု၂၂:၂၀)

ပဋိညာဉ်သစ်သည် ဣသရေလအနွယ်နှင့် ယုဒအနွယ်နှင့် ယုဒမျိုးနွယ်သို့ ပြုထားသော ကတိတော်ဖြစ်ကြောင်း ရှင်းလင်းပါသည် (ယေ ၁၃:၃) ဖြစ်သည်။ယေရမိကအနာဂတ်အတွက်ပရောဖက်ပြုချက် (ယေ ၃၁း၃) ဖြစ်သည်။ မောရှေသို့ ပြုထားသည့် ပဋိညာဉ်ကဲ့သို့ ဣသရေလတို့က ချိုးဖောက်နိုင်သော ကတိတော်မျိုး မဟုတ်ပါ (ယေ ၃၁:၃၂)။ ချို့ယွင်းချက်မရှိသော ဘုရားသခင်၏ ကတိတော်ဖြစ်သည်။ ဣသရေလမျိုးရိုး (ယေဇ ၃၆:၂၅)တွင် သန့်ရှင်းသောဝိညာဉ်တော် ကိန်းအောင်းမည် (ယေဇ ၃၆:၂၇)။ ဘုရားသခင်နှင့် လူမျိုးအများအပြား သီးသန့်ဆက်နွယ်ဆက်ဆံခြင်း ဖြစ်သည်။ ဘုရားသခင်သည် ဣသရေလလူမျိုးတွင် ရှိကြောင်း လူတိုင်း အသိဖြစ်သည်(ယေ ၃၁:၃၄)။ ဣသရေလတို့၏ အပြစ်များကို ခွင့်လွှတ်တော်မူသည့် အပြင် အပြစ်ဟောင်းများကိုလည်း လုံးဝမေ့လျော့ ပယ်ဖျက်သည် (ယေ ၃၁:၃၄)။ လူမျိုးတော်အဖြစ်ထာဝရ သတ်မှတ်သည် (ယေ ၃၁:၃၅-၃၇)

ယခုချိန်ထိ ပဋိညာဉ်သစ်အား ဣသရေလလူမျိုးတို့ မခံစားကြသေးသော်လည်း ခရစ်တော်ဘုရား ဒုတိယအကြိမ်ကြွလာသောအခါ အကျိုးကျေးဇူးရရှိကြမည်။ထိုကာလတွင်အခြားယုံကြည်သူများသို့လည်းကောင်းကြိးမင်္ဂလာမျှဝေကြမည်။ အသင်းတော်သည်လည်း ပဋိညာဉ်သစ်နှင့် သက်ဆိုင်ကြောင်းပွဲတော်မင်္ဂလာဒေသနာအကြောင်းတွင် တွေ့ရသည် (လု ၂၂:၂၀၊ ၁ကော ၁၁:၁၅)၊ ပေါလုကလည်း သူနှင့် အခြားတမန်တော်များသည် ပဋိညာဉ်သစ်နှင့် သက်ဆိုင်သူများဖြစ်ကြောင်း ပြောကြားထားသည် (၂ကော ၃:၆)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။