ကမ္ဘာဦးကျမ်း - ၄၇

1ထိုစကားအတိုင်း ယောသပ်သည်ဖာရောမင်းထံသို့သွား၍၊ ကျွန်တော်အဘနှင့် အစ်ကိုတို့သည် သိုးနွား၊ ဥစ္စာရှိသမျှကိုဆောင်လျက် ခါနာန်ပြည်ကရောက်လာ၍၊ ဂေါရှင်ပြည်၌ရှိကြပါသည်ဟုလျှောက်သဖြင့်၊ 2အစ်ကိုစုထဲကရွေး၍ ငါးယောက်တို့ကို အထံတော်သို့သွင်းလေ၏။ 3ဖာရောမင်းကလည်း၊ သင်တို့သည် အဘယ်သို့ လုပ်ဆောင်လေ့ရှိကြသနည်းဟုမေးလျှင်၊ သူတို့က၊ ကိုယ်တော်ကျွန်တို့သည် ဘိုးဘေးနှင့်တကွ သိုးထိန်းဖြစ်ကြပါ၏ဟူ၍လည်းကောင်း၊ 4ခါနာန်ပြည်၌ အလွန်အစာခေါင်းပါး၍ သိုးနွားကျက်စားရာမရှိသောကြောင့်၊ ကိုယ်တော်ကျွန်တို့သည် ပြည်တော်၌တည်းခိုခြင်းငှာ လာကြပါ၏။ သို့ဖြစ်၍ ကိုယ်တော်ကျွန်တို့သည် ဂေါရှင်ပြည်၌နေရမည်အကြောင်း အခွင့်ပေးတော်မူပါဟူ၍လည်းကောင်း လျှောက်ကြ၏။ 5ဖာရောမင်းကလည်း၊ သင်၏အဘနှင့်အစ်ကိုတို့သည် သင့်ထံသို့ ရောက်လာကြသည်ဖြစ်၍၊ 6အဲဂုတ္တပြည်သည် သင့်ရှေ့မှာရှိ၏။ သင်၏အဘနှင့် သင်၏အစ်ကိုတို့ကို အကောင်းဆုံးသောအရပ် ဂေါရှင်ပြည်၌နေရာချလော့။ သူတို့တွင် အစွမ်းသတ္တိရှိသောသူအချို့တို့ကိုတွေ့လျှင် ငါ၏သိုးနွားအုပ်အရာ၌ခန့်ထားလော့ဟု ယောသပ်အား မိန့်တော်မူ၏။
7ယောသပ်သည် အဘယာကုပ်ကိုသွင်း၍ ဖာရောမင်းရှေ့မှာထားသဖြင့်၊ ယာကုပ်သည် ဖာရောမင်းကိုကောင်းချီးပေး၏။ 8ဖာရောမင်းက၊ သင်သည် အသက်အဘယ်မျှလောက်ရှိပြီနည်းဟု ယာကုပ်အားမေးလျှင်၊ 9ကျွန်တော်သည်ဧည့်သည်အာဂန္တုဖြစ်၍ လွန်သောအသက်သည် အနှစ်တစ်ရာသုံးဆယ်ရှိပါပြီ။ ကျွန်တော်အသက်ရှင်သောနှစ်ပေါင်းနည်း၍ ဆိုးပါ၏။ ဧည့်သည်အာဂန္တုဖြစ်သော ဘိုးဘေးတို့၏အသက်တန်းကို မမီပါဟု လျှောက်ဆိုပြီးလျှင်၊ 10ဖာရောမင်းကိုကောင်းချီးပေး၍ အထံတော်ကထွက်သွားလေ၏။
11ဖာရောမင်းအမိန့်တော်ရှိသည်အတိုင်း၊ ယောသပ်သည် အဘနှင့်အစ်ကိုတို့ကို နေရာချ၍ အဲဂုတ္တုပြည်၌အကောင်းဆုံးသောအရပ် ရာမသက်မြေကိုအပိုင်ပေး၏။ 12အဘနှင့်အစ်ကိုများ၊ အဘ၏အိမ်သားရှိသမျှတို့ကို အနည်းအများအလိုက် ကျွေးမွေး၏။
အစာခေါင်းပါးခြင်းကပ်
13အလွန်အစာခေါင်းပါး၍ တစ်ပြည်လုံးစားစရာမရှိသောကြောင့်၊ အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်သည်အားလျော့လေ၏။ 14ပြည်သားဝယ်သော စပါးအဖိုး၊ အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ တွေ့သမျှသော ငွေကိုယောသပ်စုသိမ်း၍ နန်းတော်သို့သွင်းထားလေ၏။ 15အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ငွေကုန်သောအခါ၊ အဲဂုတ္တုလူအပေါင်းတို့သည် ယောသပ်ထံသို့လာ၍ စားစရာကို ပေးသနားတော်မူပါ။ ကျွန်တော်တို့သည် ငွေကုန်သော်လည်း ရှေ့တော်၌ အဘယ်ကြောင့်သေရပါအံ့နည်းဟု လျှောက်ကြသော်၊ 16ယောသပ်က၊ ငွေကုန်လျှင် တိရစ္ဆာန်များကိုပေးကြ။ တိရစ္ဆာန်အတွက် စပါးကိုပေးမည်ဟုဆိုသည်အတိုင်း၊ 17သူတို့သည်တိရစ္ဆာန်တို့ကိုယူခဲ့၍၊ ယောသပ်သည် မြင်း၊ သိုး၊ နွား၊ မြည်းတို့အတွက်စပါးကိုပေးသဖြင့် ထိုနှစ်တွင် တိရစ္ဆာန်ရှိသမျှတို့အတွက် ပြည်သားများကိုကျွေးမွေး၏။ 18ထိုနှစ်ကုန်ပြီးမှ ဒုတိယနှစ်တွင်လာကြလျှင်၊ ကျွန်တော်တို့ငွေကုန်ကြောင်းကို သခင်ရှေ့မှာမထိမ်ဝှက်ပါ။ ကျွန်တော်တို့တိရစ္ဆာန်များကိုလည်း သခင်ရပါပြီ။ သခင်ရှေ့မှာ ကျွန်တော်တို့ကိုယ်နှင့်မြေမှတစ်ပါး အဘယ်အရာမျှ မကျန်ပါ။ 19ရှေ့တော်၌အဘယ်ကြောင့်သေ၍ ပြည်တော်ပျက်ရပါအံ့နည်း။ အစာကိုပေး၍ ကျွန်တော်တို့နှင့် ကျွန်တော်တို့မြေကိုဝယ်ပါ။ ကျွန်တော်တို့သည် မြေနှင့်တကွ ဖာရောဘုရင်၏ကျွန်ခံပါမည်။ ကျွန်တော်တို့သည် မသေ၊ အသက်ရှင်စေခြင်းငှာလည်းကောင်း၊ ပြည်တော်သည်လူမဆိတ်ညံစေခြင်းငှာလည်းကောင်း၊ မျိုးစေ့ကိုပေးပါဟု လျှောက်ကြသော်၊ 20ယောသပ်သည် အဲဂုတ္တုမြေရှိသမျှကို ဖာရောမင်းဖို့ဝယ်လေ၏။ အစာခေါင်းပါး၍ အဲဂုတ္တုလူတို့သည်မတတ်နိုင်သောကြောင့်၊ အသီးအသီးပိုင်သော မြေအကွက်တို့ကိုရောင်းကြသဖြင့် မြေသည်ဘဏ္ဍာတော်ဖြစ်လေ၏။ 21လူတို့ကိုကား၊ အဲဂုတ္တုပြည်တစ်စွန်းမှသည် တစ်စွန်းတိုင်အောင် မြို့တို့သို့ပြောင်းစေ၏။ 22ယဇ်ပုရောဟိတ်တို့ပိုင်သောမြေကိုကားမဝယ်။ သူတို့သည် ဖာရောမင်းကျွေးမွေးသည်အတိုင်း ကျွေးမွေးသောအစာကိုစားရကြ၏။ ထိုကြောင့် မိမိတို့မြေကိုမရောင်းရကြ။ 23ယောသပ်ကလည်း၊ သင်တို့နှင့်သင်တို့မြေကို ဖာရောမင်းဖို့ယနေ့ငါဝယ်ပြီ။ မျိုးစေ့ကိုယူ၍ လယ်လုပ်ကြလော့။ 24အသီးအနှံကိုရသောအခါ၊ ငါးဖို့တွင်တစ်ဖို့ကို ဖာရောမင်းအားဆက်ရကြမည်။ လေးဖို့ကိုကား သင်တို့ယူ၍ နောက်တစ်ဖန်မျိုးစေ့ကို ကြဲကြလော့။ သင်တို့စား၍ အိမ်သားများ၊ သူငယ်များတို့ကိုကျွေးကြလော့ဟု ပြည်သားတို့အားဆို၏။ 25သူတို့ကလည်း၊ ကိုယ်တော်သည် ကျွန်တော်တို့ အသက်ကိုကယ်ပါပြီ။ သနားသောစိတ်နှင့်ကြည့်ရှုတော်မူပါ။ ကျွန်တော်တို့သည် ဖာရောဘုရင်၏ကျွန်ခံရပါမည်ဟု လျှောက်ကြ၏။ 26ထိုကြောင့် ဖာရောမင်းမပိုင်သော ယဇ်ပုရောဟိတ်တို့မြေကိုထား၍၊ ဖာရောမင်းသည် ငါးဖို့တွင်တစ်ဖို့ကိုပိုင်တော်မူစေဟု ယနေ့တိုင်အောင် အဲဂုတ္တုပြည်၌တည်သောဓမ္မသတ်ကို ယောသပ်စီရင်၍ထားသတည်း။
ယာကုပ်၏နောက်ဆုံးမှာကြားချက်
27ဣသရေလသားတို့သည်၊ အဲဂုတ္တုပြည် ဂေါရှင်အရပ်၌နေသဖြင့်၊ ဥစ္စာရတတ်၍ တိုးပွားများပြားကြ၏။ 28ယာကုပ်သည် အဲဂုတ္တုပြည်၌ဆယ်ခုနစ်နှစ်အသက်ရှင်၍ အသက်နှစ်ပေါင်း တစ်ရာလေးဆယ်ခုနစ်နှစ်ရှိသတည်း။ 29ဣသရေလသည်သေရသောအချိန်နီးသော်၊ သားယောသပ်ကိုခေါ်၍ ငါ့ကိုသနားလျှင် သင်၏လက်ကို ငါ့ပေါင်အောက်၌ ထားပါလော့။ ကရုဏာသစ္စာနှင့်အညီငါ၌ပြုပါ။ အဲဂုတ္တုပြည်၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်။ 30ငါသည်ဘိုးဘေးနှင့်အတူ အိပ်ချင်ပါ၏။ အဲဂုတ္တုပြည်မှ ငါ့ကိုဆောင်သွား၍ သူတို့သင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်ဟုဆို၏။ ယောသပ်ကလည်း၊ အဘဆိုသည်အတိုင်း အကျွန်ုပ်ပြုပါမည်ဟု ဝန်ခံလေ၏။က၊ ၄၉:၂၉-၃၂၊ ၅၀:၆။ 31ငါ့အားကျိန်ဆိုခြင်းကိုပြုပါဟု ဆိုပြန်လျှင်၊ ကျိန်ဆိုခြင်းကိုပြု၏။ ဣသရေလသည်လည်း ခုတင်ခေါင်းရင်းပေါ်မှာ ကိုးကွယ်လေ၏။

ကမ္ဘာဦးကျမ်း - ၄၇ (အနက်ဖွင့်)

၉။ အဲဂုတ္တုပြည်တွင် ယောသပ်မိသားစု (အခန်း ၄၇)

          ၄၇: ဖာရောမင်းသည် ယောသပ်၏ အစ်ကိုများထဲမှ သွက်လက်လချက်ချာ ယုံကြည်စိတ်ချရသော ()ဦးကို ရွေးချယ်ခိုင်း၍ ဖာရောဘုရင်၏ သိုးထိန်းကြီးခန့်အပ်သည်။ ကျန်သော ညီအစ်ကိုများကို ဂေါရှင်မြက်ခင်းလွင်ပြင်တွင် ကျင်လည်ကျက်စားခွင့် ပြုလိုက်သည်။

၄၇:၁၂ ယောသပ်က အသက်(၁၃၀)အရွယ်ရှိသော ဖခင်ယာကုပ်အား ဖာရောမင်းထံ ခစားစေသည်။ ထိုသို့ ခစားစေခြင်းမှာ ယာကုပ်က ဖာရောမင်းအား ကောင်းကြီးမင်္ဂလာပေးစေလိုသည်။ အဘယ့်ကြောင်းဆိုသော် ကောင်းကြီးမင်္ဂလာပေးခြင်းဆိုသည်မှာ အသက်ကြီးသူက ငယ်သောသူကိုသာ ပေးလေ့ပေးထရှိသည် (ဟေဗြဲ ၇:၇)။ ယာကုပ်က သူ့ဘဝအသက်တာတွင် ဆိုးသွမ်းမိုက်မဲသော ကြောင့် ဇိမ်ကျကျနေထိုင်ခြင်း မရှိသလောက်ဖြစ်သည်ဟု ဝန်ခံပြောပြသည်။ အမှန်စင်စစ် ကိုယ်ကြဲသည့်အတိုင်း ရိတ်သိမ်းခြင်းဖြစ်သည်။ ဖာရောမင်း၏ ခွင့်ပြုချက်အရ ယောသပ်သည် သူ့ဖခင်နှင့် မိသားစုအား အဲဂုတ္တုပြည်၏ မြေဆီမြေနှစ် လွင်ပြင်တွင် နေရာထိုင်ခင်းချထားပေးသဖြင့် စည်ပင်သာယာကြသည်။

၄၇:၁၃၂၆ အစာရေစာ ရှားပါးလာ၍ ခါနာန်ပြည်သားနှင့် အဲဂုတ္တုပြည်သားများသည် ဆန်ရေစပါး ဝယ်ယူရန် ငွေမရှိကြသောအခါ တိရစ္ဆာန်များဖြင့် ယောသပ်ထံမှ ဝယ်ယူကြသည်။ တိရစ္ဆာန်များကုန်ပြန်သောအခါ ယောသပ်သည် ယဇ်ပုရောဟိတ်ပိုင်မြေမှလွဲ၍ လယ်ယာမြေကွက်များကို ဝယ်ယူသည်။ တဖန် တိုင်းသူပြည်သားများအား မျိုးကောင်းမျိုးသန့်များ ပြန်လည်ထုတ်ပေး၍ မိမိမြေကို ပြန်လည်ထွန်ယက် လုပ်ကိုင်စားသောက်စေသည်။ မြေငှားခအဖြစ် ထွက်သမျှ သီးနှံများထဲမှ ငါးပုံတစ်ပုံ ကို ဖာရောမင်းထံ ပြန်လည်ဆက်သခိုင်းသဖြင့် ဘုရင့်ဘဏ္ဍာတော်တော်လည်း တိုးပွားသည်။ ယောသပ်၏ စီမံခန့်ခွဲမှုသည် တရားမျှတပါပေသည်။

၄၇:၂၇၃၁ ဣသရေလ(ယာကုပ်)သည် ဘဝမီးစာကုန်၍ ဆီခမ်းသောအခါ ခါနာန်ပြည်တွင် သူ့ကို သင်္ဂြိုဟ်ဖို့ယောသပ်အား သေတမ်းစကားမိန့်မှာသည်။ ထို့နောက် ခုတင်ခေါင်းရင်းတွင် သူ့ကိုယ်သူ ကိုးကွယ်လေ၏။ ဟေဗြဲ ၁၁:၂၁ တွင် “တောင်ဝှေးထိပ်ပေါ်တွင် ကိုးကွယ်လေ၏” ဟု ဆိုသည်။ မူရင်း ဟေဗြဲဘာသာစကားဖြစ်၍ အင်္ဂလိပ်ပြန်ဆိုရာတွင် “ခုတင်” သို့မဟုတ် “တောင်ဝှေး” ဟု အနက်အဓိပ္ပါယ်ရသည်။ The traditional Hebrew ကျမ်းမူက ခုတင်‘ ဟု ယူ၍ Septuagint တွင် ထိုဟေဗြဲ ဝေါဟာရကို ကိုးကားပြီး “တောင်ဝှေး” ဟု ယူသည်။ ထိုအကြောင်းကို Kidner က ဤသို့ရှင်းပြသည်။

ထိုကျမ်းမူ(၂)ခုတွင် ဖော်ပြချ်ကများကို ၄၈:၂ တွင် “ခုတင်” ဟု ဆိုသည်။ ယာကုပ် အသက်ဆုံးခါနီးစကား ဖြစ်၍ “တောင်ဝှေး” ဟု ဆိုလျှင် ပိုမိုသင့်လျှော်သည် (၄၈:၁ နှင့်ယှဉ်ဖတ်)။ တောင်ဝှေးသည် ဘဝကို ရည်ညွှန်းသည် (ယာကုပ်၏ မင်္ဂလာ စကား ၃၂:၁၀ နှင့်ယှဉ်ဖတ်) ဓမ္မသစ်ကျမ်းတွင်၍လည်း တွေ့ရှိရသော ကျမ်းစကားဖြစ်သည်။၃၄

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။