ကမ္ဘာဦးကျမ်း - ၄၄

ပျောက်သွားသောဖလား
1ယောသပ်သည်လည်း ဝန်စာရေးကိုခေါ်၍ ထိုသူတို့အိတ်များ၌ ရိက္ခာပါနိုင်သမျှ အပြည့်ထည့်လော့။ လူတိုင်းဆိုင်သောငွေကို မိမိတို့အိတ်ဝတွင်လည်းကောင်း၊ 2စပါးအဖိုးငွေနှင့် ငါ့ငွေဖလားကို၊ အငယ်ဆုံးသောသူ၏အိတ်ဝတွင်လည်းကောင်း ထည့်ထားလော့ဟု မှာသည်အတိုင်း ဝန်စာရေးပြုလေ၏။ 3နံနက်မိုးလင်းသောအခါ၊ ထိုသူတို့ကိုမြည်းများနှင့်တကွ လွှတ်လိုက်လေ၏။ 4မြို့ပြင်သို့ရောက်၍ မဝေးသေးသောအခါ၊ ယောသပ်သည်ဝန်စာရေးကိုခေါ်၍၊ ထိုသူတို့ကို မြန်မြန်လိုက်လော့။ မီသောအခါ သင်တို့သည်ကျေးဇူးကို မကောင်းသောအမှုနှင့် အဘယ်ကြောင့်ဆပ်ကြသနည်း။ 5ငါ့သခင်သောက်သောဖလားမဟုတ်လော။ ထူးဆန်းသောဉာဏ်ကိုဖြစ်စေတတ်သော ဖလားမဟုတ်လော။ သင်တို့ပြုသောဤအမှုသည် မကောင်းပါတကားဟု ပြောဆိုလော့ဟု မှာသည်အတိုင်း၊ 6ဝန်စာရေးလိုက်၍မီသောအခါ ပြောဆိုလေ၏။ သူတို့ကလည်း ဤစကားကို သခင်သည် အဘယ်ကြောင့်ပြောပါသနည်း။ 7ကိုယ်တော်ကျွန်တို့နှင့် ထိုသို့သောအမှုဝေးပါစေသတည်း။ 8ယမန်ကအိတ်ဝတွင် တွေ့သောငွေကို၊ ခါနာန်ပြည်မှ ကိုယ်တော်ထံသို့ တစ်ဖန်ဆောင်ခဲ့ပါပြီ။ သို့ဖြစ်လျှင် ကိုယ်တော်၏သခင်အိမ်၌ရွှေငွေကို အဘယ်ကြောင့် ခိုးရပါအံ့နည်း။ 9ကိုယ်တော်၏ကျွန်တို့တွင် မည်သူ၌တွေ့လျှင်၊ ထိုသူကိုသေစေ။ ကျွန်တော်တို့သည်လည်း သခင်၏ကျွန်ခံကြပါမည်ဟု ဆိုကြ၏။ 10ဝန်စာရေးကလည်း၊ သင်တို့စကားအတိုင်းဖြစ်စေ။ သို့သော်လည်း မည်သူ၌တွေ့လျှင်၊ ထိုသူသည်ငါ့ကျွန်ဖြစ်စေ။ သင်တို့မူကား အပြစ်လွှတ်ကြစေဟု ဆိုသော်၊ 11ထိုသူအပေါင်းတို့သည် အသီးအသီး မိမိတို့အိတ်များကို မြေ၌ချ၍ဖွင့်ကြ၏။ 12ဝန်စာရေးသည်လည်၊ အကြီးမှစ၍ အငယ်တိုင်အောင်ရှာသဖြင့် ဗင်္ယာမိန်အိတ်၌ဖလားကိုတွေ့၏။ 13ထိုအခါသူတို့သည် မိမိအဝတ်ကိုဆုတ်၍ လူတိုင်းမိမိမြည်းပေါ်မှာ ဝန်ကိုတင်ပြန်သဖြင့် မြို့သို့ပြန်သွားကြ၏။
14ယုဒနှင့် ညီအစ်ကိုတို့သည် ယောသပ်အိမ်သို့ရောက်၍၊ သူသည်အိမ်၌ရှိသေးသဖြင့်၊ သူ့ရှေ့မှာပျပ်ဝပ်လျက် နေကြ၏။ 15ယောသပ်ကလည်း၊ သင်တို့သည် အဘယ်သို့ပြုပြီးသနည်း။ ငါကဲ့သို့သောယောက်ျားသည် ထူးဆန်းသောဉာဏ်ရှိကြောင်းကို သင်တို့မသိကြသလောဟု ဆို၏။ 16ယုဒကလည်း၊ ကျွန်တော်တို့သည်သခင်အား အဘယ်စကားဖြင့် လျှောက်ရပါအံ့နည်း။ အဘယ်သို့ပြောရပါအံ့နည်း။ ဤအမှုနှင့် အဘယ်သို့လွတ်နိုင်ပါအံ့နည်း။ ကိုယ်တော်ကျွန်တို့၏အပြစ်ကို ဘုရားသခင်စစ်၍ တွေ့တော်မူပြီ။ အကြင်သူ၌ ဖလားတော်ကိုတွေ့၏။ ထိုသူမှစ၍ ကျွန်တော်တို့ရှိသမျှသည် သခင်၏ကျွန်ဖြစ်ကြပါ၏ဟု လျှောက်လေသော်၊ 17ထိုသို့ငါမပြုရ။ အကြင်သူ၏လက်၌ ငါ့ဖလားကိုတွေ့၏။ ထိုသူသည် ငါ့ကျွန်ဖြစ်စေ။ သင်တို့မူကား အဘထံသို့ ငြိမ်ဝပ်စွာသွားကြလော့ဟု စီရင်လေ၏။
ဗင်္ယာမိန်အတွက်အသနားခံခြင်း
18ထိုအခါ ယုဒသည်ချဉ်းကပ်လျက်၊ သခင်ဘုရား၊ ကိုယ်တော်ကျွန်သည် စကားတစ်ခွန်းဖြင့် နားတော်လျှောက်ရသောအခွင့်ကို ပေးတော်မူပါ။ ကိုယ်တော်ကျွန်၌ အမျက်ထွက်တော်မမူပါနှင့်။ ကိုယ်တော်သည် ဖာရောဘုရင်ကဲ့သို့ ဖြစ်တော်မူ၏။ 19သခင်က၊ သင်တို့သည်အဘရှိသလော။ ညီရှိသလောဟု ကျွန်တော်တို့အား မေးတော်မူလျှင်၊ 20ကျွန်တော်တို့က၊ ကျွန်တော်တို့အဘ အသက်ကြီးသောသူရှိပါ၏။ အဘအသက်ကြီးစဉ်အခါရသော သားငယ်တစ်ယောက်ရှိပါ၏။ သူ၏အစ်ကိုသေပါပြီ။ သူ့အမိဖွားသောသားတို့တွင် သူတစ်ယောက်တည်းကျန်ရစ်ပါ၏။ ထိုကြောင့် သူ၏အဘသည်သူ့ကိုချစ်ပါ၏ဟု သခင်အား ပြန်လျှောက်လေသော်၊ 21ကိုယ်တော်က၊ ထိုသူကိုငါကြည့်ရှုရအောင် ငါ့ထံသို့ခေါ်ခဲ့ကြဟု ကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏။ 22ကျွန်တော်တို့က ထိုသူငယ်ကို အဘနှင့်မခွာနိုင်ပါ။ အဘနှင့်ခွာလျှင် အဘသေပါလိမ့်မည်ဟု သခင်အားလျှောက်သော်လည်း၊ 23ကိုယ်တော်က၊ သင်တို့ညီမပါလျှင် သင်တို့သည် ငါ့မျက်နှာကိုနောက်တစ်ဖန်မမြင်ရဟု ကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏။ 24ထိုနောက်ကျွန်တော်တို့သည် ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့အဘထံသို့ ပြန်၍ရောက်သောအခါ၊ သခင်စကားတော်ကို အဘအားပြန်ကြားပါ၏။ 25ကျွန်တော်တို့အဘကလည်း၊ တစ်ဖန်သွား၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါဟုဆိုသောအခါ၊ 26ကျွန်တော်တို့က၊ အကျွန်ုပ်တို့သည် မသွားနိုင်ပါ။ ညီပါလျှင်သွားနိုင်ပါ၏။ ညီမပါလျှင် ထိုသူ၏မျက်နှာကိုမမြင်ရပါဟု ပြန်ပြောပါ၏။ 27ကိုယ်တော်ကျွန်၊ ကျွန်တော်အဘကလည်း၊ သင်တို့သိသည်အတိုင်း ငါ့မယားသည် ငါ့အားသားနှစ်ယောက်ကိုဖွား၏။ 28တစ်ယောက်ကား ငါ့ထံမှထွက်သွား၏။ အကယ်စင်စစ် သူသည် အပိုင်းအပိုင်းကိုက်ဖြတ်ခြင်းကို ခံရပါပြီတကားဟု ငါဆိုရ၏။ ထိုကာလမှစ၍ သူ့ကိုငါမမြင်ရ။ 29ဤသူကိုလည်း ငါ့ထံမှယူသွား၍ သူ၌ဘေးရောက်လျှင်၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ကျွန်တော်တို့အားဆိုပါ၏။ 30သို့ဖြစ်၍ ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ကျွန်တော်အဘထံသို့ရောက်သောအခါ၊ သူငယ်မပါလျှင် အဘ၏အသက်သည် သူငယ်၏အသက်၌ မှီလျက်ရှိသောကြောင့်၊ 31သူငယ်မရှိသည်ကိုမြင်သောအခါ အဘသေပါလိမ့်မည်။ ကိုယ်တော်ကျွန်တို့သည်၊ ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့အဘဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏနိုင်ငံသို့ သက်ရောက်စေကြပါလိမ့်မည်။ 32ကိုယ်တော်ကျွန်က၊ အကျွန်ုပ်သည် တစ်ဖန်သူငယ်ကို အဘထံသို့ ပြန်၍မဆောင်ခဲ့လျှင်၊ အစဉ်မပြတ် အဘရှေ့မှာအပြစ်ကိုခံပါစေဟုဆိုသဖြင့်၊ အဘထံမှာ သူငယ်၏အာမခံဖြစ်ပါ၏။ 33သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် သူငယ်အတွက်နေရစ်၍ သခင်ထံကျွန်ခံရသောအခွင့်၊ သူငယ်ကိုကား အစ်ကိုတို့နှင့်အတူ သွားရသောအခွင့်ကို ပေးတော်မူပါ။ 34သူငယ်သည် ကျွန်တော်၌မပါလျှင်၊ ကျွန်တော်အဘထံသို့ အဘယ်သို့ကျွန်တော်သွားနိုင်ပါမည်နည်း။ သို့ပြုလျှင် ကျွန်တော်အဘ၌ရောက်လတ္တံ့သော ဘေးဥပဒ်ကို ကျွန်တော်မြင်ရပါလိမ့်မည်တကားဟု လျှောက်လေ၏။

ကမ္ဘာဦးကျမ်း - ၄၄ (အနက်ဖွင့်)

၄၄:၁၃ အစ်ကိုများ ခါနာန်ပြည်သို့ ပြန်သွားကြသောအခါ ဗင်္ယာမိန်၏ အိတ်ထဲသို့ ငွေဖလား ကို ထည့်ပေးလိုက်သည်။ ထိုငွေဖလားသည် သောက်စရာခွက်အတွက်မဟုတ်ပါ။ ထူးဆန်းသော ဉာဏ်ပေးနိုင်စွမ်းလည်း ရှိသည်။ ဖြစ်နိုင်သည်မှာ အိပ်မက်အနက် ပြန်ဆိုနိုင်စွမ်းရည် ဉာဏ်ပညာဖြစ်ပေမည်။

နောက်ပိုင်းကာလတွင်မူ ဘုရားသခင်က သူ့လူများအား ထိုဉာဏ်ပညာမျိုး အသုံးပြုရန် တားမြစ်ထားသည် (တရား ၁၈:၁၀-၁၂)။ ထိုခေတ်ကာလတွင် အသုံးပြုခွင့်ရှိသောကြောင့် အဲဂုတ္တုပြည်သားများ၏ ရှေးကံကြမ္မာကို ယောသပ်ကြိုတင် ဟောပြောနိုင်ခြင်းဖြစ်သည်။ ထိုသို့ ဟောပြောနိုင်ရန် ဘုရားသခင်က မနောကမ္ဘီရ အသိအမြင်ပေးထားသည်။ အကယ်၍ သောက်ရေဖလား အဖြစ် အသုံးပြုလျှင်လည်းသုံးဆောင်သူများ၏ စိတ်နှလုံး အကြံအစည်သိမြင်နိုင်စွမ်းရှိသည်။

ယောသပ်၏ ညီအစ်ကိုများ ဖလားသူခိုးအဖြစ် စွပ်စွဲခံရပြီးသောအခါ သူတို့တွင် အမှားအယွင်း မရှိကြောင်း ခုခံလျှောက်လဲကြသည်။ ယောသပ်၏ အစေခံက ရှာဖွေသောအခါ ဗင်္ယာမိန်၏အိတ်ထဲတွင် ငွေဖလားအား လက်ပူးလက်ကြပ်ဖမ်းဆီးမိသဖြင့် ညီအစ်ကိုများအားလုံး ဘုရင့်နန်းတော်သို့ အကုန် ပြန်ခေါ်လာသည်။

          ၄၄:၁၄၁၇ ယောသပ်ရှေ့မှောက်သို့ပြန်ရောက်လာကြသောအခါ မည်သို့အမျက်ဖြေရမှန်း မသိကြသဖြင့် ယုဒက အားလုံးကျွန်ခံမည်ဟု ဆိုသည်။ ယောသပ်ကလက်မခံ။ လက်ပူးလက်ကြပ် ဖမ်းမိသော ဗင်္ယာမိန်ကိုသာ ထားပစ်ခဲ့ပြီး ကျန်သူများ အိမ်ပြန်ခွင့်ပြုသည်။ ဗင်္ယာမိန်အိတ်ထဲတွင် ငွေဖလား ထည့်ပေးလိုက်ခြင်းမှာ ဗင်္ယာမိန်အား ခေါ်ထားချင်၍ သက်သက်ကြံစည်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဗင်္ယာမိန်သည် သွေးသားအရင်းဆုံး ညီငယ်ဖြစ်သည်။ ထိုအကြောင်းကို George William က ဤသို့ဆိုသည်။

သူအစ်ကိုများ သူတို့အပြစ်ကို ပြန်လည် သတိရ၍ ဝန်ချဖို့ ယောသပ်က ထိုသို့ ပြုလုပ်ခြင်းဖြစ်သည်။ နှုတ်ဖြင့် ဝန်ခံစေချင်သည်။ ရှိမောင်အား အပေါင်အဖြစ်ခေါ်ထားခြင်း၊ ဗင်္ယာမိန်အား သိမ်းဆည်းထားခြင်းအတွက် အမျိုးမျိုးပြောဆို ငိုကြွေးကြမည်။ ယောသပ်၏ ပရိယာယ်တွင် ကရုဏာလည်း မေတ္တာလည်းဖက်သည်။ ထို့ကြောင့် သူ့အစ်ကိုများ နားမလည်နိုင်အောင် ဝေခွဲရခက်စေသည်။ ယောသပ်၏ ကောင်းသောမာယာကြောင့် အစ်ကိုတို့ နောင်တရစေပါသည်။၃၂

ယောသပ်၏ ဆွဲဆောင်မှုသည် နောက်တစ်နေ့တွင် ရွေးကောက်ထားသော ဣသရေလ လူနည်းစုတို့ မိမိတို့အပြစ်ကို သိရှိဝန်ချတောင်းပန်၍ မေရှိယသခင်ထံ ပြန်လည်ရောက်ရှိလာကြမည့် အနာဂတ်ပုံရိပ်ဖြစ်သည်။ တစ်ပါးတည်းသော သားအတွက် ငိုကြွေးမြည်တမ်းသကဲ့သို့ (ဇာ ၁၂:၁၀) ငိုကြွေးကြမည်။

၄၄:၁၈၃၄ ထိုအခါ ယုဒသည် အရဲစွန့်၍ ယောသပ်ထံ ချဉ်းကပ်ကာ ဗင်္ယာမိန်၏ဖြစ်ကြောင်း ကုန်စင်အား ပြောပြ၍ ဖခင်ထံသို့ လွှတ်ပေးရန် တောင်းပန်သည်။ ဖခင်အိုကြီး ယာကုပ်က အထွေးဆုံးသားကို တစ်ဖဝါးမှမခွာ အနားမှာရှိနေစေချင်ပုံ၊ ယောသပ်က ညီအငယ်ဆုံးဆိုသူကို တွေ့ချင်လှသည်ဟု ဆုသောကြောင့် ဖခင်ထံ အာမခံ၍ ခေါ်လာပေးပုံ၊ ဖခင်အိုကြီးတွင် သားတစ်ယောက်ပျောက်ဆုံးဖူး၍ ယခု အထွေးဆုံး သားဆုံးပြောက်လျှင် ရင်ကွဲနာကျ သေဆုံးမည့် ပုံတို့ကို ရှင်းပြသည်။ ထို့ကြောင့် ဖခင်အိုကြီး၏ အသဲစွဲ ဗင်္ယာမိန်ကို စေလွှတ်ပေးရန် ကျန်သောညီအစ်ကို တစ်စုက ဗင်္ယာမိန်အစား ကျွန်ခံပါရစေဟု ဆိုသည်။

ယုဒ၏ ဘဝအသက်တာပြောင်းလဲပုံကို ဆင်ခြင်ကြည့်ပါ။ အခန်းကြီး(၃၇)တွင် ဖခင်၏ ရင်ကွဲနာကြမည့် အရေးကို ဂရုမစိုက်ဘဲ ယောသပ်အား ရက်စက်စွာ ရောင်းစားခဲ့သည်။ အခန်း (၃၈)တွင် အကျင့်စာရိတ္တနိမ့်ကျညံ့ဖျင်းကြောင်း တွေ့ရသည်။ သို့သော် သူ့စိတ်နှလုံးအား ဘုရားသခင်က ပြင်ဆင်ပေးသောကြောင့် အခန်း(၄၃)တွင်မူ ဗင်္ယာမိန်အတွက် အာမခံပေးသည်။ ဤအခန်းတွင် မူဖခင်အိုကြီး ဝမ်းနည်းကြေကွဲမည်ကို မမြင်ရက်၊ ညီငယ်အထွေးဆုံးတိုင်းတစ်ပါးတွင် ကျွန်ခံရမည်ကို မတွေးရက်သဖြင့် ဖခင်အိုကြီးနှင့် ညီထွေးအစား ယောသပ်ထံတွင် ကိုယ်တိုင်ကျွန်ခံမည်ဟု စိတ်နှလုံးနှိမ့်ချ၍ ဝန်ခံသည်။ သူ့ညီအား မနာလိုမုန်းတီး၍ စိမ်းကားစွာ ရောင်းစားသော စိတ်သဘောထားမှ ညီထွေးအတွက် ကျွန်ခံပေးရမည့် နူးညံ့ပျော့ပျောင်းသော စိတ်မနောပိုင်ရှင်အဖြစ် ပြောင်းလဲသည်။ သူ၏ လုပ်ဆောင်ချက်ကို မွေးသဖခင် ယာကုပ်ကလည်း အားရကျေနပ်နေပေမည်။ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ယုဒအသက်တာသည် ပြောင်းလဲရင့်ကျက်လာသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။