ကမ္ဘာဦးကျမ်း - ၄၃

ဗင်္ယာမိန်နှင့်အတူသွားကြခြင်း
1ခါနာန်ပြည်၌ အလွန်အစာခေါင်းပါးသည်ဖြစ်၍၊ 2အဲဂုတ္တုပြည်မှဆောင်ခဲ့သောစပါးကို စားကုန်ပြီးမှ၊ အဘက၊ တစ်ဖန်သွား၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါဦးဟုဆို၏။ 3ယုဒကလည်း၊ ထိုသူသည် ကျွန်ုပ်တို့ကိုကျပ်ကျပ်ခြိမ်းခြောက်လျက်၊ သင်တို့ညီမပါလျှင် ငါ့မျက်နှာကိုမမြင်ရဟု ပြောထားပြီ။ 4ကျွန်ုပ်တို့ညီကိုထည့်လျှင်သွား၍ အဘစားဖို့ရာဝယ်ပါမည်။ 5ညီကိုမထည့်လျှင် မသွားပါ။ အကြောင်းမူကား၊ ထိုသူကသင်တို့ညီမပါလျှင် ငါ့မျက်နှာကိုမမြင်ရဟု ပြောထားပြီဟု အဘအားပြန်ဆိုလေ၏။ 6ဣသရေလကလည်း၊ သင်တို့၌ညီရှိမှန်းကို ထိုသူအားပြော၍ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲကြသနည်းဟုဆိုသော်၊ 7သူတို့က၊ ထိုသူသည် ကျွန်ုပ်တို့၏အကြောင်းအရာအမျိုးအနွယ်တို့ကို ကျပ်ကျပ်မေးလျက်၊ သင်တို့အဘအသက်ရှင်သေးသလော၊ ညီရှိသေးသလောဟု မေးသောအခါ၊ ကျွန်ုပ်တို့သည် သူ၏စကားသဘောသို့လိုက်၍ ပြန်ပြောရပါ၏။ သင်တို့ညီကိုဆောင်ခဲ့ကြဟု သူပြောမည်ကို ကျွန်ုပ်တို့သည် အမှန်သိနိုင်ပါသလောဟု ဆိုကြ၏။ 8ယုဒကလည်း၊ သူငယ်ကို ကျွန်ုပ်နှင့်အတူလွှတ်ပါ။ သို့ပြုလျှင် အဘမှစ၍ ကျွန်ုပ်တို့နှင့် သူငယ်များတို့သည်မသေ၊ အသက်ရှင်မည်အကြောင်း၊ ကျွန်ုပ်တို့ထ၍ သွားကြပါမည်။ 9ကျွန်ုပ်သည် သူ၏အာမခံဖြစ်ပါမည်။ ကျွန်ုပ်တွင် သူ့ကိုတောင်းပါ။ သူ့ကိုပြန်၍မဆောင်၊ အဘရှေ့မှာမထားလျှင်၊ အစဉ်မပြတ် အပြစ်ကိုခံပါစေ။ 10ဤမျှလောက်မဖင့်နွှဲလျှင်၊ အကယ်၍ ဒုတိယအကြိမ်တွင် ပြန်ရောက်ပါပြီဟု အဘဣသရေလအား ဆို၏။ 11အဘဣသရေလကလည်း၊ သို့ဖြစ်လျှင် ဤသို့ပြုကြလော့။ ထိုသူအား ဆက်စရာဖို့ သင်တို့အိတ်ဝတို့တွင် ခါနာန်ပြည်၏အသီးမျိုး အကောင်းဆုံးတည်းဟူသော ဗာလစံစေးအနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကိုယူကြလော့။ 12သင်တို့လက်၌ ငွေနှစ်ဆကိုလည်းယူကြလော့။ အိတ်ဝတွင် ဆောင်ခဲ့သောငွေကို တစ်ဖန်လက်၌ဆောင်သွားကြဦးလော့။ ထိုအမှုသည် သတိလစ်သောအမှုဖြစ်ဟန်ရှိ၏။ 13သင်တို့ညီကိုလည်းယူ၍ တစ်ဖန်ထိုသူထံသို့ ထသွားကြလော့။ 14ထိုသူသည် သင်တို့အစ်ကိုတစ်ယောက်နှင့် ဗင်္ယာမိန်ကို လွှတ်လိုက်မည်အကြောင်း၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ပေးတော်မူပါစေသော။ သို့ရာတွင် ငါသည် သားဆုံးခြင်းကိုခံရလျှင် ခံရတော့မည်ဟု သားတို့အားဆိုသည်အတိုင်း၊ 15သူတို့သည် ထိုလက်ဆောင်ကိုလည်းကောင်း၊ မိမိလက်၌ငွေနှစ်ဆကိုလည်းကောင်း၊ ဗင်္ယာမိန်ကိုလည်းကောင်း၊ ယူ၍ထပြီးလျှင်၊ အဲဂုတ္တုပြည်သို့သွား၍ ယောသပ်ရှေ့မှာ ရပ်နေကြ၏။
16သူတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်ကို ယောသပ်မြင်လျှင်၊ ဝန်စာရေးကိုခေါ်၍၊ ဤသူတို့ကိုအိမ်သို့ခေါ်သွားလော့။ အကောင်များကိုသတ်၍ စားစရာကိုပြင်ဆင်လော့။ သူတို့သည် ငါနှင့်အတူမွန်းတည့်စာကို စားရကြလိမ့်မည်ဟု မှာထားသည်အတိုင်း၊ 17ဝန်စာရေးပြု၍၊ သူတို့ကို ယောသပ်အိမ်သို့ခေါ်သွား၏။ 18ယောသပ်အိမ်သို့ ခေါ်သွားသောအခါ၊ သူတို့သည် ငါတို့အိတ်၌ ယခင်ပြန်ပေးသောငွေကြောင့် ခေါ်သွင်းပြီ။ သူသည်အမှုရှာလိမ့်မည်။ ငါတို့ကို အပြစ်ပြုသဖြင့် ကျွန်ခံစေ၍၊ မြည်းတို့ကိုသိမ်းလိမ့်မည်ဟု ဆိုကြပြီးလျှင်၊ 19ယောသပ်၏ဝန်စာရေးအနီးသို့ ချဉ်းကပ်၍ အိမ်တံခါးနားမှာနှုတ်ဆက်လျက်၊ 20သခင်၊ ယမန်က အကျွန်ုပ်တို့သည် အစာကိုဝယ်ခြင်းငှာ အမှန်လာပါ၏။ 21စခန်းသို့ရောက်၍ အိတ်များကိုဖွင့်သောအခါ၊ လူတိုင်းဆိုင်သောငွေသည် အလျှင်းမလျော့ဘဲ အိတ်ဝတွင် ရှိပါ၏။ ထိုငွေကို တစ်ဖန်ဆောင်ခဲ့ကြပါပြီ။ 22ယခုလည်းအစာကိုဝယ်ခြင်းငှာ အခြားသောငွေကို ကိုယ်၌ဆောင်ခဲ့ကြပါ၏။ ထိုငွေကို အကျွန်ုပ်တို့အိတ်များ၌ အဘယ်သူထားသည်ကို မသိနိုင်ပါဟုဆိုကြသော်၊ 23ဝန်စာရေးက၊ ချမ်းသာပါစေ၊ မစိုးရိမ်ကြနှင့်။ သင်တို့ဘုရားသခင်၊ သင်တို့အဘ၏ဘုရားသခင်သည် သင်တို့အိတ်များ၌ ဘဏ္ဍာကိုသနားတော်မူပြီ။ သင်တို့ ငွေကိုငါခံရပြီဟုဆိုသဖြင့်၊ ရှိမောင်ကိုထုတ်၍ အပ်လိုက်လေ၏။ 24ယောသပ်အိမ်သို့သွင်းပြီးမှ၊ ဝန်စာရေးသည် ရေကိုပေး၍ခြေဆေးစေ၏။ မြည်းတို့ကိုလည်းကျွေးလေ၏။ 25မွန်းတည့်ချိန်၌ ယောသပ်လာလိမ့်မည်ဟု သူတို့သည်မျှော်လင့်၍ လက်ဆောင်ကိုပြင်နှင့်ကြ၏။ ထိုအိမ်၌သူတို့သည် အစာကိုစားရလိမ့်မည်ဟု သူတို့သည်ကြားလေသတည်း။
26ယောသပ်သည်အိမ်သို့ရောက်သောအခါ၊ သူတို့သည် ကိုယ်၌ပါသောလက်ဆောင်ကို အိမ်ထဲယောသပ်ထံသို့သွင်း၍ သူ့ရှေ့မှာဦးညွှတ်ချလျက် နေကြ၏။ 27ယောသပ်သည်နှုတ်ဆက်ပြီးလျှင်၊ သင်တို့အဘတည်းဟူသော သင်တို့အရင်ပြောသော အသက်ကြီးသူသည် ကျန်းမာပါ၏လော။ အသက်ရှင်သေး၏လောဟုမေးလျှင်၊ 28သူတို့က၊ ကိုယ်တော်ကျွန်၊ ကျွန်တော်တို့အဘသည် ကျန်းမာပါ၏၊ အသက်ရှင်ပါသေး၏ဟုလျှောက်လျက်၊ ဦးညွှတ်ချ၍ ရှိခိုးလျက်နေကြ၏။ 29ထိုအခါ ယောသပ်သည်မျှော်ကြည့်၍ မိမိအမိ၏သား၊ မိမိညီရင်းဗင်္ယာမိန်ကိုမြင်လျှင်၊ ဤသူကား သင်တို့အရင်ပြောသော သင်တို့ညီဖြစ်သလောဟုမေးလျက်၊ သင့်ကို ဘုရားသခင်ကယ်မသနားတော်မူပါစေသောငါ့သားဟု ဆိုပြီးမှ၊ 30ညီရင်းကိုမြင်ရ၍ ကြင်နာသောစိတ်ရှိသောကြောင့် အလျင်အမြန်ထသွားလေ၏။ ငိုရာအရပ်ကိုရှာသဖြင့်၊ အိပ်ခန်းထဲသို့ဝင်၍ ငိုလေ၏။ 31တစ်ဖန်မျက်နှာကိုသစ်၍ ဣန္ဒြေချုပ်တည်းလျက် ပြင်သို့ထွက်ပြီးလျှင်၊ စားပွဲကိုပြင်ကြဟု အမိန့်ရှိ၏။ 32ယောသပ်ဖို့တစ်ပွဲ၊ အစ်ကိုတို့ဖို့တစ်ပွဲ၊ ယောသပ်နှင့်စားသော အဲဂုတ္တုလူတို့ဖို့တစ်ပွဲ အသီးအသီးတို့ကိုပြင်ကြ၏။ အဲဂုတ္တုလူတို့သည် ဟေဗြဲလူတို့နှင့်အတူ မစားရ၊ ထိုအမှုကိုအဲဂုတ္တုလူတို့သည် ရွံတတ်ကြ၏။ 33ညီအစ်ကိုတို့သည် အကြီးမှစ၍အငယ်တိုင်အောင် အရွယ်အလိုက် ယောသပ်ရှေ့မှာထိုင်နေကြ၏။ သူတို့သည် အချင်းချင်းကြည့်ရှု၍ အံ့ဩခြင်းရှိကြ၏။ 34ယောသပ်သည်လည်း သူတို့စားရန်အဖို့ အသီးအသီးတို့ကို မိမိထံမှပေးလိုက်၏။ ဗင်္ယာမိန်ရသောအဖို့သည် အစ်ကိုတို့ရသောအဖို့ထက် ငါးဆများသတည်း။ သူတို့သည်သောက်၍ပျော်မွေ့ခြင်းသို့ ရောက်ကြ၏။

ကမ္ဘာဦးကျမ်း - ၄၃ (အနက်ဖွင့်)

၄၃:၁၅ ဆင်းရဲငတ်မွတ်ခြင်းဘေးဒဏ်က ယာကုပ်အား ဖိစီးသဖြင့် အဲဂုတ္တုပြည်သို့ တဖန် အစာရေစာ သွားဝယ်ရပေတော့မည်။ ဗင်္ယာမိန် မပါလျှင် အဲဂုတ္တုပြည်သို့ မလာရဟုလည်း အဲဂုတ္တုဝန် ယောသပ်က သတိပေးထားသည်။ ထို့ကြောင်း ယုဒက ဗင်္ယာမိန်၏ အသက်ဘေးန္တရာယ်ကို သူ့အဖေထံ အာမခံချက်ပေးသဖြင့် ဖခင်ယာကုပ်က ခေါင်းညိတ်လိုက်ရသည်။ ဤ၌ ယုဒက သူ့ညီဗင်္ယာမိန်၏ အသက်အန္တရာယ်အာမခံခြင်းသည် သခင်ယေရှုက ယုံကြည်သူများ၏ အသက်အား ကရာနီကုန်းပေါ်တွင် အာမခံချက် ပေးခြင်းမျိုးဖြစ်သည်။ ယာကုပ်က အဲဂုတ္တုဝန်ထံ ဗလစံစေး၊ ပျားရည်၊ နံ့သာမျိုးစုံ၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကို လက်ဆောင်ပါးလိုက်သည်။ ငွေကိုလည်း နှစ်ဆ ယူဆောင်သွားခိုင်းသည်။

၄၃:၁၆၂၅ သူ့အစ်ကိုများစုံလင်စွာ ရောက်ရှိကြောင်း ယောသပ်တွေ့မြင်သောအခါ စိတ်နှလုံးတုန်လှုပ်သည်။ သို့သော် သူတို့ညီဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံခြင်းမပြု။ သူ့လက်အောက် ဝန်ထမ်းအား သူ့အစ်ကိုများကို သူ့အိမ်သို့ခေါ်သွားခိုင်းပြီး စားသောက်ပွဲလည်း အသင့်ပြင်ဆင်ထားခိုင်းသည်။ သူ့အစ်ကိုများကမူ ယခင်တစ်ပတ်က ငွေကိစ္စကြောင့် အဖမ်းခံရပြီဟု ထင်မှတ် စိုးရိမ်ကြသည်။ ထို့ကြောင့် ယောသပ်၏ ဝန်စာရေးထံအကျိုးအကြောင်း ပြောပြကြသည်။ ဝန်စာရေးကလည်း စိုးရိမ်ပူပန်ခြင်းမရှိရန်သာ ဖျောင်းဖျသည်။ စားသောက်ပွဲ ပြင်ဆင်ပြီးသောအခါ ရှိမောင်လည်း ရောက်လာသည်။ မကြာခင် ယောသပ်ဝင်ရောက်လာသောအခါ သူတို့ဖခင်ထည့်ပေးလိုက်သော လက်ဆောင်များကို ထုတ်ယူ၍ ယောသပ်အား ဆက်သကြသည်။

ခါနာန်သို့ အပြန်လမ်းတစ်ဝက်ရောက်မှ သူတို့ အိတ်ထဲတွင် ပိုက်ဆံထုတ် တွေ့ရှိသလား (၄၂:၂၇၊၄၃:၂၁) ဖခင်အိမ်ပြန်ရောက်မှ အိတ်ထဲတွင် ငွေထုတ်တွေ့ရခြင်းလား (၄၂:၃၅)ဟု မေးလျှင် နှစ်ခုစလုံးမှန်ပါသည်။ တစ်ယောက်က လမ်းတစ်ဝက်တွင် အိတ်ဖွင့်ကြည့်သောအခါ တွေ့ရှိခြင်း ဖြစ်၍ နောက်တစ်ယောက်က အိမ်ရောက်မှ အိတ်ဖွင့်ကြည့်၍ တွေ့ရှိခြင်းဖြစ်သည်။ ထိုအကြောင်းအရာ အဖြစ်အပျက်သည် ယောသပ်အစ်ကိုများက ရှင်းပြကြစဉ်၊ ယောသပ် အစေခံက တည်ငြိမ်စွာဖြေကြားခြင်း ဖြစ်သည်။ (Daily Notes of the scropture Union)

            ၄၃:၂၆၃၄ ယောသပ်ရောက်ရှိ၍ သူ့ရှေ့တွင် အစ်ကိုများက ဒူးထောက်ကြသောအခါ ရှေးအခါက ယောသပ်အိပ်မက်သည် အမှန်တကယ်ပြည့်စုံလာသည် (၃၇:၃၇)။ မိသားစုနှင့် ဗင်္ယာမိန်အကြောင်း မေးမြန်းစဉ်အခါ ယောသပ်မှာ စိတ်လှုပ်ရှားနေသည်။ သူ့အစ်ကိုများနှင့် ညီအား စုံလင်စွာ တွေ့ဆုံသောအခါ စိတ်လှုပ်ရှားလွန်း၍ အိပ်ခန်းထဲသို့ ပြေးဝင်၍ ငိုသည်။ ထမင်းစားပွဲတွင် ညီအစ်ကို ဆယ့်တစ်ဦးအား အစဉ်လိုက် နေရာချထားပေး၍ သူကိုယ်တိုင်လည်း စားဝိုင်းတွင် ပါဝင်သောအခါ အံ့ဩကြသည်။ အဲဂုတ္တုသားက သူတို့ညီအစ်ကိုကြီးငယ်စဉ် ကို မည်သို့သိပါလိမ့်မည်နည်း။ သူတို့၏ညီ အငယ်ဆုံး ဗင်္ယာမိန်ကို သီးသန့်စီစဉ်ထည့်ပေးထားသဖြင့် ပွဲတော်အကြိုက် တွေ့နေသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။