ကမ္ဘာဦးကျမ်း - ၄၀

အကျဉ်းသားနှစ်ဦး၏အိပ်မက်
1ထိုနောက်မှ အဲဂုတ္တုရှင်ဘုရင်ထံ ဖလားတော်ဝန်နှင့် စားတော်ဝန်တို့သည် မိမိတို့အရှင်အဲဂုတ္တုရှင်ဘုရင်ကို ပြစ်မှားကြ၏။ 2ဖာရောဘုရင်သည် ထိုအမတ်နှစ်ယောက်တည်းဟူသော ဖလားတော်ဝန်နှင့် စားတော်ဝန်တို့ကိုအမျက်ထွက်၍၊ 3ယောသပ်အချုပ်ခံရာထောင်တည်းဟူသော ကိုယ်ရံတော်မှူး၏အိမ်၌ ချုပ်ထားတော်မူ၏။ 4ကိုယ်ရံတော်မှူးသည် သူတို့ကိုယောသပ်၌အပ်၍၊ ယောသပ်သည် ပြုစုရ၏။ သူတို့လည်း အင်တန်ကာလ အချုပ်ခံလျက်နေရကြ၏။
5ထိုသို့ထောင်ထဲမှာ အချုပ်ခံလျက်နေရသော အဲဂုတ္တုရှင်ဘုရင်၏ ဖလားတော်ဝန်နှင့် စားတော်ဝန်နှစ်ယောက်တို့သည်၊ အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သောအနက်နှင့်ပြည့်စုံသော အိပ်မက်ကိုတစ်ညချင်းတွင် တစ်ယောက်တစ်နည်းစီမြင်မက်ကြ၏။ 6နံနက်အချိန်ရောက်မှ ယောသပ်သည် သူတို့ထံသို့ဝင်၍ကြည့်ရှုသောအခါ၊ သူတို့မျက်နှာညှိုးငယ်လျက်ရှိသည်ကိုမြင်လျှင်၊ 7သင်တို့သည် ယနေ့အဘယ်ကြောင့်မျက်နှာညှိုးငယ်သနည်းဟု မိမိသခင်အိမ်၌ မိမိနှင့်အတူအချုပ်ခံနေရသော ဖာရောမင်း၏အမတ်တို့အားမေး၏။ 8သူတို့ကလည်း၊ ငါတို့သည်အိပ်မက်ကိုမြင်ရပြီ။ အနက်ကိုဖတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ်က၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အားကြားပြောကြပါဟုဆို၏။ 9ထိုအခါဖလားတော်ဝန်သည် မိမိအိပ်မက်ကို ယောသပ်အား ကြားပြောသည်ကား၊ ငါမြင်မက်သောအိပ်မက်တွင်၊ ငါ့ရှေ့မှာစပျစ်နွယ်ပင်ရှိ၏။ 10ထိုစပျစ်နွယ်ပင်၌ အလက်သုံးလက်ရှိ၏။ ထိုအလက်တို့၌ပန်းငုံကဲ့သို့ရှိ၏။ အပွင့်လည်းပွင့်၏။ အသီးပြွတ်တို့လည်း မှည့်သောစပျစ်သီးဖြစ်လေ၏။ 11ဖာရောမင်း၏ဖလားတော်ကိုငါကိုင်လျက်၊ ထိုစပျစ်သီးကိုယူ၍ ဖလားတော်၌ညှစ်ပြီးမှ လက်တော်တွင်ဆက်သည်ဟုပြောဆို၏။ 12ယောသပ်ကလည်း သင်၏အိပ်မက်အနက်ဟူမူကား၊ စပျစ်နွယ်သုံးလက်တို့သည် သုံးရက်ဖြစ်၏။ 13သုံးရက်လွန်မှဖာရောမင်းသည် သင်၏ဦးခေါင်းကိုချီးမြှောက်၍ သင်၏အရာကိုပြန်ပေးတော်မူသဖြင့်၊ သင်သည်အထက်ကဖလားတော်ဝန်ဖြစ်၍ ပြုဖူးသည်နည်းတူ၊ တစ်ဖန်ဖလားတော်ကို ဖာရောမင်း၏လက်တွင်ဆက်မြဲ ဆက်ရလိမ့်မည်။ 14သင်သည်ချမ်းသာရသောအခါ ကျွန်ုပ်ကိုအောက်မေ့၍ ကျေးဇူးပြုပါလော့။ ဖာရောဘုရင်ကိုလျှောက်၍ ကျွန်ုပ်ကိုဤအိမ်မှနုတ်ယူပါ။ 15အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲပြည်မှခိုးယူခဲ့ကြ၏။ ဤပြည်မှာလည်း ကျွန်ုပ်၌အပြစ်မရှိဘဲ ထောင်ထဲမှာလှောင်ထားကြသည်ဟုဆိုလေ၏။
16ထိုအိပ်မက်အနက်ကောင်းသည်ကို စားတော်ဝန်သိမြင်လျှင်၊ ငါသည်လည်း ဖြူသောတောင်းသုံးလုံးကို ကိုယ်တိုင်ရွက်နေသည်ကို မြင်မက်၏။ 17အပေါ်တောင်းတွင် ဖာရောမင်းစားတော်ခေါ်ဖို့ချက်ပြီးသော ခဲဖွယ်စားဖွယ် အမျိုးမျိုးရှိ၍၊ ငှက်တို့သည်လည်း ငါရွက်သောတောင်းထဲကနုတ်၍စားကြသည်ဟု ယောသပ်အားပြောဆို၏။ 18ယောသပ်ကလည်း၊ သင်၏အိပ်မက်အနက်ဟူမူကား၊ တောင်းသုံးလုံးသည် သုံးရက်ဖြစ်၏။ 19သုံးရက်လွန်မှဖာရောမင်းသည် သင်၏ဦးခေါင်းကို ကိုယ်နှင့်ခွာမြှောက်လျက် သစ်ပင်၌ဆွဲထားတော်မူ၍၊ ငှက်တို့သည် သင်၏အသားကိုနုတ်၍စားကြလိမ့်မည်ဟု ပြန်ပြော၏။
20ထိုနောက်သုံးရက်လွန်သောအခါ၊ ဖာရောမင်းဖွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ ကျွန်တော်မျိုးအပေါင်းတို့ကို ကျွေးမွေးတော်မူစဉ်တွင်၊ ဖလားတော်ဝန်၏ဦးခေါင်းနှင့် စားတော်ဝန်၏ဦးခေါင်းကို ကျွန်တော်မျိုးတို့တွင်ဖော်တော်မူ၍၊ 21အိပ်မက်အနက်ကို ယောသပ်ဖတ်သည်အတိုင်း၊ ဖလားတော်ဝန်ကို အထက်အရာ၌ တစ်ဖန်ခန့်ထားတော်မူသဖြင့်၊ သူသည်ဖလားတော်ကို ဖာရောမင်း၏လက်တွင် ဆက်မြဲဆက်ရ၏။ 22စားတော်ဝန်ကိုမူကား၊ ဆွဲထားတော်မူ၏။ 23သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ်ကိုမအောက်မေ့ဘဲ မေ့လျော့၍နေလေ၏။

ကမ္ဘာဦးကျမ်း - ၄၀ (အနက်ဖွင့်)

၄။ ဖလားတော်ဝန်နှင့်စားတော်ဝန်တို့၏ အိပ်မက်အနက်ဖွင့်ဆိုပေးခြင်း (အခန်း ၄၀)

          ၄၀:၁၉ အကျဉ်းထောင်ထဲတွင် ယောသပ်သည် အဲဂုတ္တုဘုရင်၏ ဖလားတော်ဝန်၊ စားတော်ဝန်တို့နှင့် အသိမိတ်ဆွေ ဖြစ်သွားကြသည် (ငယ် ၁-၄)။ ထိုဝန်မင်းများ၏ အိပ်မက်အသီးသီးကို ယောသပ်က အနက်ပြန်ပေးသည် (ငယ် ၅-၈)။ ဖလားတော်ဝန်၏ အိပ်မက်ကို အနက်ကောက်၍ ရာထူးတိုးမည်ဟု ဆိုရာ (၃)ရက်ကြာသောအခါ ထောင်နှ ထုတ်ယူခြင်းခံရသည့်အပြင် အမှန်တကယ် ရာထူးတိုးသွားသည် (ငယ် ၉-၁၅) စားတော်ဝန်၏ အိပ်မက် ဖြူသောတောင်းသုံးလုံး ထမ်းရွက်သည်ကိုမူ သုံးရက်အတွင်းတွင် ဖာရောမင်းက ခေါင်းဖြတ်မည်ဟု အနက်ဖွင့်ပေးရာ ဖွင့်ပေးသည့်အတိုင်း ခေါင်းဖြတ်ခံရသည် (ငယ် ၁၆-၁၉)။

ယောသပ်သည် သူထောင်မှ ထွက်ဖို့အရေး မကြိုးပမ်းသည်ကို သတိပြုပါ။ ဘုရားသခင်၏ဂုဏ်တော် နာမတော်ကို အစဉ်ချီးမွမ်းလျက် အဆိုးဝါးဆုံးသောကာလတွင်ပင်လျှင် သူတစ်ပါးအကျိုး သယ်ပိုးသည်။

၄၀:၂၀၂၃ ဖလားတော်ဝန်သည် ထောင်ထဲမှ လွတ်ငြိမ်းချမ်းသာရရှိသော်လည်း ယောသပ်အတွက် ဘာမှ မဆောင်ရွက်ပေး။ ကတိမတည်၊ ကျေးဇူးတရား နားမလည် (ငယ် ၂၃)။ ဖလားတော်ဝန်က မေ့ဟန်ဆောင်သော်လည်း ဘုရားသခင်က ယောသပ်ကိုမမေ့။ “သင်သည် ချမ်းသာသောအခါ အကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုလော့” (ငယ် ၁၄)ဟု ဘုရားရှင် ဆိုထားသည်။ ကယ်တင်ရှင် ယေရှုရှင်သည်လည်း သစ္စာဖောက်ခံရသည့် ညဉ့်တွင် ထိုစကားမျိုးမိန့်မှာထားခဲ့သည်။ ဖုန့်ဖဲ့၍ စပျစ်ရည်ကို သုံးဆောင်ခြင်းဖြင့် ကိုယ်တော်အား အောက်မေ့သတိရကြဖို့ မှာတမ်းစကားဆိုခဲ့သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။