ကမ္ဘာဦးကျမ်း - ၃၉

ယောသပ်နှင့်ပေါတိဖာ၏ဇနီး
1ဣရှမေလလူတို့သည် ယောသပ်ကိုဆောင်သွား၍ အဲဂုတ္တုပြည်သို့ရောက်သောအခါ၊ အဲဂုတ္တုအမျိုးသားဖာရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော်မှူးပေါတိဖာထံမှာရောင်းကြ၏။ 2ထာဝရဘုရားသည် ယောသပ်ဘက်၌ရှိတော်မူသဖြင့် သူသည် အကြံထမြောက်တတ်၏။ အဲဂုတ္တုအမျိုးသား မိမိသခင်၏အိမ်၌နေရလေ၏။တ၊ ၇:၉။ 3သူ့ဘက်၌ ထာဝရဘုရားသည်ရှိတော်မူ၍၊ သူပြုလေရာရာ၌ အောင်စေတော်မူကြောင်းကို သခင်လည်းသိမြင်၏။ 4ထိုကြောင့် ယောသပ်သည် သခင်ရှေ့၌မျက်နှာရ၍ ခစားလျက်နေရ၏။ သခင်သည်လည်း မိမိအိမ်တွင် အိမ်အုပ်အရာနှင့်ခန့်ထား၍ ဥစ္စာရှိသမျှကိုအပ်လေ၏။ 5ထိုသို့အိမ်နှင့်ဥစ္စာရှိသမျှကို အုပ်စိုးစေသည်ကာလမှစ၍ ထာဝရဘုရားသည် ယောသပ်အတွက် ထိုအဲဂုတ္တုသား၏အိမ်ကို ကောင်းချီးပေးတော်မူသဖြင့်၊ ပေးတော်မူသောကောင်းချီးမင်္ဂလာသည် အတွင်း၊ ပြင်၊ ဥစ္စာရှိရှိသမျှအပေါ်မှာလည်း သက်ရောက်လေ၏။ 6သခင်သည် မိမိ၌ရှိသမျှကိုယောသပ်လက်သို့အပ်၍၊ မိမိစားသောအစာမှတစ်ပါး အခြားသောဥစ္စာရှိမှန်းကိုမျှ မသိမမှတ်ဘဲနေ၏။ ယောသပ်သည် ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်းလှသောသူဖြစ်၏။
7ထိုနောက်မှသခင်၏မယားသည် ယောသပ်ကိုတပ်သောစိတ်ရှိ၍ ငါနှင့်အတူအိပ်ပါဟုဆို၏။ 8ယောသပ်ကလည်း၊ ကျွန်တော်သခင်သည် အိမ်တော်၌ရှိသမျှသောဥစ္စာတို့ကို ကျွန်တော်လက်သို့အပ်ပါပြီ။ ကျွန်တော်၌ အဘယ်ဥစ္စာရှိမှန်းကိုမျှမသိမမှတ်ပါ။ 9ဤအိမ်တွင်လည်း ကျွန်တော်ထက်သာ၍ ကြီးသောသူမရှိပါ။ ကိုယ်မယားဖြစ်သော သခင်မမှတစ်ပါး အဘယ်အရာကိုမျှ ကျွန်တော်အားမမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယားကိုငြင်း၍ ပြန်ဆို၏။ 10ထိုသို့သခင်မသည် နေ့တိုင်းသွေးဆောင်သော်လည်း၊ ယောသပ်သည် သူ၏စကားကိုနားမထောင်၊ သူနှင့်အတူအိပ်ခြင်း၊ နေခြင်းအမှုကိုရှောင်လေ၏။ 11တစ်နေ့သ၌ ယောသပ်သည်အမှုဆောင်ခြင်းငှာ အိမ်ထဲသို့ဝင်၍ အိမ်သားယောက်ျားတစ်ယောက်မျှ မရှိသောအခါ၊ 12သခင်မက ငါနှင့်အတူအိပ်ပါဟုဆိုလျက်၊ ယောသပ်အဝတ်ကိုကိုင်ဆွဲလျှင်၊ ယောသပ်သည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးလေ၏။ 13ထိုသို့သခင်မလက်၌ မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးသည်ကို သခင်မသိမြင်သောအခါ၊ 14အိမ်သားယောက်ျားတို့ကိုခေါ်၍၊ သင်တို့ကြည့်ကြ။ ငါတို့၌ မရိုမသေပြုစေခြင်းငှာ ဤဟေဗြဲလူကို သခင်သွင်းထားပြီတကား။ သူသည် ငါနှင့်အတူ အိပ်ခြင်းငှာဝင်လာ၍ ငါသည်ကျယ်သောအသံနှင့် အော်ဟစ်ရ၏။ 15ကျယ်ကျယ်အော်ဟစ်သံကိုကြားလျှင်၊ သူသည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးသည်ဟုဆိုပြီးလျှင်၊ 16သခင်ရောက်သည်တိုင်အောင် ထိုအဝတ်ကိုမိမိ၌ထားလေ၏။ 17သခင်ရောက်သောအခါ၊ ကိုယ်တော်သွင်းထားသော ဟေဗြဲကျွန်သည် ကျွန်ုပ်ကိုမရိုမသေပြုခြင်းငှာဝင်လာပါ၏။ 18ကျွန်ုပ်သည် ကျယ်သောအသံနှင့် အော်ဟစ်သောအခါ၊ သူသည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးပါသည်ဟူသောစကားဖြင့် ကြားပြောလေ၏။ 19ကိုယ်တော်၏ကျွန်သည် ကျွန်ုပ်၌ဤသို့ပြုခဲ့ပြီဟု မယားပြောသောစကားကို သခင်ကြားလျှင်၊ ယောသပ်ကိုအမျက်ထွက်၍၊ 20ခေါ်ပြီးမှ၊ ရှင်ဘုရင်ချုပ်ထားသောသူတို့နေရာ ထောင်ထဲမှာ လှောင်ထားသဖြင့်၊ ယောသပ်သည် ထောင်ထဲမှာနေရ၏။ 21သို့သော်လည်း ထာဝရဘုရားသည်သူ့ဘက်၌ရှိ၍ ကယ်မသနားတော်မူသဖြင့်၊ ထောင်မှူးထံမျက်နှာရစေတော်မူ၏။တ၊ ၇:၉။ 22သို့ဖြစ်၍ထောင်မှူးသည် ထောင်၌ချုပ်ထားသောသူအပေါင်းတို့ကို ယောသပ်လက်သို့အပ်၍၊ ထောင်ထဲတွင်ပြုသမျှသောအမှုကို ယောသပ်စီရင်ရ၏။ 23ထိုနောက်ထောင်မှူးသည် ထောင်အမှုကိုကိုယ်တိုင်ပြန်၍ မကြည့်မရှုရ။ အကြောင်းမူကား၊ ထာဝရဘုရားသည်ယောသပ်ဘက်မှာရှိ၍ သူပြုလေရာရာ၌ အောင်စေတော်မူသတည်း။

ကမ္ဘာဦးကျမ်း - ၃၉ (အနက်ဖွင့်)

၃။ စုံစမ်းစစ်ဆေးမှုမှ ယောသပ်အောင်မြင်ခြင်း (အခန်း ၃၉)

          ၃၉:၁၉ အဲဂုတ္တုပြည်ကို ကိုယ်ရံတော်တပ်မှူး ပေါတီဖာအိမ့်နန်းတော်အတွင်းတွင် ယောသပ် ရာထူးရာခံရရှိခြင်း အကြောင်းဖြစ်သည်။ ဘုရားသခင်သည် ယောသပ်နှင့်အတူ ရှိတော်မူသောကြောင့် ယောသပ်သည် ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်၍ အောင်မြင်ကျော်ကြားလာသည် (၁၅၃၄ ခုနှစ် Tyndale ကျမ်းမူတွင် ယောသပ်အား အမြင်ကပ်၍ ကျန်ချ၊ ငါးခြောက်ပုံပေါ်ကျသူဖြစ်သည်ဟု ဆိုသည်)။ ယောသပ်သည် ကာယဗလ ထွားကျိုင်းသန်မာသူဖြစ်၍ မိန်းမများ သွားရေကျစရာ ဖြစ်သဖြင့် ပေါ်တီဖာ၏ မိန်းမက အဖန်တလဲလဲ မြူဆွယ်သည်။ သို့သော် ငြင်းဆန်မြဲငြင်းဆန်သည်။ ယောသပ်သည် အလုပ်ရှင် သခင်အပေါ် သစ္စာမဖောက်ချင်သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလည်း အစဉ်စောင့်ထိန်းသူ ဖြစ်သည်။ တစ်နေ့သောအခါ ပေါ်တီဖာဇနီးက ယောသပ်၏ အင်္ကျီအား လှမ်းဆွဲမိသည်။ ယောသပ် ရုန်းထွက်သဖြင့် အင်္ကျီကျွတ်ကျ ကျန်ရစ်ခဲ့သည်။ သူ့အဝတ်အစား ဆုံးရှုံးသော်လည်း အကျင့်စာရိတ္တပိုမို တောက်ပြောင်ခိုင်မာသည်။ သို့နှင့်ပါ်တီဖာ၏ မိန်းမသည် ရှက်ရမ်းရမ်း၍ သူ့အား ယောသပ်က အတင်းအဓမ္မကျင့်ကြံကြောင်း လိမ်လည်စွပ်စွဲကာ ယောသပ်၏အင်္ကျီကို သက်သေခံပစ္စည်းအဖြစ် တင်ပြသည်။

ယုံကြည်သူများသည် မတရားသော မေထုံ၊ ရုပ်တုဆင်းတု ကိုးကွယ်ခြင်းနှင့် တဏှာရမက်များကို ရှောင်ရှားထိန်းသိမ်းသင့်သည်။ အပြစ်ဒုစရိုက်ထဲသို့ ကျွံကျခြင်းထက် ထွက်ပြေးတမ်းရှောင်ခြင်းက ပို၍မြတ်ပါသည်။

၃၉:၂၀၂၃ အထူးတလည်စုံစမ်းစစ်ကြောခြင်းမပြုဘဲ၊ ပေါတီဖာသည် ယောသပ်အား ထောင်ထဲသို့ ချုပ်ထားလိုက်သည်။ သို့သော်လည်း ဘုရားသခင်က ကွယ်ကာစောင့်ရှောက်သောကြောင့် ယောသပ်သည် ထောင်ထဲတွင် သက်တောင့်သက်သာ နေရသည်။ ပြင်းပြင်းထန်ထန် မနှိပ်ကွပ်ခြင်းမှာ ပေါတီဖာက သူ့မိန်းမ၏ အကျင့်စာရိတ္တအမှားကို သိရှိသောကြောင့်လည်း ဟိုးလေးတကျော်ကျော် မလုပ်ခြင်းဖြစ်နိုင်သည်။ ရော ၈:၂၈ ပါရှိသော သစ္စာတရားသည် ဤအဖြစ်အပျက်တွင် အခရာအဖြစ် ပေါ်လွင်ထင်ရှားသည်။ ဘုရားသခင်သည် ယောသပ်၏ နောက်ကွယ်မှ ကွယ်ကာစောင့်ရှောက်သည်။ ယောသပ်၏ အကျင့်စာရိတ္တ ကောင်းမွန်ပုံ၊ စုံစမ်း စမ်းစစ်မှု အောင်မြင်ကျော်လွှားပုံကို (ငယ် ၈-၁၀)တွင် တွေ့ရသည်။ ထိုသို့ တစ်ကြိမ်တခါ လွန်မြောက်သော်လည်း ယောသပ်သည် အန္တရာယ်စက်ကွင်းမှ မလွတ်နိုင် (ဆာ ၁၀၅:၁၇-၁၉)။ အန္တရာယ် ကြံတွေ့သော်လည်း ယောသပ်သည် စုံစမ်း စစ်ဆေးခြင်း ဝန်ထုပ်အောက်တွင် ပိမနေ။ ဘုရားသခင်၏ လက်တော်က စောင်မသဖြင့် ပြဿနာ၏ အပေါ်ဘက်တွင် အမြဲ ရှိနေသည်။ အကျဉ်းထောင်ထဲတွင် နေရသောအချိန် ကာလသည် စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး လက်တွေ့သင်တန်း တက်ရသောကာလ ဖြစ်သွားသည်။ ထို့ကြောင့် တစ်ခါတရံ အခက်အခဲ ပြဿနာဟု ထင်မှတ်ရသော အရာများသည် ဘုရားသခင်က အကောင်းဆုံး သင်ခန်းစာ သင်ယူခိုင်းခြင်းဖြစ်နိုင်သည်။ အဆိုးထဲမှ အကောင်း အမြတ် ထုတ်တတ်ဖို့လိုသည်။ အခက်အခဲပြဿနာ ကြုံတွေ့လျှင် လက်မြှောက်အရှုံးပေးခြင်းထက် အရည်အသွေးထက်မြက်စေဖို့ ဖြစ်စေသင့်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။