ကမ္ဘာဦးကျမ်း - ၃၆

ဧသော၏အဆက်အနွယ်များ
(၅ ရာ၊ ၁:၃၄-၃၇)
1ဧဒုံအမည်ရှိသော ဧသောအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများဟူမူကား၊ 2ဧသောသည် ဟိတ္တိအမျိုး ဧလုန်၏သမီး အာဒတစ်ယောက်၊ ဟိဝိအမျိုးဇိဘောင်သား အာန၏သမီးအဟောလိဗာမတစ်ယောက်၊ ခါနာန်အမျိုးသမီးနှစ်ယောက်နှင့်လည်းကောင်း၊က၊ ၂၆:၃၄။ 3ဣရှမေလသမီးတည်းဟူသော နဗာယုတ်နှမ ဗာရှမတ်တစ်ယောက်နှင့်လည်းကောင်း၊ အိမ်ထောင်လေ၏။က၊ ၂၈:၉။ 4ဧသောမယား အာဒဖွားသောသားကား၊ ဧလိဖတ်၊ ဗာရှမတ် ဖွားသောသားရွေလတည်း။ 5အဟောလိဗာမဖွားသောသားကား၊ ယုရှ၊ ယာလံ၊ ကောရတည်း။ ဤသူတို့ကား၊ ခါနာန်ပြည်၌ ဧသောမြင်သောသားတည်း။
6ဧသောသည် မယားသားသမီးနှင့်တကွ၊ အိမ်သူအိမ်သားအပေါင်းတို့ကိုလည်းကောင်း၊ သိုးနွားစသည်တို့နှင့် တိရစ္ဆာန်ရှိသမျှတို့ကိုလည်းကောင်း၊ ခါနာန်ပြည်၌ရတတ်သော ဥစ္စာရှိသမျှတို့ကိုလည်းကောင်းယူ၍၊ ညီယာကုပ်ထံမှ ပြောင်းသွားလေ၏။ 7အကြောင်းမူကား၊ ထိုသူနှစ်ပါးတို့သည် ဥစ္စာများလွန်းသောကြောင့် တစ်ရပ်တည်းမနေနိုင်ကြ။ သူတို့နေရာမြေသည်၊ သူတို့တိရစ္ဆာန်များကြောင့် မဆံ့နိုင်ရာ။ 8သို့ဖြစ်၍ ဧဒုံအမည်ရှိသောဧသောသည် စိရတောင်ပေါ်မှာနေလေ၏။
9စိရတောင်ပေါ်မှာ ဧဒုံအမျိုးသားတို့၏အဘ ဧသော၏သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။ 10ဧသော၏သားတို့အမည်ကား၊ မယားအာဒဖွားသောသားဧလိဖတ်၊ မယားဗာရှမတ်ဖွားသောသားရွေလတည်း။ 11ဧလိဖတ်သားကား၊ တေမန်၊ ဩမရ၊ ဇေဖော၊ ဂါတံ၊ ကေနတ်တည်း။ 12ဧသောသားဧလိဖတ်၏မယားငယ်၊ တိမနဖွားသောသားကား၊ အာမလက်တည်း။ ဤသူတို့သည် ဧသောမယားအာဒ၏အနွယ်ဖြစ်သတည်း။ 13ရွေလသားကား၊ နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။ ဤသူတို့သည် ဧသောမယား ဗာရှမတ်၏အနွယ်ဖြစ်သတည်း။ 14ဇိဘောင်သား အာန၏သမီး၊ ဧသောမယားအဟောလိဗာမဖွားသောသားကား၊ ယုရှ၊ ယာလံ၊ ကောရတည်း။
15ဧသောသားတို့တွင် ဗိုလ်လုပ်သောသူဟူမူကား၊ သားဦးဧလိဖတ်၏သား ဗိုလ်တေမန်၊ ဗိုလ်ဩမရ၊ ဗိုလ်ဇေဖော၊ ဗိုလ်ကေနတ်၊ 16ဗိုလ်ဂါတံ၊ ဗိုလ်အာမလက်တည်း။ ဤဗိုလ်တို့သည်အာဒ၏အနွယ်၊ ဧဒုံပြည်၌ ဧလိဖတ်ရသောသားဖြစ်သတည်း။ 17ဧသောသားရွေလ၏သားကား၊ ဗိုလ်နာဟတ်၊ ဗိုလ်ဇေရ၊ ဗိုလ်ရှမ္မ၊ ဗိုလ်မိဇ္ဇတည်း။ ဤဗိုလ်တို့သည် ဧသောမယားဗာရှမတ်၏အနွယ်၊ ဧဒုံပြည်၌ ရွေလရသောသားဖြစ်သတည်း။ 18ဧသောမယား အဟောလိဗာမ၏သားကား၊ ဗိုလ်ယုရှ၊ ဗိုလ်ယာလံ၊ ဗိုလ်ကောရတည်း။ ဤဗိုလ်တို့သည် အာန၏သမီး၊ ဧသောမယား အဟောလိဗာမသား ဖြစ်သတည်း။ 19ဧဒုံအမည်ရှိသော ဧသော၏သားမြေးများ၊ သူတို့တွင် ဗိုလ်လုပ်သောသူများ၊ ဤသို့တည်း။
စိရ၏အဆက်အနွယ်များ
(၅ ရာ၊ ၁:၃၈-၄၂)
20ထိုပြည်၌နေသောဟောရိအမျိုး၊ စိရ၏သားကား၊ လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ 21ဒိရှုန်၊ ဧဇာ၊ ဒိရှန်တည်း။ ဤသူတို့သည် ဧဒုံပြည်၌ဟောရိအမျိုး၊ စိရ၏သားတို့တွင် ဗိုလ်လုပ်သောသူဖြစ်သတည်း။ 22လောတန်သားကား၊ ဟောရိနှင့် ဟေမံတည်း။ လောတန်နှမကား တိမနတည်း။ 23ရှောဗလသားကား၊ အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖော၊ ဩနံတည်း။ 24ဇိဘောင်သားကား၊ အာယနှင့် အာနတည်း။ ထိုအာနကား၊ အဘဇိဘောင်၏ မြည်းတို့ကို ထိန်းသောအခါ၊ တော၌နွေးသောစမ်းရေတွင်းတို့ကိုတွေ့သော သူပေတည်း။ 25အာနသားကား၊ ဒိရှုန်နှင့် သမီးအဟောလိဗာမတည်း။ 26ဒိရှုန်သားကား၊ ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်၊ ခေရန်တည်း။ 27ဧဇာသားကား၊ ဗိလဟန်၊ ဇာဝန်၊ အာကန်တည်း။ 28ဒိရှန်သားကား၊ ဥဇနှင့် အာရန်တည်း။ 29ဟောရိအမျိုးဗိုလ်များကား၊ ဗိုလ်လောတန်၊ ဗိုလ်ရှောဗလ၊ ဗိုလ်ဇိဘောင်၊ ဗိုလ်အာန၊ 30ဗိုလ်ဒိရှုန်၊ ဗိုလ်ဧဇာ၊ ဗိုလ်ဒိရှန်တည်း။ ဤသူတို့သည် စိရပြည်၌ ဗိုလ်လုပ်သောသူတို့တွင်၊ ဟောရိအမျိုးဗိုလ်ဖြစ်သတည်း။
ဧဒုံဘုရင်များ
(၅ ရာ၊ ၁:၄၃-၅၄)
31ဣသရေလအမျိုး၌ အစိုးရသောမင်းကြီးမရှိမီ၊ ဧဒုံပြည်၌အစိုးရသောမင်းကြီးဟူမူကား၊ 32ဗောရသားဗေလာသည် ဧဒုံပြည်၌မင်းပြု၏။ မြို့တော်ကား၊ ဒိန္နာဗာမြို့တည်း။ 33ဗေလာမင်းသေ၍ သူ၏အရာ၌ ဗောဇရအရပ်သား၊ ဇေရ၏သားယောဗပ်သည် မင်းပြုလေ၏။ 34ယောဗပ်မင်းသေ၍၊ သူ၏အရာ၌ တေမနိအရပ်သားဟုရှံသည် မင်းပြုလေ၏။ 35ဟုရှံမင်းသေ၍၊ မောဘလွင်ပြင်၌ မိဒျန်လူတို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သား ဟာဒဒ်သည်၊ ဟုရှံအရာ၌မင်းပြုလေ၏။ မြို့တော်ကား၊ အာဝိတ်မြို့တည်း။ 36ဟာဒဒ်မင်းသေ၍၊ သူ၏အရာ၌ မာသရက်အရပ်သား စာမလသည် မင်းပြုလေ၏။ 37စာမလမင်းသေ၍၊ သူ၏အရာ၌ မြစ်နားမှာနေသော ရဟောဘုတ်အရပ်သား ရှောလသည် မင်းပြုလေ၏။ 38ရှောလမင်းသေ၍သူ၏အရာ၌၊ အာခဗော်သား ဗာလဟာနန်သည် မင်းပြုလေ၏။ 39အာခဗော်သားဗာလဟာနန်မင်းသေ၍ သူ၏အရာ၌ ဟာဒါသည်မင်းပြုလေ၏။ မြို့တော်ကား၊ ပေါမြို့တည်း။ မြောက်သားတော်ကား၊ မေဇဟပ်သမီး မာတရက်၏သမီးမဟေတဗေလတည်း။
40ဧသောမှဆင်းသက်၍ မိမိအမျိုးအနွယ်၊ နေရာအရပ်၊ ခံရသောဘွဲ့နာမအလိုက်၊ ဗိုလ်လုပ်သောသူဟူမူကား၊ ဗိုလ်တိမနာ၊ ဗိုလ်အာလဝ၊ ဗိုလ်ယေသက်၊ 41ဗိုလ်အဟောလိဗာမ၊ ဗိုလ်ဧလာ၊ ဗိုလ်ပိနုန်၊ 42ဗိုလ်ကေနတ်၊ ဗိုလ်တေမန်၊ ဗိုလ်မိဗဇာ၊ 43ဗိုလ်မာဂဒျေလ၊ ဗိုလ်ဣရံတည်း။ ဤသူတို့သည်မိမိနေရာအရပ်၊ မိမိပိုင်သောပြည်၌၊ ဧဒုံဗိုလ်များဖြစ်သတည်း။ ဧသောသည် ဧဒုံအမျိုးသားတို့၏အဘဖြစ်သတည်း။

ကမ္ဘာဦးကျမ်း - ၃၆ (အနက်ဖွင့်)

၉။ ယာကုပ်အစ်ကို ဧသော၏သားစဉ်မြေးဆက် (အခန်း ၃၆)

        ၃၆:၁–၃၀ အခန်းကြီး(၃၆)သည် ပင်လယ်သေအရှေ့တောင်ဘက် ဧဒုံအရပ်တွင် နေထိုင်သော ဧသောမိသားစု သားမြေးစည်ဆက်အကြောင်း ဖြစ်သည်။ ၂၅:၂၃ ပါ ကတိတော်လာအတိုင်း ဧသော၏ သားမြေးစဉ်ဆက်သည် ထွန်းကားများပြားလာကြသဖြင့် ဧသောသည် လူမျိုးကြီးတစ်ခု၏ ဘိုးဘေး၊ ဖခင်ကြီးဖြစ်သည်။ ဧသောတွင် မယားသုံးယောက် (သို့မဟုတ်) လေးယောက်ရှိသည်။ အချို့မိန်းမများသည် နာမည်(၂)ခု ရှိသောကြောင့် အသေအချာမသိနိုင် (၂၆:၃၄၊ ၂၈:၉၊ ၃၆:၂-၃ တို့ကို ယှဉ်ဖတ်ပါ။ အပိုဒ်ငယ် (၂၄)တွင် အာနုက ရေတွင်း(ရေပူစမ်း) (NASB) တွေ့ရှိသည်ဟု ဆိုသည်။

၃၆:၃၁–၄၃ ကမ္ဘာဦးကျမ်းကို စီရင်ရေးသားသူ မောရှေသည် ဘုရားသခင်၏ ဝိညာဉ်တော်ဖော်ပြခြင်းဖြင့် (၃၅:၁၁ ကိုကြည့်) ဣသရေလလူမျိုးတွင် ရှင်ဘုရင် ရှိလာမည်ဟု ဆိုသည်။ အခန်းကြီး(၄)တွင် ဘုရားတရားမသိသော ကာဣန၏သားမြေးစဉ်ဆက် (၇)ဆက် ရေးပြထားပြီး ဤအခန်းငယ် ၃၃-၃၉ တွင် ဘုရားတရားမသိသော ဧသော၏ သားစဉ်မြေးဆက် (၇)ပါး ထပ်မံတွေ့ရသည်။ (၇)ဂဏန်းသည် ပြည့်စုံသော အဓိပ္ပါယ်ရှိ၍ သားမြေး အပြည့်အစုံဖော်ပြလိုဟန်ရှိသည်။ ဧသော၏ သားစဉ်မြေးဆက်များသည် ဘုရားတရား ယုံကြည်သူများစာရင်းဇယားတွင် မတွေ့ရပါ။ အသက်ရှင်သော ဘုရားနှင့်ဝေးကွာသူများ ဖြစ်သည်။ ဤယာယီလူ့လောက ကမ္ဘာတွင် ကြွယ်ဝချမ်းသာခြင်းဖြင့် ထင်ပေါ် ကျော်ကြားသူများဖြစ်သည်။ ထာဝရကာလနှင့်မသက်ဆိုင်ကြ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။