ကမ္ဘာဦးကျမ်း - ၃၃

ယာကုပ်နှင့်ဧသောတွေ့ဆုံခြင်း
1ထိုအခါ ယာကုပ်သည်မျှော်ကြည့်၍၊ အစ်ကိုဧသောသည် လူလေးရာပါလျက် ချီလာသည်ကိုမြင်လျှင်၊ လေအာ၊ ရာခေလ၊ ကျွန်မနှစ်ယောက်တို့တွင် သားများတို့ကိုဝေပေးလေ၏။ 2ကျွန်မနှစ်ယောက်ကိုကား၊ သူတို့သားများနှင့်ရှေ့ကနေစေ၍၊ လေအာနှင့်သူ၏သားတို့ကို အလယ်၌လည်းကောင်း၊ ရာခေလနှင့် ယောသပ်ကိုနောက်၌လည်းကောင်း ထားလေ၏။ 3သူတို့ရှေ့မှာကိုယ်တိုင်လွန်သွား၍၊ ခုနစ်ကြိမ်တိုင်အောင် ဦးညွှတ်ပျပ်ဝပ်လျက်၊ အစ်ကိုအနီးသို့ချဉ်းကပ်လေ၏။ 4ထိုအခါ ဧသောသည် ကြိုဆိုခြင်းငှာပြေးလာ၍၊ လည်ချင်းယက်လျက်၊ ပိုက်ဖက်နမ်းရှုတ်ခြင်းကိုပြု၍၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ၏။ 5ထိုနောက်၊ မျှော်ကြည့်၍၊ မိန်းမများ၊ သူငယ်များကိုမြင်လျှင်၊ သင်၌ပါသော ဤသူတို့သည်၊ အဘယ်သူနည်းဟုမေးသော်၊ ကိုယ်တော်၏ကျွန်အား၊ ဘုရားသခင်ပေးသနားတော်မူသော သူငယ်ဖြစ်ကြပါ၏ဟုပြန်ပြောပြီးမှ၊ 6ကျွန်မတို့သည်၊ မိမိတို့သားများနှင့်ချဉ်းကပ်၍ ဦးညွှတ်ကြ၏။ 7ထိုနောက်၊ လေအာသည်သူ၏သားများနှင့်ချဉ်းကပ်၍ ဦးညွှတ်ကြ၏။ ထိုနောက်၊ ယောသပ်နှင့်ရာခေလသည်ချဉ်းကပ်၍ ဦးညွှတ်ခြင်းကိုပြုကြ၏။ 8ဧသောကလည်း၊ ကျွန်ုပ်တွေ့သော တိရစ္ဆာန်စုအပေါင်းတို့သည်၊ အဘယ်သို့သောအရာနည်းဟုမေးလျှင်၊ သခင်၏စိတ်တော်နှင့် တွေ့စေခြင်းငှာဖြစ်ပါသည်ဟု ပြန်ပြော၏။ 9ဧသောကလည်း၊ ငါ့ညီ၊ ငါ၌လုံလောက်အောင်ရှိ၏။ သင်၏ဥစ္စာတို့ကို ယူထားဦးလော့ဟုဆို၏။ 10ယာကုပ်ကလည်း၊ ထိုသို့မဆိုပါနှင့်။ စိတ်တော်နှင့် တွေ့သည်မှန်လျှင်၊ ကျွန်တော်ဆက်သောလက်ဆောင်ကို ခံယူတော်မူပါ။ ဘုရားသခင်၏မျက်နှာတော်ကို ဖူးမြင်ရသကဲ့သို့၊ ကိုယ်တော်၏မျက်နှာကို ဖူးမြင်ရပါ၏။ စိတ်တော်သည်လည်းနူးညွတ်ပါ၏။ 11ကိုယ်တော်ထံသို့ရောက်သော ကျွန်တော်၏မင်္ဂလာကို ခံယူတော်မူပါ။ ဘုရားသခင်သည်၊ ကျွန်တော်၌များစွာသောကျေးဇူးကို ပြုတော်မူပြီ။ ကျွန်တော်၌လုံလောက်အောင်ရှိပါ၏ဟူ၍ တိုက်တွန်းသောကြောင့် ခံယူလေ၏။
12ဧသောကလည်း၊ ခရီးသွားကြစို့၊ သင့်ရှေ့မှာကျွန်ုပ်သွားမည်ဟုဆိုလျှင်၊ 13ယာကုပ်က၊ သခင်သိသည်အတိုင်း၊ ဤသူငယ်တို့သည် နုငယ်ပါ၏။ သားငယ်ပါသော သိုး၊ ဆိတ်၊ နွားမတို့သည်ကျွန်တော်၌ပါပါ၏။ တစ်နေ့ချင်းတွင် အနှင်လွန်လျှင်၊ ရှိသမျှတို့သည် သေကြပါလိမ့်မည်။ 14ထိုကြောင့်သခင်သည်၊ ကိုယ်တော်၏ကျွန်ရှေ့မှာ ကြွနှင့်တော်မူပါ။ ကျွန်တော်မူကား၊ ကျွန်တော်ဆောင်ခဲ့သော တိရစ္ဆာန်များ၊ သူငယ်များ၊ တတ်နိုင်သမျှအတိုင်း၊ သခင်နေရာစိရပြည်သို့ရောက်အောင်၊ တဖြည်းဖြည်းပို့ဆောင်ပါမည်ဟု လျှောက်လေ၏။ 15ဧသောကလည်း၊ သို့ဖြစ်လျှင် အကျွန်ုပ်၌ပါသောသူအချို့တို့ကို ညီ၌ထားခဲ့ပါရစေဟုဆိုလျှင်၊ ယာကုပ်က၊ အဘယ်အကြောင်းရှိပါသနည်း။ သခင်၏ စိတ်တော်နှင့်တွေ့ပါစေဟု ပြန်ဆိုသော်၊ 16ဧသောသည်ထိုနေ့ချင်းတွင် စိရပြည်သို့ခရီးသွား၍ ပြန်လေ၏။
17ယာကုပ်လည်း၊ သုကုတ်အရပ်သို့ခရီးသွား၍၊ ကိုယ်နေဖို့အိမ်ကိုလည်းကောင်း၊ တိရစ္ဆာန်များနေဖို့ တင်းကုပ်တို့ကိုလည်းကောင်း၊ ဆောက်လေ၏။ ထိုကြောင့် ထိုအရပ်ကို၊ သုကုတ်ဟူ၍တွင်လေသတည်း။
18ထိုနောက်မှ၊ ရှေခင်မြို့သို့ ဘေးမဲ့ရောက်လေ၏။ ပါဒနာရံပြည်မှ ပြန်လာ၍၊ ခါနာန်ပြည်သို့ ရောက်သောလမ်းခရီးတွင်၊ ထိုမြို့ရှိသတည်း။ ထိုမြို့ရှေ့မှာတဲကို ဆောက်လေ၏။ 19တဲဆောက်ရာမြေအကွက်ကို ရှေခင်၏အဘ၊ ဟာမော်၏သားတို့တွင်၊ ငွေတစ်ပိဿာအဖိုးပေး၍ ဝယ်ရသတည်း။ယောရှု၊ ၂၄:၃၂၊ ယော၊ ၄:၅။ 20ထိုအရပ်၌လည်း ယဇ်ပလ္လင်ကိုတည်ပြီးလျှင်၊ ဧလေလောဣသရေလဟူ၍သမုတ်လေ၏။

ကမ္ဘာဦးကျမ်း - ၃၃ (အနက်ဖွင့်)

၃၃:၁၁ ဧသောနှင့် တွေ့ခါနီးလေလေ၊ ယာကုပ်သည် ပိုမိုစိတ်ချောက်ခြားလာသည်။ ထို့ကြောင့် အသက်ချမ်းသာရာ ချမ်းသာကြောင်း မာယာနည်းပိရိယာယ်အမျိုးမျိုး အကွက်ကြိုတင် စီစည်ထားသည် ရှေ့မှာ ကြိုလွှတ်သော ဇနီးသားများလွတ်မြောက်၍ ကိုယ်တိုင် ဧသောနှင့် ကြုံဆုံသောအခါ ယာကုပ်သည် အစ်ကိုဧသောရှေ့တွင် ()ကြိမ်တိုင်တိုင် မြေကြီးပေါ်တွင် ပျပ်ဝပ်၍ ဦးချသည်။ အစ်ကိုဧသောက နှစ်လရှည်ကြာ ခွဲခွာသော တစ်အူတုံဆင်း ညီငယ်အား တွေ့သောအခါ ဖက်လှဲတကင်း ခရီးဦးကြိုပြုသည်။ ယာကုပ်၏ အထင်နှင့်အမြင်သည် တခြားစီဖြစ်သွားသည်။ ဧသောသည် ပထမဦးစွာ ညီငယ် ယာကုပ်ကို တွေ့ဆုံပြီးနောက် ယာကုပ်၏ ဇနီးများနှင့် သားသမီးများကို နှုတ်ဆက်သည်။ ယာကုပ်ပေးသော လက်ဆောင်များကို အကြိမ်ကြိမ် ငြင်းဆိုသော်လည်း အမျက်ပြေအထိမ်းအမှတ်လက်ဆောင်အဖြစ် နောက်ဆုံးတွင် လက်ခံလိုက်သည်။ ယာကုပ်သည် သူ့အစ်ကိုအား တန်းတူမဆက်ဆံ။ သူ့ကိုယ်သူ အစ်ကို၏ ကျေးကျွန်အဖြစ် ခံယူသည်။ အစ်ကိုဧသော၏ သဘောထားကြီးမှု၊ အစ်ကိုကြီးအရာ ပီသမှုကို တွေ့မြင်သောအခါ ဘုရားသခငျ၏ မျက်နှာတော် ဖူးမြင်ခြင်း ဆိုသည်မှာ အချို့က ပြန်လည်စေ့စပ် ငြိမ်းချမ်းရေး ဖြစ်သည်ဟု ဆိုကြသည်။

၃၃:၁၂၁၇ ဧသောက ယာကုပ်အား အတူတူသွားကြမည်ဟု ဆိုသောအခါ ယာကုပ်က စိတ်မလုံသဖြင့် ကလေးငယ်များနှင့် တိရစ္ဆာန်အကောင်ငယ်များ ခရီးပန်းလာ၍ မြန်မြန် မလျှောက်နိုင်ကြောင်း ဟန်ဆောင်စကားဆိုသည်။ သို့ယော် စိရ အရပ်သို့ တွေ့ဆုံကြမည်ဟု ယာကုပ်က ကတိပေးလိုက်သည်။ အဘယ်ကြောင့် ထိုသို့ဆိုသည်ကိုမသိ။ ဧသောက သူ့လူအချို့ အစောင့်အရှောက်ထားခဲ့မည်ဟု ဆိုသောအခါ ယာကုပ်က ပို၍ မယုံသင်္ကာဖြစ်နေသဖြင့် ငြင်းဆိုလိုက်သည်။

၃၃:၁၈၂၀ ယာကုပ်သည် တောင်ဘက်အရပ်ရှိ စိရတောင်သို့ သွားမည့်အစား အနောက်မြောက်အရပ်ရှိ ရှေခင် အရပ်သို့သွားသည်။ ထိုအရပ်တွင် အခြေချ၍ ယဇ်ပလ္လင်တည်ဆောက်သည်။ ယဇ်ပလ္လင်၏နာမည်ကို ဧလေလောဣသရေလ (ဘုရားရှင်၊ ဣသရေလ၏ ဘုရားသခင်ဟု အနက်ရသည်) ဟု ခေါ်သည်။ လွန်ခဲ့သော အနှစ်(၂၀)တုန်းက ဗေသေလအရပ်တွင် ဘုရားသခင်အားတွေ့ဆုံစဉ်ယာကုပ်က ဆယ်ဘို့တစ်ဘို့ပေးလှူဖို့ ကတိပြုခဲပ့သည်။ ဗေသေလကို ဘုရားသခင်၏ အိမတော် (၂၈:၂၀-၂၂) ဟု ဆိုမှတ်ခဲ့သည်။ ယခု ဗေသေလသို့ မသွားပြန်။ ရှေခင်မှ မိုင်သုံးဆယ်ခန့်ဝေးသော ဒေသတွင် စခန်းချသည်။ သူ့ တိရစ္ဆာန်များ စားကျက်မြေအတွက်ဖြစ်ဟန်တူသည်။ (ရှေခင်ဆိုသည်မှာ မြေဟု အနက်ရသည်)။ ဘုရားသခင်သည် နှစ်ပေါင်းများစွာ ကြာလာသည့်တိုင်အောင် ယာကုပ်အား ကတိတော်ပြည့်စုံစေဖို့ တိုက်ရိုက် ခေါ်ယူခြင်း မပြု။ ထိုအကြောင်းကို အခန်းကြီး (၃၅)တွင်တွေ့ရမည်။ အခန်းကြီး (၃၄)တွင် ဆင်းရဲဒုက္ခ ကြုံတွေ့သည့်အကြောင်း တွေ့ရဦးမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။