ကမ္ဘာဦးကျမ်း - ၃၂
ကမ္ဘာဦးကျမ်း - ၃၂ (အနက်ဖွင့်)
၆။ ဧသောနှင့်ပြန်လည်သင့်မြတ်ခြင်း (အခန်း ၃၂–၃၃)
၃၂:၁–၈ ခါနာန်သို့ ပြန်လာကြစဉ် မဟာနိမ်အရပ်၌ ယာကုပ်သည် ကောင်းကင်တမန်တပ်တော် မြင်သည်။ မဟာနိမ် ဆိုသည်မှာ တပ်မတော် နှစ်ခု သို့မဟုတ် စခန်းနှစ်ခုဟု အနက်ရသည်။ ဘုရားသခင်၏ တပ်တော် (ငယ် ၂)နှင့် ယာကုပ်တို့ အဖွဲ့ဖြစ်နိုင်သည်။ သို့မဟုတ် အင်အားများပြားသောကြောင့် တပ်မတော် (၂)ခုစာဟု တင်စားခြင်း (ငယ် ၁၀)ဖြစ်နိုင်သည်။ ဧသောနှင့်တွေ့ဆုံခါနီးသောအခါ အစ်ကို ဧသော လက်တုံ့ပန်ကလဲ့စားချေမှာ စိုးရိမ်သည်။ ဧသောရရှိမည့် ကောင်းကြီးမင်္ဂလာအား လိမ်လည်ရယူခဲ့သောကြောင့် မိမိလိပ်ပြာမလုံ၊ စိုးရွံ့ထိတ်လန့်နေသည်။ ထို့ကြောင့် ယာကုပ်သည် ဦးစွာ အစ်ကို ဧသောနှင့် ငြိမ်းချမ်းရေး ရယူရန် အခြေမြန်တော်များ စေလွှတ်သည်။ လူပေါင်း (၄၀၀)နှင့်အတူ ဧသော ချီတက်လာကြောင်း ကြားသိသောအခါ ကြောက်လန့်သွားသည်။ ထို့ကြောင့် ယာကုပ်သည် သူ့မိသားစုကို နှစ်သုတ်ခွဲလိုက်သည်။ အကယ်၍ ပထမအသုတ်ကို ဧသောက သတ်ဖြတ်ချေမှုန်းလျှင် ဒုတိယအသုတ် ထွက်ပြေးလွတ်မြောက်နိုင်ဖို့ စီစဉ်လိုက်ခြင်းဖြစ်သည်။
၃၂:၉–၁၂ ယာကုပ်၏ ဆုတောင်းသံကို ဘုရားသခင် နားညောင်းတော်မူသဖြင့် လိုအပ်သော အကွယ်အကာ စောင့်ရှောက်ပေးတော်မူသည်။ ထိုသို့ နားညောင်းခြင်းမှာ ယာကုပ်၏ အောက်ကျို့နှိမ်ချသော ဝိညာဉ်အသိဖြင့် ဆုတောင်းခြင်းနှင့် ယာကုပ်၏ ဘိုးဘွားတို့အပေါ်သို့ ပြုတော်မူသော ကတိတော်များကြောင့် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ တည်မည့်အကြောင်း ယာကုပ်က ကတိတော်ပြု တောင်းလျှောက်သည်။
ကောင်းဆုံးသော ဆုတောင်းနည်းမှာ စိတ်ဝိညာဉ်အကြွင်းမဲ့ ဆုတောင်းခြင်းဖြစ်သည်။ လူအပေါင်းသည် အသက်ဘေးအန္တရာယ်ကြုံတွေ့သောအခါ တဏှာမငြိမ် ထပ်ခါတလဲလဲ ဆုတောင်းကြပါသနည်း။ အဘယ်ကြောင့် ထိုကဲ့သို့ ဆုတောင်းကြပါသနည်း။ အဖန်တလဲလဲ ဆုတောင်း မြွက်ဆိုခြင်းထက် စိတ်ဝညာဉ်အပြည့်ဖြင့် ဆုတောင်းခြင်းက ပိုမိုထိရောက်သည်။
၃၂:၁၃–၂၁ ယာကုပ်သည် အစ်ကိုဧသော၏အမျက်ဖြေစေရန် တိရစ္ဆာန်ပေါင်းစုံ (၅၈၀)ကောင်ကို (၃)သုတ်ခွဲ၍ စေလွှတ်လိုက်သည်။ ဧသောသည် ထိုတိရစ္ဆာန်ကောင်များကို လက်ဆော်အဖြစ်ရရှိသည်။ ယာကုပ်၏စစ်နည်းပရိယာယ်သည် ယုံကြည်ခြင်းတစ်ဝက်၊ မယုံကြည်ခြင်းတစ်ဝက်၊ အထက်တစ်ဝက် အောက်တစ်ဝက်၊ ကျဉ်တုတ်ခံဝံ့ မခံဝံ့ဖြစ်သည်။
၃၂:၂၂–၃၂ တိရစ္ဆာန်အုပ်များ၊ မိသားစုများ ယဗ္ဗုတ်ချောင်းတဘက်ကမ်းသို့ ကူမြောက်စေပြီးနောက်၊ ယာကုပ်သည် ပေနေလတွင် တစ်ယောက်တည်း တညဉ့်လုံးရှိသည်။ ဖြတ်သန်းလာခဲ့သောအတိတ် မုန်တိုင်းကာလကို စားမြုံ့ပြန်စဉ်းစားသည်။ ထိုသို့ မနိုးတစ်ဝက်၊ နိုးတစ်ဝက်ရှိနေစဉ် လူသားတစ်ဦးနှင့် နပန်းလုံးကြသည်။ (ထိုလူသားသည် ကောင်းကင်တမန်တော် ဖြစ်သည် (သော ၁၂:၄)။ ယေဟောဝါဘုရား၏ ကောင်းကင်တမန်တော်၊ တစ်နည်းဖြင့် ဘုရားကိုယ်တိုင်ဖြစ်သည်။ ဘုရားရှင်က ယာကုပ်၏ပေါင်ကြော အဆစ်ကို ထိုးသောကြောင့် ပေါင်ဆစ်ပြုတ်သည်။ သို့နှင့် ယာကုပ်သည် တစ်သက်လုံး ထော့နင်း၊ ထော့နင်း သွားရသည်။ ယာကုပ်သည် လူ့ခန္ဓာ စွမ်းအားပြိုင်ရာတွင် ရှုံးသော်လည်း ဝိညာဉ်ခွန်အား ကြီးထွားရာဖြစ်ကြောင်း သင်ခန်းစာကောင်း ရရှိသွားသည်။ ထိုအခိုက်တွင် ယာကုပ်၏ ဘဝ၌ ဘာမှမရှိ၊ ဗလာချည်းဖြစ်သည်။ တေလေဂျပိုး ခိုကိုးရာမဲ့ အိမ်ပြေးဖြစ်သည်။ သို့သော် ဘုရားသခင်က ထိုအချိန်မှစ၍ ယာကုပ်ဟူသော နာမည်အား ဣသရေလဟု ဘုရားသခင်က ပြောင်းပေးလိုက်သည် ‘ဣသရေလ’ကို ဘုရားသခင် အုပ်စိုးခြင်း “ဘုရားသခင် ကိန်းဝပ်ခြင်း” “ဘုရားသခင်၏ မင်းသား” အစရှိသဖြင့် အမျိုးမျိုး အနက်ဖွင့်ကြသည်။ ယာကုပ်က ထိုအရပ်ဒေသကို ပေနေလ (ဘုရားသခင်၏မျက်နှာတော်မြင်ရခြင်းဟု အနက်ရသည်) ဟု ခေါ်သည်။ အမှန်တကယ်လည်း ဘုရားသခင်နှင့် ကြုံတွေ့ရင်ဆိုင်ခဲ့သည်။ ဤအပိုဒ်ငယ် (၃၂)ဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့တိုင်အောင် ယုဒလူမျိုးများက စွဲလန်းယုံမှတ်နေကြကြောင်း Pleiffer က ဤသို့ရှင်းပြသည်။
ယနေ့ကာလတိုင်အောင် Orthodox Jews က ပေါင်ခြံကြောကို စားသုံးလေ့မရှိ။ တိရစ္ဆာန်သတ်စားလျှင် ပါင်ခြံကြောအား ဖယ်ထုတ်၍ မီးရှို့ ယဇ်ပူဇော်လေ့ရှိသည်။၂၇
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။