ကမ္ဘာဦးကျမ်း - ၂၈

1ထိုအခါ ဣဇာက်သည် ယာကုပ်ကိုခေါ်၍၊ သင်သည် ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဖက်မပြုရ။ 2အမိ၏အဘ ဗေသွေလအမျိုးသားနေရာ ပါဒနာရံအရပ်သို့ ထ၍သွားလော့။ သင့်ဦးရီးလာဗန်၏သမီးတစ်စုံတစ်ယောက်နှင့် အိမ်ထောင်ဖက်ပြုလော့။ 3အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းချီးပေး၍တိုးပွားစေသဖြင့်၊ သင်သည် အမျိုးကြီးဖြစ်မည်အကြောင်းနှင့် များပြားစေတော်မူစေသတည်း။ 4အထက်က အာဗြဟံအားပေးတော်မူ၍၊ သင် ယခုဧည့်သည်ဖြစ်လျက်နေသော ဤပြည်ကို၊ သင်အမွေခံရမည်အကြောင်း၊ သင့်အားလည်းကောင်း၊ သင်၏အမျိုးအနွယ်အားလည်းကောင်း၊ အာဗြဟံ၏ကောင်းချီးမင်္ဂလာကိုပေးတော်မူစေသတည်းဟု ကောင်းချီးပေးလျက် မှာထား၍လွှတ်လိုက်လေ၏။ 5ထိုသို့ယာကုပ်နှင့် ဧသော၏အမိ၊ ရေဗက္က၏မောင်၊ ရှုရိလူဗေသွေလသား လာဗန်နေရာ ပါဒနာရံပြည်သို့ ယာကုပ်သွားလေ၏။
ဧသောနောက်ထပ်မယားယူခြင်း
6ထိုသို့ ဣဇာက်သည် ယာကုပ်ကိုကောင်းချီးပေး၍၊ ပါဒနာရံပြည်၌ အိမ်ထောင်ဖက်ပြုစေခြင်းငှာ လွှတ်လိုက်သောအကြောင်းကိုလည်းကောင်း၊ ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဖက်မပြုရဟု၊ ကောင်းချီးပေးသောအခါ မှာထားကြောင်းကိုလည်းကောင်း၊ 7ယာကုပ်သည်မိဘစကားကို နားထောင်၍၊ ပါဒနာရံပြည်သို့သွားကြောင်းကိုလည်းကောင်း၊ 8ခါနာန်အမျိုးသမီးတို့ကို အဘဣဇာက် မနှစ်သက်ကြောင်းကိုလည်းကောင်း၊ ဧသောသိမြင်လျှင်၊ 9ဣရှမေလထံသို့သွား၍ အထက်မယားတို့မှတစ်ပါး၊ အာဗြဟံသား ဣရှမေလသမီး၊ နဗာယုတ်နှမ၊ မဟာလတ်နှင့် တစ်ဖန်အိမ်ထောင်ဖက်ပြုပြန်လေ၏။
ဗေသလအရပ်၌ယာကုပ်၏အိပ်မက်
10ယာကုပ်သည် ဗေရရှေဘရွာမှထွက်၍၊ ခါရန်ပြည်သို့ခရီးသွားစဉ်တွင်၊ 11တစ်စုံတစ်ခုသောအရပ်သို့ရောက်၍၊ မိုးချုပ်သောကြောင့်၊ ညကို လွန်စေမည်အကြံရှိသည်နှင့်၊ ထိုအရပ်၌ ကျောက်ကိုယူ၍ ခေါင်းအုံးဖို့ထားပြီးလျှင် အိပ်လေ၏။ 12မြင်ရသောအိပ်မက်ဟူမူကား၊ မြေကြီးပေါ်၌ လှေကားထောင်လျက် အဖျားသည် မိုးကောင်းကင်တိုင်အောင်မီ၏။ ဘုရားသခင်၏ကောင်းကင်တမန်တို့သည်၊ ထိုလှေကားဖြင့် ဆင်းလျက်တက်လျက်ရှိကြ၏။ 13ထာဝရဘုရားသည် လှေကားထက်၌ ရပ်တော်မူလျက်၊ ငါသည် သင်၏အဘ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ်သောမြေကို သင်နှင့် သင်၏ အမျိုးအနွယ်အားငါပေးမည်။ 14သင်၏အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာအရပ်တို့သို့နှံ့ပြားကြလိမ့်မည်။ သင်နှင့် သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။ 15ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာရာ၌ ငါစောင့်မမည်။ ဤပြည်သို့တစ်ဖန် ဆောင်ခဲ့ဦးမည်။ ကတိထားသည်အတိုင်းမပြည့်စုံမီ၊ သင့်ကိုငါမစွန့်ဟု မိန့်တော်မူ၏။ 16ယာကုပ်သည်အိပ်ပျော်ရာမှနိုးလျှင်၊ အကယ်စင်စစ်ထာဝရဘုရားသည် ဤအရပ်၌ရှိတော်မူ၏။ ရှိတော်မူကြောင်းကိုငါမသိ။ 17ဤအရပ်ကား၊ အဘယ်မျှလောက် ကြောက်မက်ဖွယ်ဖြစ်သည်တကား။ ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင်၏ဘုံဗိမာန်၊ ကောင်းကင်တံခါးဝဖြစ်သည်တကားဟု၊ ကြောက်ရွံ့ခြင်းသို့ရောက်၍ ဆို၏။
18နံနက်စောစော ယာကုပ်သည်ထ၍၊ ခေါင်းအုံးသော ကျောက်ကိုယူသဖြင့်၊ မှတ်တိုင်ဖြစ်စေလျက် ထူထောင်ပြီးလျှင်၊ ကျောက်ထိပ်ဖျားအပေါ်၌ ဆီကိုလောင်းလေ၏။ 19ထိုအရပ်ကိုလည်း၊ ဗေသလအမည်ဖြင့်မှည့်လေ၏။ ထိုမြို့၏ အမည်ဟောင်းကား၊ ဥလံလုဇဟူသတည်း။ 20ထိုအခါ ယာကုပ်က၊ ဘုရားသခင်သည် ငါ့ဘက်၌ရှိလျက်၊ ငါယခုသွားရာလမ်းမှာ၊ ငါ့ကိုစောင့်မ၍ စားစရာအစား၊ ဝတ်စရာအဝတ်ကို ပေးသနားတော်မူလျှင်လည်းကောင်း၊ 21ငါသည် တစ်ဖန် အဘ၏အိမ်သို့ ငြိမ်ဝပ်စွာပြန်ရောက်၍၊ ထာဝရဘုရားသည်ငါ၏ဘုရားဖြစ်တော်မူလျှင်လည်းကောင်း၊ မှတ်တိုင်ပြု၍ ငါထူထောင်သော ဤကျောက်သည်လည်း၊ ဘုရားသခင်၏ဗိမာန်ဖြစ်ရမည်။ 22ပေးသနားတော်မူသမျှတို့ကို ဆယ်ဖို့တစ်ဖို့ ပူဇော်ပါမည်ဟူ၍ သစ္စာပြုလေ၏။

ကမ္ဘာဦးကျမ်း - ၂၈ (အနက်ဖွင့်)

၂။ ဟာရန်သို့ထွက်ပြေးတိမ်းရှောင်ခြင်း (အခန်း ၂၈)

          ၂၈: ဣဇာက်က ယာကုပ်အား ကောင်းကြီးပေးပြီးနောက် ခါနာန် အမျိုးသမီးနှင့် အိမ်ထောင်မပြုဘဲ၊ အမိ၏ အမျိုးနှင့် အိမ်ထောင်ပြုရန် မက်ဆိုပိုတေးမီးယားနယ် ပါဒနာရံအရပ်သို့ သွားရန် မှာကြားခဲ့သည်။ ထိုစကားကို ကြားသောအခါ ဧသောသည် မိဘများကို အရွဲ့တိုက်၍ ဣရှမေလ အမျိုးသမီးနှင့် အိမ်ထောင်ပြေးပြုသည်။ ထိုသို့ အခြားအမျိုးသမီးနှင့် အိမ်ထောင်ပြုခြင်းသည် မကောင်းမှု ပြုခြင်း ဖြစ်သည်။

၂၈:၁၀၁၉ ဗေသေလ သို့ရောက်သောအခါ ယာကုပ်သည် မြေကြီးနှင့် ကောင်းကင်ဆက်ထားသော လှေကားရှည်ကြီး အိပ်မက်မြင်မက်သည်။ ထိုအိပ်မက်သည် အိပ်မက်သက်သက်မဟုတ်။ အတိတ်ပြခြင်း ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးဆက်စပ်ခြင်းသည်။ ဘုရားသခင်နှင့် လောကလူသားများ အဆက်အစပ်ရှိသည့် နိမိတ်လက္ခဏာ၂၄ဖြစ်သည်။ နာသနေလတွေ့သောအခါ သခင်ယေရှုက “ငါအမှန်အကန်ဆိုသည်ကား နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် လူသား၏ အပေါ်၌ ဆင်းလျက်တက်လျက် ရှိနေသည်ကို၎င်း၊ သင်တို့သည် မြင်ရကြလတံ့” (ယော ၁:၅၁) ဟုဆိုထားသည်။ ထိုစကားတော်များနှင့်အညီ ယုံကြည်သူများသည် အချိန်နာရီတိုင်း၊ စက္ကန့်တိုင်းမှာ သခင်ဘုရားနှင့် မပြတ် မိဿဟာယဖွဲ့ရသည်။ ထိုနေ့ညတွင် ယာကုပန်၏ စိတ်နှလုံးသည် အတိတ်ကာလကို ပြန်လည်အောက်မေ့ သတိရနေပေမည်။ မျက်မှောက်ကာလတွင် အထီးကျန် တစ်ကောင်ကြွက်၊ အနာဂတ်ခရီးလည်း မပီပြင် ဝိုးတဝါး။ သို့သော် ဘုရားသခင်က သူ့အဖိုး အာဗြဟံနှင့် ဖခင် ဣဇာက်သို့ ပြုထားသည့် ကတိတော်အား ဆက်လက် စီးဆင်းစေသည်။ ဘုရားသခင်က ဤသို့ကတိတော်ပြုသည်။ သင်နှင့်အတူ ငါရှိမည်” လုံခြုံရေး သင့်သွားရာလမ်းကို ငါပြမည် ဘဝလမ်းညွှန်၊ ဤမြေပေါ်သို့ ပြန်ရောက်စမည်” ပုဂ္ဂိုလ်ရေးဆိုင်ရာ ကတိတော်၊ သင့်ကို ငါကတိပြု့သည့်အတိုင်း သင့်ကိုစွန့်ပစ်မထား ထိုနေရာတွင် ယာကုပ်သည် ဘုရားသခင်နှင့်တွေ့ဆုံသည်။ ထိုအရပ်ဒေသနာမည်ကိုလည်း ဥလံယုဇ (သီးခြားမြေ)မှ ဗေသေလ (ဘုရားသခင်အိမ်တော်) ဟု ယာကုပ်က နာမည်ပြောင်းလိုက်သည်။

ယာကုပ်သည် ဗေသေလတွင် ဆင်းရဲမွန်းကြပ်ခြင်းမှ အံ့ဩဖွယ်ရာ ဝမ်းမြောက်ခြင်း ကြုံတွေ့ရသည်” အရာခပ်သိမ်းသည် သူ့အတွက် ဒုတိယနေရာသို့ ရောက်သွားသည်၊ (Daily Notes of the Scripture Union)

၂၈:၂၀၂၂ နောက်တဖန် ယာကုပ်သည် ဘုရားသခင်အား အပေးအယူလုပ်သည်။ သူ့စကားသည် စင်စစ်တွင် ဘုရားသခင်ပေးထားသော ကတိတော်ထက် လျော့နည်းသည် (ငယ် ၁၄)။ သူ့ယုံကြည်မှုသည် ဘုရားသခင်အတွက် လုံလောက်ခြင်းမရှိဟု ခံယူသောကြောင့် ဆယ်ဘို့တစ်ဘို့ လှူမည့်အကြောင်း ကတိကဝတ်ထပ်မံပြုသည်။ တနည်းအားဖြင့် ဤကျမ်းချက်မှ ယာကုပ် စကား၌ ပေးသနား “လျှင်“/ဖြစ်တော်မူ “လျှင်သည် ယာကုပ်က ခြွင်းချက်မရှိ ဆယ်ဖို့တစ်ဖို့ ပေးလှူမည့်အကြောင်း ဖြစ်၍ ဟေဗြဲလူမျိုးများသို့လည်း သက်ရောက်သည်။ (တော ၂၁:၂၊ သူကြီး ၁၁:၃၀-၃၁၊ ၁ရာ ၁:၁၁ များသည် ဟေဗြဲတို့ကျမ်းသစ္စာနှင့် အတူတူဖြစ်သည်။)

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။