ကမ္ဘာဦးကျမ်း - ၂၇
ကမ္ဘာဦးကျမ်း - ၂၇ (အနက်ဖွင့်)
(ဂ) ယာကုပ် (၂၇:၁–၃၆:၄၃)
၁။ ဧသောကို လိမ်ညာခြင်း (အခန်း ၂၇)
၂၇:၁–၂၂ အထက်ပါကျမ်းပိုဒ်က အဖြစ်အပျက်ပြီးနောက် နှစ်ပေါင်း(၃၇)နှစ်ခန့် ကြာညောင်းလာပြီ။ ဣဇာက်သည် အသက်(၁၃၇)နှစ် ရှိလေပြီ။ ဘဝနေဝင်ရီတရော အချိန်ရောက်လုပြီး သူ့အစ်ကို ဣရှမေလ သည်လည်း ထိုအသက်အရွယ်တွင် (က ၂၅:၁၇) ကွယ်လွန်သဖြင့် သူသည်လည်း သေမည့်ရက်ကို လက်ချိုးရေ စောင့်နေသည်။ သို့သော် အစ်ကိုထက် (၄၃)နှစ် အသက်ပိုရှည်သည်။
ဣဇာက်သည် မျိုးရိုးထုံးစံအတိုင်း ဧသောအား ကောင်းကြီးအမွေပေးမည့်အကြောင်း ပြောကြားစဉ် ရေဗက္ကာက ကြားသိသည်။ ထို့ကြောင့် ရေဗက္ကာက သူ့ချစ်သား ယာကုပ်အား ဖခင်၏ကောင်းကြီးမင်္ဂလာ ခံစားစေရန် လုပ်ကြံဇာတ်လမ်း ခင်းတော့သည်။ အမှန်ဆိုလျှင် ထိုသို့ မတော်မတရား လိမ်လည် လှည့်ဖျားခြင်း မပြုသင့်ပါ။ ဘုရားသခင်က ,ာကုပ်အား ကြောင်းကြီးမင်္ဂလာ ပေးမည့်အကြောင်း ကတိတော် (၂၅:၂၃)ပြုထားပြီးဖြစ်သည်။ တောကောင်သားအစား အမဲသားကို ဖွယ်ဖွယ်ရာရာချက်၊ ဆိတ်သားရေအင်္ကျီလက်ရှည်ကို အဝတ်ခိုင်းပြီး ဧသောဟန်ဆောင်စေကာ၊ ယကုပ်အား သူ့ဖခင်ထံ လိမ်ညာခိုင်းသည်။ ဣဇာက်က ယာကုပ်၏ လက်မွှေးကိုင်ကြည့်သောအခါ မယုံသင်္ကာ ဖြစ်သည်။ အထိအတွေ့က ယုံမှားလောကစရာဖြစ်သော်လည်း မသိစိတ်မှာ တစ်ခုခုထင့်နေသည်။ ထိုအကြောင်းကို Martin Luther က ဤသို့မြင်သည်။
အထိအတွေ့ခံစားချက်သည် အထိအတွေ့တွင် ကုန်ဆုံးသည်။ အထိအတွေ့သည် မာယာ လှည့်ဖျားမှုဖြစ်သည်။ အာမခံချက်ပေးနိုင်သူမှာ နှုတ်ကပတ်တော်ဖြစ်သည် ယုံမှားသံသယ မှိဘဲအကြွင်းမဲ့ ယုံကြည်အပ်သည်။၂၂
ကြံစည်သူသည် ရေဗက္ကာ၊ ကျူးလွန်သူသည် ယာကုပ်ဖြစ်သော်လည်း ထပ်တူထပ်မျှ အပြစ်ကျူးလွန်ကြသည်။ ထို့ကြောင့် ကြဲသည့်အတိုင်း ပြန်ရိတ်ရသည့် အကြောင်းကို C.H.Mackintoch က ဤသို့ဆိုသည်။
ယကုပ်အသက်တာကို ကြည့်လျှင် ဖခင်၏ ကောင်းကြီးမင်္ဂလာခံစားလိုသည် မှန်သော်လည်း လေကအရာ နှစ်ပဲတပြားနှင့် ဘဝအမဲစက်ကြီး ထင်ရှားသည်ကို တွေ့ရမည်။ မွေးချင်းပေါက်ဖော် အစ်ကိုက အသက်ဘေး ရန်ရှာသောအခါ ဖခင်အိမ်ခေါင်မိုးအောက်မှ သေပြေးရှင်ပြေး ထွက်ပြေးရသည်။ ဦးလေး လာဗန်၏ လိမ်လည် လှည့်စားခြင်းခံရသည်။ မလုပ်သင့် မလုပ်အပ်သော လူမှုအပြစ်ကြီး ကျူးလွန်ခဲ့သည်။ ထိုအဖြစ်ဆိုးမျိုးကို သားရောဘင်တွင် ဝဋ်လည်သည်။ ရှိမုန်နှင့်လေဝိတို့ ရှေခင်သားတို့၏ လိမ်လည်ရက်စက်ခြင်း ကြုံတွေ့ရသည်။ အချစ်ဆုံးဇနီးနှင့် စောစီးစွာသေကွဲကွဲကြသည်။ အချစ်ဆုံးသား ယောသပ်နှင့် ကွေကွင်း၍ ရင်ကွဲနာကျခဲ့သည်။ အစာငတ်မွတ်ခေါင်းပါးခြင်း ကပ်သင့်၍ အဲဂုတ္တုပြည်သို့ ခိုလှုံရသည်။ သူစမ်းနယ်မှာ သေပွဲဝင်ခဲ့သည်။၂၃
၂၇:၂၃–၂၉ ဣဇာက်က ယာကုပ်အား စည်းစမ်ဥစ္စာ၊ လယ်ယာမြေများ အမွေပေးကောင်းကြီး ပြုခဲ့သည်။ ဘိုးဘွားအစဉ်များ၏ ကောင်းကြီးမင်္ဂလာသည် အဘိုးတန်စိတ်ဝင်စားဖွယ် ကောင်းသည်။ ဖခင်၏ ကောင်းကြီးမင်္ဂလာသည် သားသမီးများအား ပရောဖက် ပြုခြင်းဖြစ်သည်။ ထိုကောင်းကြီးမင်္ဂလာတွင် ဝိညာဉ်တန်ခိုးပါရှိသောကြောင့် ကြောင်းကြီးပေးသည့်အတိုင်း အမှန်တကယ် ဖြစ်ပေါ်လာသည်။
၂၇:၃၀–၄၀ ဧသော အိမ်ပြန်ရောက်၍ လိမ်ညာခံရကြောင်းကြားသိသောအခါ မျက်ရည်ဝဲလျက် ဖခင်ထံမှ ကောင်းကြီးမင်္ဂလာ အကြွင်းအကျန် အကပ်အသပ်များ တောင်းဆိုသည်။ ယာကုပ်ထံသို့ ဖခင်၏ ကောင်းကြီးမင်္ဂလာ ပေးလိုက်ပြီး ဖြစ်သောကြောင့် ပြန်လည် နှုတ်ယူမရနိုင် (ဟေဗြဲ ၁၂:၁၆-၁၇)။ သို့သော် ဣဇာက်က ဧသောအား စကားလက်ဆောင် ကောင်းကြီးပေးလိုက်သည်။
သင်၏နေရာသည် မြေကြီးဆီဥနှင့်၎င်း၊ မိုးကောင်းကင်နှင်းနှင့်၎င်း၊ ပြည့်စုံလိမ့်မည်။ ဓါးဖြင့် အသက်မွေးရမည်။ ညီ၌ကျွန်ခံရလိမ့်မည်။ နောက်တဖန် အစိုးရသောအခါ သူတင်သော ထမ်းဘိုးကို သင်၏ လည်ပင်းမှ ချိုးပယ်လိမ့်မည် (ငယ် ၃၉–၄၀)။
ထိုကျမ်းစကားတော်လာအရ ဧဒုံလူမျိုးနွယ်များသည် ကန္တာရတွင် နေထိုင်ကျက်စားလျက် မြေကြီးမှ ဆီဥတည်းဟူသော ရေနံအလျှံပယ်ထွက်လာသည်။ လက်နက်စွဲကိုင်လျက် ဣသရေလကို တစ်လောကလုံး ရန်မူကြသည်။ သို့သော် တစ်နေ့ပုန်ကန်ခြင်း ခံရပြန်သည်။ ဤနောက်ပိုင်း ပရောဖက်ပြုချက်သည် ယုဒဘုရင် ယောရမ်မင်းလက်ထက်တွင် ပြည့်စုံခဲ့သည် (၄ရာ ၈:၂၀-၂၂)။
၂၇:၄၁–၄၆ ဖခင်ကွယ်လွန်၍ ဝမ်းနည်းပူဆွေးခြင်း ရက်ပြီးသောအခါ ဧသောသည် သူ့ညီယာကုပ်ကို သတ်ဖြတ်ဖို့ ကြံစည်အားထုတ်သည်။ ထိုအကြံအစည်ကို ရေဗက္ကာ ကားသိသောအခါ သားတော်မောင် ယာကုပ်မား ဟာရန်ဒေသရှိ သူ့အကိုလာဗန်ထံ ထွက်ပြေးတိမ်းရှောင်ခိုင်းသည်။ ယာကုပ်သည် အသတ်ခံရမှာ စိုး၍ ထွက်ပြေးသည်။ ဧသောသည် အိမ်မှာနေချင်လိုစိတ်မရှိ၊ စိတ်နာသောကြောင့် အိမ်မှထွက်ပြေးသည်။ ရေဗက္ကာသည်လည်း တချိန်တည်းတွင် လင်ရောသားနှစ်ယောက်ပါ ခွဲခွာရသည်။ ယာကုပ်ထွက်ပြေခြင်းသည် ဟေသမိန်းမများနှင့် အကြောင်းပါရန် ဧသောသည် ဟေသမိန်းမများနှင့် အိမ်ထောင်ကျသည်။ မကြာခင် ယာကုပ် ပြန်လာမည်ဟု ထင်မှတ်သော်လည်း နှစ်ပေါင်း (၂၀)ကြာသည့်တိုင်အောင် ပြန်မလာ။ ယာကုပ်တို့ သားအမိ တစ်သက်လုံးရှင်ကွဲ ကွဲခဲ့ကြသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။