ကမ္ဘာဦးကျမ်း - ၂၆

ဂေရာမြို့၌ဣဇာက်နေထိုင်ခြင်း
1အာဗြဟံလက်ထက် ထိုပြည်၌ဖြစ်ဖူးသော အစာခေါင်းပါးခြင်းမှတစ်ပါး၊ နောက်တစ်ဖန် အစာခေါင်းပါးခြင်းရှိပြန်သည်ဖြစ်၍၊ ဣဇာက်သည် ဖိလိတ္တိမင်းကြီး အဘိမလက်နေရာဂေရာမြို့သို့ သွားလေ၏။ 2ထာဝရဘုရားသည်လည်း သူ့အားထင်ရှား၍၊ သင်သည် အဲဂုတ္တုပြည်သို့မသွားနှင့်၊ ငါပြောလတ္တံ့သောပြည်၌နေလော့။ 3ယခုဤပြည်၌ တည်းခို၍နေလော့။ သင့်ဘက်မှာငါနေ၍ ကောင်းချီးပေးမည်။ အကြောင်းမူကား၊ သင်နှင့် သင်၏အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အဘအာဗြဟံအား ငါကျိန်ဆိုသောစကားရှိသည်အတိုင်းငါပြုမည်။က၊ ၂၂:၁၆-၁၈။ 4သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့များပြားစေမည်။ သင်၏အမျိုးအနွယ်အားလည်း၊ ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အမျိုးအနွယ်အားဖြင့်လည်း၊ လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။ 5အကြောင်းမူကား၊ အာဗြဟံသည် ငါ့စကားကိုနားထောင်၍၊ ငါစီရင်မှာထားသော ပညတ်တရားအမျိုးမျိုးတို့ကို စောင့်ရှောက်သတည်းဟု မိန့်တော်မူ၏။
6ဣဇာက်သည် ဂေရာမြို့၌နေစဉ်တွင်၊ မြို့သားတို့သည် သူ၏မယားအကြောင်းကိုမေးသောအခါ၊ ရေဗက္ကသည် လှသောအဆင်းအရောင်ရှိသောကြောင့်၊ 7ဤပြည်သားယောက်ျားတို့သည် သူ့အကြောင်းကြောင့် ငါ့ကိုသတ်မည်ဟုစိုးရိမ်၍၊ သူသည်ငါ့မယားဖြစ်သည်ဟု မပြောမဆိုဝံ့၊ ငါ့နှမဖြစ်သည်ဟု ပြောဆို၏။က၊ ၁၂:၁၃၊ ၂၀:၂။ 8ထိုမြို့၌ကာလအင်တန်ကြာနေပြီးမှ၊ တစ်နေ့သ၌၊ ဣဇာက်သည် မိမိမယားရေဗက္ကနှင့်ကစားသည်ကို၊ ဖိလိတ္တိမင်းကြီးအဘိမလက်သည် ပြတင်းပေါက်ဝက ကြည့်မြင်လျှင်၊ 9ဣဇာက်ကိုခေါ်၍၊ ထိုမိန်းမသည်၊ အကယ်စင်စစ် သင်၏မယားဖြစ်၏။ သို့ရာတွင်၊ သူသည်ငါ့နှမဖြစ်၏ဟု အဘယ်ကြောင့် သင်ပြောရသနည်းဟုမေးသော်၊ ဣဇာက်က၊ သူ့အတွက်ကြောင့် ကျွန်ုပ်သေမည်ကိုစိုးရိမ်ပါသည်ဟု လျှောက်ဆို၏။ 10အဘိမလက်မင်းကလည်း၊ ငါတို့၌ သင်ပြုသောအမှုကား အဘယ်သို့နည်း။ တစ်စုံတစ်ယောက်သောသူသည်၊ သင်၏မယားနှင့် အမှတ်တမဲ့သင့်နေလျှင်၊ ငါတို့ခေါင်းပေါ်မှာ သင်သည် အပြစ်ရောက်စေလိမ့်မည်တကားဟု ဆိုပြီးမှ၊ 11ဤသူလင်မယားကို ပြစ်မှားသောသူသည် ဆက်ဆက်အသေခံရမည်ဟု မိမိလူအပေါင်းတို့ကို မှာထားသနည်း။
12ထိုပြည်၌ ဣဇာက်သည်မျိုးစေ့ကိုကြဲ၍၊ တစ်နှစ်ချင်းတွင် အဆတစ်ရာသောအသီးအနှံကိုရလေ၏။ ထာဝရဘုရားသည်လည်း၊ ကောင်းချီးပေးတော်မူသဖြင့်၊ 13သူသည်ကြီးပွား၍၊ အလွန်စည်းစိမ်းကြီးသည်တိုင်အောင် တိုးတက်လျက်၊ စီးပွားဥစ္စာများပြားစွာဖြစ်လေ၏။ 14သိုးစု၊ နွားစုများ၊ ကျွန်များနှင့်ပြည့်စုံကြွယ်ဝ၏။ ထိုကြောင့်၊ ဖိလိတ္တိလူတို့သည် သူ့ကိုငြူစူကြ၏။ 15အဘအာဗြဟံလက်ထက်၌၊ အဘ၏ကျွန်တို့တူးသော ရေတွင်းရှိသမျှတို့ကို မြေနှင့်ဖို့ပိတ်ကြ၏။ 16အဘိမလက်မင်းကလည်း၊ သင်သည် ငါတို့ထက်တန်ခိုးကြီး၏။ ငါတို့ထံမှထွက်သွားလော့ဟု၊ ဣဇာက်ကိုအမိန့်ရှိသောကြောင့်၊ 17ဣဇာက်သည် ထိုမြို့မှထွက်သွားပြီးလျှင်၊ ဂေရာချိုင့်၌တဲကို ဆောက်၍နေလေ၏။
18ထိုအခါ ဣဇာက်သည်၊ အဘအာဗြဟံကျွန်တို့တူး၍၊ အဘသေသောနောက်၊ ဖိလိတ္တိလူတို့ဖို့သောရေတွင်းတို့ကို တူးဖော်ပြန်၍၊ အထက်က အဘသမုတ်သောအမည်ဖြင့် သမုတ်လေ၏။ 19ဣဇာက်ကျွန်တို့လည်း၊ ချိုင့်ထဲ၌တူး၍ စမ်းရေတွင်းကို တွေ့ကြ၏။ 20ဂေရာအမျိုးသားနွားကျောင်းတို့ကလည်း၊ ဤရေသည် ငါတို့ရေဖြစ်၏ဟု၊ ဣဇာက်၏နွားကျောင်းတို့နှင့် လုယက်ပြောဆိုကြ၏။ ထိုသို့ အချင်းချင်းလုယက်ကြသောကြောင့်၊ ထိုရေတွင်းကို ဧသက်အမည်ဖြင့်မှည့်လေ၏။ 21နောက်တစ်ဖန် အခြားသောရေတွင်းကို တူးပြန်ကြ၏။ ထိုရေတွင်းကိုလည်း တစ်ဖန်လုကြသောကြောင့်၊ သိတနအမည်ဖြင့်မှည့်လေ၏။ 22ထိုအရပ်မှ နေရာပြောင်း၍၊ အခြားသောရေတွင်းကိုတူးကြ၏။ ထိုရေတွင်းကို အဘယ်သူမျှ မလုယက်သောကြောင့်၊ ငါတို့နေစရာအခွင့်ကို ယခုထာဝရဘုရားပေးတော်မူပြီဖြစ်၍၊ ဤပြည်၌ ငါတို့သည် စီးပွားများကြလိမ့်မည်ဟုဆိုလျက်၊ ထိုရေတွင်းကို ရဟောဘုတ်အမည်ဖြင့် မှည့်သတည်း။
23တစ်ဖန်ထိုအရပ်မှ ဗေရရှေဘအရပ်သို့ ပြောင်းလေ၏။ 24ထိုနေ့ညမှာ ထာဝရဘုရားသည်ထင်ရှား၍၊ ငါသည် သင်၏အဘအာဗြဟံ၏ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင့်ဘက်မှာရှိ၏။ ငါသည်ကောင်းချီးပေးမည်။ ငါ၏ကျွန်အာဗြဟံအတွက်၊ သင်၏အမျိုးအနွယ်ကိုငါများပြားစေမည်ဟု မိန့်တော်မူ၏။ 25ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍၊ ထာဝရဘုရား၏နာမတော်ကိုပတ္ထနာပြု၏။ တဲကိုလည်းတည်ဆောက်၍၊ ကျွန်တို့သည် ရေတွင်းကိုတူးကြ၏။
26ထိုအခါ အဘိမလက်မင်းသည်၊ အဆွေတော်အဟုဇတ်နှင့် ဗိုလ်ချုပ်မင်းဖိကောလတို့ကိုခေါ်၍၊ ဂေရာမြို့မှ ဣဇာက်ရှိရာသို့သွား၏။က၊ ၂၁:၂၂။ 27ဣဇာက်ကလည်း၊ သင်တို့သည် ငါ့ကိုမြင်ပြင်း၍နှင်ထုတ်ပြီးမှ၊ အဘယ်ကြောင့်လာကြသနည်းဟုမေးလျှင်၊ 28ထိုသူတို့က၊ ထာဝရဘုရားသည် သင့်ဘက်မှာရှိတော်မူကြောင်းကို၊ ငါတို့အမှန် သိမြင်သည်ဖြစ်၍၊ 29ငါတို့သည် သင့်ကိုမထိမခိုက်၊ ကျေးဇူးကိုသာပြု၍၊ ငြိမ်ဝပ်စွာလွှတ်လိုက်သည်နည်းတူ၊ သင်သည်ငါတို့ကိုအပြစ်မပြုရဟု၊ ငါတို့တစ်ဖက်၊ သင့်တစ်ဖက်၊ နှစ်ဖက်သားတို့သည်၊ သစ္စာကတိထား၍ မိတ်သဟာယဖွဲ့ကြစို့။ သင်သည် ထာဝရဘုရားကောင်းချီးပေးတော်မူသောသူဖြစ်ပါ၏ဟု ဆိုကြလေသော်၊ 30ဣဇာက်သည်၊ သူတို့အဖို့ စားသောက်ပွဲကိုလုပ်၍၊ အတူစားသောက်ကြ၏။ 31နံနက်စောစောထ၍၊ အချင်းချင်းတစ်ဦးနှင့် တစ်ဦး သစ္စာပြုလိုက်ပြီးမှ၊ ဣဇာက်သည် သူ့တို့ကိုလွှတ်လိုက်၍၊ သူတို့သည် ငြိမ်ဝပ်စွာသွားရကြ၏။ 32ထိုနေ့၌ပင် ဣဇာက်ကျွန်တို့သည်လာ၍၊ မိမိတို့တူးသောတွင်း၌ ရေတွေ့ကြောင်းကိုပြောဆိုကြလျှင်၊ 33ထိုရေတွင်းကို ရှေဘအမည်ဖြင့်မှည့်လေ၏။ ထိုကြောင့် ထိုအရပ်၌ တည်သောမြို့ကိုဗေရရှေဘမြို့ဟု ယနေ့တိုင်အောင်တွင်လေသတည်း။
ဧသော၏လူမျိုးခြားမယားများ
34ဧသောသည် အသက်လေးဆယ်ရှိသောအခါ၊ ဟိတ္တိအမျိုးသားဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိအမျိုးသား ဧလုန်၏သမီးဗာရှမတ်တို့နှင့် အိမ်ထောင်လေ၏။ 35ထိုမိန်းမတို့သည် ဣဇာက်နှင့်ရေဗက္က၌ စိတ်နှလုံးပူပန်စရာအကြောင်းဖြစ်သတည်း။

ကမ္ဘာဦးကျမ်း - ၂၆ (အနက်ဖွင့်)

ဣဇာက်နှင့် အဘိမလက် (အခန်း ၂၆)

          ၂၆: ဣဇာက်သည်လည်း သူ့ဖခင်ခေတ်ကကဲ့သို့ အစာခေါင်းပါးခြင်းအငတ်ဘေးနှင့် ကြုံတွေ့သည် (အခန်း ၁၂ နှင့် ၂၀) တောင်ဘက်အရပ်သို့ မျက်နှာမူသွား၍ ဂေရ အရပ်သို့ရောက်သောအခါ ဘုရားသခင်က ဆက်လက်၍ အဲဂုတ္တုပြည်သို့ မသွားရန် မိန့်ဆိုသည်။ ဂေရ သည် အဲဂုတ္တုပြည်သို့ သွားသော လမ်းကြောင်းပေါ်တွင် တည်ရှိသည်။ ထိုဂေရအရပ်၌ ဘုရားသခင်က ခေတ္တယာယီ ခိုလှုံ၂၀ စေသော်လည်း ဣဇာက်က အခြေချနေလိုက်သည်။ ဘုရားသခင်က ဣဇာက်၏ ဖခင် အာဗြဟံထံသို့ ပေးထားသော ကတိတော်အတိုင်း ပြည့်စုံစေမည်ဟု ထပ်မံအတည်ပြုပေးသည်။

၂၆:၁၇ ဣဇာက်သည်လည်း သူ့ဖခင်ကဲ့သို့ စိုးရိမ်ကြောက်လန့်စိတ် ဖြစ်ပေါ်ခဲ့သည်။ ဂေရသားများက သူ့မိန်းမအား လာရောက်ပူပန်ကြသောကြောင့် ထိုဘေးရန်ကိုကြောက်၍ သူ့မိန်းမအား နှမဟု ဟန်ဆောင်ခိုင်းပြန်သည်။ ဖခင်၏ အားနည်းချက်အား သားတွင် တဖန်ကူးစက်ခြင်းသည် ဝမ်းနည်းဖွယ်ရာ သင်ခန်းစာဖြစ်သည်။ ဣဇာက်၏ အလိမ်အညာပေါ်သောအခါ ပြစ်တင်ခြင်းခံရသည်။ ဣဇာက်ကလည်း ဝန်ခံသည်။ အပြစ်ဝန်ခံခြင်းသည် ကောင်းကြီးမင်္ဂလာခံစားရစေရန် ရေလာမြောင်းပေးခြင်း ဖြစ်သည်။ ဣဇာက်သည် ဂေရအရပ်တွင် နေထိုင်ရင်း ကြွယ်ဝချမ်းသာလာသည်။ ဒေသခံများက မနာလိုကြသည်။ ဣဇာက်သည် သူ့မိန်းမအား နှမဟု ခေါ်ခြင်းဖြင့် သူများအား အပြစ်သွေားဆောင်ရာ ရောက်ခဲ့သည်။ ထို့ကြောင့် ဂေရပြည်ကို အုပ်စိုးသော အဘိမလက်မင်းက ဣဇာက်အား ထိုအရပ်ဒေသမှ ထွက်ခွာခိုင်းသည်။ သို့နှင့်ဂေရမြို့မှ မလှမ်းမကမ်းရှိ ဂေရချိုင့်ဝှမ်း လွင်ပြင်သို့ ရွှေ့ပြောင်းသွားသည်။

၂၆:၁၈၂၅ ဂေရဒေသရှိ ဖိလိတ္တိလူမျိုးများသည် အာဗြဟံတူးဖေါ်ခဲ့သော ရေတွင်းများကို ဖို့ပစ်ကြသည်။ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့လာကြသော နောက်တိုးများကိုလည်း လက်မခံကြ။ ဣဇာက်က ထိုရေတွင်းများကို ပြန်လ်ည်ဆယ်ယူဖော်ထုတ်သည်။ ထိုပြန်လည်တူးဖေါ်သော ရေတွင်းကို ဣဇာက်သို့ ကျောင်းသားများနှင့် ဒေသံ ဖိလိတ္တိ နွားကျောင်းသားများ လုယူ အငြင်းပွားကြသည်။ ပထမလုယူကြသော ရေတွင်းကို ဧသက် (ငြင်းခုံခြင်းရေတွင်း) ဟု၎င်း၊ ဒုတိယလုယူခံရ ပြန်သော ရေတွင်းကို သိတန (ရန်ငြိုးရေတွင်း) ဟု နာမည်ပေးခဲ့သည်။ နောက်ဆုံးတွင် ဖိလိတ္တိနှင့် ခပ်ဝေးဝေးနေရာတွင် ရေတွင်း အသစ်တူး၍ ရဟောဘုတ် (လွင်ပြင်ကျယ် သို့မဟုတ် အခန်းကျယ်) ဟု မှည့်ခေါ်သည်။ ထိုမှတဆင့် ဘုရားသခင် ကောင်းကြီးပေးမည်ဟု ကတိပြုထားသည့် ဗေရှေဒ သို့ ပြောင့်ရွှေ့ကြသည်။ ထိုနေရာတွင် ဘုရားသခင်အတွက် ယဇ်ပလ္လင် (ကိုးကွယ်ခြင်း) တွန်းခိုရာတဲ (ခိုလှုံရာ)၊ ရေတွင်း (အားအင်သစ်ရွှင်လန်းခြင်း) ဆောက်တည်သည်။ အရပ်ဒေသ တစ်ခု စည်ပင်ဖွံ့ဖြိုးဖို့ အခြေခံ အရင်းအမြစ်သည် ရေ၏ ကောင်းခြင်းဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်ရေးရာတွင် နှုတ်ကပတ်တော် ရေ ဟု တင်စား ခေါ်ဝေါ်ခြင်း ဖြစ်သည်။

၂၆:၂၆၃၃ အပိုဒ်ငယ် ၂၆-၃၁ကို William က ဤသို့ဆိုထားသည်။

ဂေရသားများနှင့် ခွဲခြားခြင်းသည် ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာ ရှာဖွေခံယူခြင်း အစစ်အမှန်ဖြစ်သည်။ ခရစ်ယာန်များသည် လောကလူသားများ၏ အကူအညီ စောင့်မျှော်ခြင်းထက် ထိုသူများနှင့် ခပ်ဝေးဝေးနေခြင်းက ပိုကောင်းသည်။၂၁

ဣဇာက်ထံ အဘိမလက်မင်း အလည်အပတ်ရောက်၍ ချစ်ကြည်ရေးဖွဲ့သောနေ့တွင် ဣဇာက်၏ တပည့်များကလည်း ရေတွင်းတူးဖေါ် ရရှိကြသည်။ အာဗြဟံက ယခင်တွင် ဗေရှေဒ အရပ်တွင် အဘိမလက်နှင့် ကတိပြဒခဲ့ကြသည့်အကြောင်း (၂၁:၃)ကို ရည်စူး၍ ဣဇာက်က ရှေဘဟုခေါ်သည်။ နောင်တွင် မြို့ပြပြည်ရွာ ဖွံ့ဖြိုးစည်ပင်လာ၍ ဗေသရှေဘဟု ထင်ရှားလာသည်။

၂၆:၁၈၂၅ ဂေရဒေသရှိ ဖိလိတ္တိလူမျိုးများသည် အာဗြဟံတူးဖေါ်ခဲ့သော ရေတွင်းများကို ဖို့ပစ်ကြသည်။ ထိုသူများနှင့် အိမ်ထောင်ပြုခြင်းသည် မညီသော ထမ်းပိုးထမ်းခြင်းဖြစ်သောကြောင့် မိဘများကို စိတ်ဆင်းရဲစေကြသည်။ မွေးရာပါ အခွင့်အရေးကို လက်လွှတ်စပယ် ပစ်စလက်ခတ် ပြုသောကြောင့် အကုသိုလ် ဆက်တိုက် ကြုံတွေ့ရသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။