ကမ္ဘာဦးကျမ်း - ၂၅
ကမ္ဘာဦးကျမ်း - ၂၅ (အနက်ဖွင့်)
၁၂။ အာဗြဟံ၏ သားစဉ်မြေးဆက်များ (၂၅:၁–၁၈)
၂၅:၁–၁၆ ၅ရာ ၁:၃၂ တွင် ကေတုရအား အာဗြဟံ၏ နောက်မိန်းမအဖြစ်ဖော်ပြထားသည်။ ထိုအကြောင်းကို ဤအပိုဒ်ငယ် (၆)က အတည်ပြုထားသည်။ အကယ်၍ မယားငယ်သာဖြစ်လျှင် အိမ်ကြီးစံ သခင်မ အခွင့်အရေးကိုရမည်မဟုတ်။ တဖန် ဘုရားသခင်က ထိုသို့ မယားငယ်ယူခြင်းကို ခွင့်မပြု။
၂၅:၇–၁၈ အာဗြဟံသည် အသက်(၁၇၅)နှစ်တွင် ကံကုန်သဖြင့် ဟေဗြုန်မြေတွင် မြှုပ်နှံခြင်းခံရသော ဒုတိယလူ ဖြစ်လာသည်။ ဘုရားသခင်က အာဗြဟံသို့ ကတိတော်ပြုထားသည့်အတိုင်း ဣရှမေလတွင် သား(၁၂)ယောက် ထွန်းကားသည့်အကြောင်းကို အငယ် ၁၂-၁၆တွင် ရေတွက်ပြထားသည်။ ဣရှမေလကွယ်လွန်သောအခါ သားစဉ်မြေးဆက်များသည် ဣဇာက်နှင့် နယ်မြေချင်းဆက်စပ်၍ နီးကပ်စွာ နေကြသည်။
(ခ) ဣဇာက် (၂၅:၁၉–၂၆:၃၅)
၁။ ဣဇာက်မိသားစု (၂၅:၁၉–၂၆:၃၅)
၂၅:၁၉–၂၆ ရေဗက္ကာသည် အိမ်ထောင်သက် (၂၀)ရှိမှ ကိုယ်လေးလက်ဝန် ဖြစ်လာသည်။ ဣဇာက်၏ ဆုတောင်းချက်ကို ဘုရားသခင်က နားညောင်းခြင်းဖြင့် ထိုသို့ ပတ္တမြားရွှေကြုပ်ငုံခြင်း ဖြစ်သည်။ ရေဗက္ကာ၏ ဗိုက်ထဲရှိ သန္ဓေသားများသည် အချင်းချင်း ခိုက်ရန်ဖြစ်ပွားလေ့ရှိသဖြင့် အကြံအိုက်သည်။ အမြွှာပူး နှစ်ယောက် မွေးဖွားလာပြီး လူမျိုးများ၏ ဖခင်အသီးသီးဖြစ်လာကြသည်။ တစ်ပါးသည် ဣသရေလတို့၏ဖခင်၊ တစ်ပါးသည် ဧဒုံတို့၏ ဖခင်ြဖစ်လာသည်။ ပထမမွေးသောအကြီးကို ဧသော (အမွှေးအမျှင်ထူသူဟု အဓိပ္ပါယ်ရသည်) ဟု မှည့်ခေါ်သည်။ ယာကုပ်သည် အရင်ဦးအောင် ဖွားမြင်ချင်သော ကြောင့် ဧသော၏ခြေဖနောင့်မှဆွဲထားသည်။ သား အမွှာပူး မျက်နှာမြင်ရချိန်တွင် ဣဇာက်သည် အသက်(၆၀) ရှိသည်။
၂၅:၂၇–၂၈ ထိုသူငယ် နှစါပါး အရွယ်ကြီးပြင်းလာသောအခါ အကြီးကောင်း ဧသောသည် တော်ပျော် မုဆိုး ဖြစ်လာသည်။ ယာကုပ်သည် အိမ်တွင်းပုန်း ဖြစ်သည်။ မအေနားတွင် ကပ်၍ ပွတ်သပ်နွဲ့ဆိုးဆိုးသည်။ ဣဇာက်က ဧသောကိုချစ်၍ ရေဗက္ကာက အငယ်ကောင် ယာကုပ်ကို ပိုချစ်သည်။ ယာကုပ်သည် အမေ့သား ဖြစ်သည်။
၂၅:၂၉–၃၄ ဧသောသည် သားဦးဖြစ်သည့်အတိုင်း အခြားသားများထက် နှစ်ဆ ဖခင်ထံမှ အမွေ ရယူပိုင်ခွင့်ရှိသည်။ မိသားစု ဆွေမျိုးနွယ်စု၏ ဖခင်ကြီးဖြစ်လာသည်။ ထိုအခွင့်အရေးသည် မွေးရာပါ အခွင့်အရေးဖြစ်သည်။ သို့သော် ဧသောအသက်တာတွင် မေရှိယသခင်၏ အကြံအစည်တော်ရှိသည်။ တစ်နေ့သော အခါ ဧသောသည် တော်လည်ရာမှ မောမောဆာဆာနှင့် ပြန်လာစဉ် သူ့ညီ ယာကုပ်သည် ပဲဟင်းချက်နေသည်ကိုတွေ့၍ စားဖို့တောင်းသည်။ ထိုသို့ အနီရောင်ပဲဟင်းကို ကြိုက်သောကြောင့် ဧသောအား နာမည်ပြောင် “အနီ” (ဧဒုံ) ဟု ခေါ်စမှတ်ပြုကြသည်။ ထိုသို့ဖြင့် ဧသော၏ သားစဉ် မြေးဆက်များကို ဧဒုံအမျိုးဟု တွင်လာကြသည်။ ယာကုပ်က ပဲဟင်းနှင့် သားဦးအရာလဲမည်ဟု ကမ်းလှမ်းသောအခါ ဧသောက သားဦးအရာကို မဆင်မခြင် အလေးမထားဘဲ လွယ်လင့်တကူ သဘော တူလိုက်သည်။ မွေးရာပါ အခွင့်အရေးကို မိုက်မဲစွာ စန့်လွှတ်သည်။ “ဤဟင်းလျာထက် တန်ဖိုးကြီးသော အရာမရှိ။ ဤဟင်းလျာကို မစားသုံးရန် တားမြစ်နိုင်သော အရာမရှိ”၂၀။ အပိုဒ်ငယ်(၂၃)တွင် ပါရှိသည့် ကတိတော်သည် တချို့တဝက် ပြည့်စုံသွားကြောင်း ငယ် ၂၉-၃၄တွင် တွေ့ရသည်။ ဘုရားသခင်သည် ယာကုပ်၏ အပြုအမူကို လစ်လျူရှုမထားပါ။ သို့သော် မွေးရာပါအခွင့်အရေးတန်ဖိုးထားပုံကို အသိအမှတ် ပြုသည်။ ဧသောက ခန္ဓာကိုယ်ကျန်းမာပြည့်ဝရေး လောကချမ်းသာ ဦးစားပေးချိန်တွင် ယာကုပ်သည် ဘုရားသခင် အလိုတော်နှင့် ညီသော ဝိညာဉ်ရေးရာကို ရှာဖွေတန်ဖိုးထားသည်။
ဤအခန်းတွင် ယာကုပ်က သူ့အပေါ် ကလိမ်ကျခြင်းထက် ဧသော၏ မွေးရာပါ အခွင့်အရေးတန်ဖိုး မထားပုံကို သင်ခန်းစာယူသင့်သည်။ ဧသော၏ သားစဉ်မျိုးဆက်များသည် ဣသရေလတို့၏ ရာဇဝင် ရန်သူများဖြစ်လာကြသည်။ သူတို့၏ ကံကြမ္မာရေးကို ဩဗဒိကျမ်းတွင် နောက်ဆုံးတွေ့မြင်နိုင်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။