ကမ္ဘာဦးကျမ်း - ၂၁

ဣဇာက်ကိုဖွားမြင်ခြင်း
1ထာဝရဘုရားသည်၊ အမိန့်တော်ရှိသည်အတိုင်း၊ စာရာကို အကြည့်အရှုကြွတော်မူ၍၊ ကတိတော်ရှိသည်နှင့်လျော်စွာ သူ၌ပြုတော်မူသဖြင့်၊ 2စာရာသည်ပဋိသန္ဓေစွဲယူ၍၊ ဘုရားသခင်အမိန့်တော်နှင့် ချိန်းချက်သောအချိန်၌၊ အာဗြဟံအသက်ကြီးသောအခါ၊ သူ့အားသားကိုဖွားလေ၏။ဟေဗြဲ၊ ၁၁:၁၁။ 3အာဗြဟံသည်လည်း၊ မိမိရသောသားတည်းဟူသော၊ စာရာဖွားသောသားကို ဣဇာက်အမည်ဖြင့် မှည့်လေ၏။ 4ဘုရားသခင်မှာထားတော်မူသည်အတိုင်း၊ အာဗြဟံသည်ရှစ်ရက်မြောက်သောနေ့၌၊ သားဣဇာက်ကို အရေဖျားလှီးမင်္ဂလာပေးလေ၏။က၊ ၁၇:၁၂၊ တ၊ ၇:၈။ 5သားဣဇာက်ကိုမြင်ရသောအခါ၊ အာဗြဟံသည် အသက်တစ်ရာရှိသတည်း။ 6စာရာကလည်း၊ ငါရယ်ရသောအခွင့်ကို ဘုရားသခင်ပေးတော်မူပြီ။ ဤသတင်းကို ကြားသောသူအပေါင်းတို့သည်လည်း၊ ငါနှင့်အတူ ရယ်ကြလိမ့်မည်ဟူ၍လည်းကောင်း၊ 7စာရာသည်သားကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံအား အဘယ်သူပြောနှင့်ရသနည်း။ သူသည်အသက်ကြီးသောအခါ၊ ငါသည်သားကိုဖွားပြီဟူ၍လည်းကောင်း ဆိုလေ၏။ 8ထိုသူငယ်ဣဇာက်သည် ကြီးပွား၍ နို့နှင့်ကွာလေ၏။ နို့ကွာသောနေ့၌ အာဗြဟံသည် ပွဲကြီးလုပ်လေ၏။
ဟာဂရနှင့်ဣရှမေလတို့ကိုနှင်ခြင်း
9အဲဂုတ္တုအမျိုးသားဟာဂရတွင် အာဗြဟံရသောသားသည် ဆဲရေးသည်ကို စာရာသိမြင်လျှင်၊ 10ဤကျွန်မနှင့်သူ၏သားကို နှင်ထုတ်ပါလော့။ ဤကျွန်မ၏သားသည် အကျွန်ုပ်၏သားဣဇာက်နှင့်အတူ အမွေမခံရဟု အာဗြဟံအား ဆိုလေ၏။ဂလ၊ ၄:၂၉-၃၀။ 11အာဗြဟံလည်း၊ မိမိသားဖြစ်သောကြောင့်၊ ထိုအမှုအလွန်ခက်သည်ဟု ထင်လေ၏။ 12သို့ရာတွင် ဘုရားသခင်က၊ ထိုသူငယ်နှင့် သင်၏ကျွန်မကြောင့်၊ ဤအမှုခက်သည်ဟု မထင်နှင့်။ စာရာပြောလေရာရာ၌ သူ၏စကားကို နားထောင်လော့။ အကြောင်းမူကား၊ ဣဇာက်၌သာ သင်၏အမျိုးတည်လိမ့်မည်။ရော၊ ၉:၇၊ ဟေဗြဲ၊ ၁၁:၁၈။ 13ကျွန်မ၏သားသည် သင်၏အမျိုးဖြစ်သောကြောင့်၊ သူ့ကိုလည်း လူမျိုးဖြစ်စေမည်ဟု အာဗြဟံအား မိန့်တော်မူ၏။
14အာဗြဟံသည် နံနက်စောစောထ၍၊ မုန့်နှင့် ရေဘူးကိုယူသဖြင့်၊ ဟာဂရပခုံး၌တင်ပြီးလျှင်၊ သူငယ်ကိုအပ်၍ ကျွန်မကို လွှတ်လိုက်လေ၏။ သူသည်လည်းသွား၍၊ ဗေရရှေဘတော၌ လှည့်လည်လျက်နေ၏။ 15ဘူး၌ရေကုန်သောအခါ၊ သူငယ်ကို ချုံပုတ်အောက်၌ထား၍၊ 16ငါသည်သူငယ်သေသည်ကို မမြင်လိုဟုဆိုလျက်၊ ခပ်ဝေးဝေး၊ လေးတစ်ပစ်ခန့်လောက်သွားပြီးလျှင်၊ သူငယ်ရှေ့မှာ ထိုင်၍နေလေ၏။ ထိုသို့ထိုင်၍နေစဉ်၊ သူသည်အသံကိုလွှင့်၍ ငိုကြွေးလေ၏။ 17ဘုရားသခင်သည် လုလင်၏အသံကိုကြားတော်မူ၍၊ ဘုရားသခင်၏ကောင်းကင်တမန်က၊ ဟာဂရ၊ သင်၌အဘယ်အမှုရှိသနည်း။ မစိုးရိမ်နှင့်။ လုလင်နေသောအရပ်ထဲက သူ၏အသံကို ဘုရားသခင်ကြားတော်မူပြီ။ 18ထလော့။ လုလင်ကိုကြွ၍ လက်နှင့်မလော့။ ငါသည်သူ့ကို လူမျိုးကြီးဖြစ်စေမည်ဟု ကောင်းကင်ထဲကခေါ်၍ ဟာဂရအားမြွက်ဆို၏။ 19ထိုအခါ ဘုရားသခင်သည် ဟာဂရ၏မျက်စိကိုဖွင့်တော်မူသဖြင့်၊ သူသည်ရေတွင်းကိုမြင်လေသော်၊ သွား၍ဘူးကို ရေဖြည့်ပြီးလျှင်၊ လုလင်အား ရေကိုတိုက်လေ၏။ 20ထိုလုလင်ဘက်၌လည်း၊ ဘုရားသခင်ရှိတော်မူ၏။ သူသည်ကြီးပွား၍ တော၌နေသဖြင့်၊ လေးသမားဖြစ်လေ၏။ 21ပါရန်တော၌နေသည်ဖြစ်၍၊ သူ့အမိသည် အဲဂုတ္တုပြည်မှ မိန်းမတစ်ယောက်ကိုခေါ်၍ သူနှင့် စုံဖက်စေ၏။
အာဗြဟံနှင့်အဘိမလက်
22ထိုရောအခါ၊ အဘိမလက်မင်းနှင့် ဗိုလ်ချုပ်မင်းဖိကောလတို့သည် အာဗြဟံကိုခေါ်၍၊ သင်သည်ပြုလေရာရာ၌ သင့်ဘက်မှာ ဘုရားသခင်ရှိတော်မူ၏။က၊ ၂၆:၂၆။ 23သို့ဖြစ်၍ သင်သည်ငါ့ကိုလည်းကောင်း၊ ငါ့သားကိုလည်းကောင်း၊ ငါ့မြေးကိုလည်းကောင်း၊ မလှည့်စား။ ငါသည်သင်၌ကျေးဇူးပြုသကဲ့သို့ ငါ၌လည်းကောင်း၊ သင်တည်းနေရာ ငါ့ပြည်၌လည်းကောင်း၊ ကျေးဇူးပြုမည်ဟု ဘုရားသခင်ကိုတိုင်တည်၍ ငါ့အားကျိန်ဆိုပါလော့ဟု ပြောဆို၏။ 24အာဗြဟံကလည်း၊ ထိုအတိုင်းငါကျိန်ဆိုပါမည်ဟု ပြန်ပြောလေ၏။ 25အဘိမလက်မင်း၏ကျွန်တို့သည် အနိုင်အထက်လုယူသော ရေတွင်းအကြောင်းကြောင့်၊ အာဗြဟံသည်လည်း အဘိမလက်မင်းကို အပြစ်တင်လေ၏။ 26အဘိမလက်မင်းကလည်း၊ ဤအမှုကို အဘယ်သူပြုသည်ကို ငါမသိ။ သင်သည်ငါ့ကိုမပြော။ ငါလည်းယနေ့တိုင်အောင် မကြားရဟုဆို၏။ 27အာဗြဟံသည်လည်း သိုး၊ နွားတို့ကိုယူပြီးလျှင်၊ အဘိမလက်အားပေး၍ ထိုနှစ်ပါးတို့သည် ပဋိညာဉ်ပြုကြ၏။ 28အာဗြဟံသည်လည်း သိုးသငယ်မခုနစ်ကောင်တို့ကို သိုးစုနှင့်ခွဲထားလေ၏။ 29အဘိမလက်ကလည်း၊ ခွဲထားသော ဤသိုးသငယ်မခုနစ်ကောင်တို့သည်၊ အဘယ်သို့နည်းဟုမေးသော်၊ 30အာဗြဟံက၊ ဤရေတွင်းကိုငါတူးပြီးဟု ဤသိုးသငယ်မခုနစ်ကောင်တို့သည် ငါ့ဘက်၌သက်သေဖြစ်မည်အကြောင်း သူတို့ကို သင်သည်ငါ့လက်မှခံယူရမည်ဟု ဆိုလေ၏။ 31သို့ဖြစ်၍ ထိုအရပ်၌ ထိုနှစ်ပါးတို့သည်ကျိန်ဆိုသောကြောင့်၊ ထိုအရပ်ကို ဗေရရှေဘဟုတွင်ကြ၏။ 32ထိုသို့ဗေရရှေဘအရပ်၌ ပဋိညာဉ်ပြုကြ၏။ အဘိမလက်နှင့် ဗိုလ်ချုပ်မင်းဖိကောလတို့သည်ထ၍ ဖိလိတ္တိပြည်သို့ပြန်ကြ၏။
33အာဗြဟံသည် ဗေရရှေဘအရပ်၌ မန်ကျည်းပင်ကိုစိုက်၍၊ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်တည်းဟူသော၊ ထာဝရဘုရား၏နာမတော်ကိုပတ္ထနာပြုလေ၏။ 34ဖိလိတ္တိပြည်မှာ ကာလရှည်ကြာစွာတည်းနေသတည်း။

ကမ္ဘာဦးကျမ်း - ၂၁ (အနက်ဖွင့်)

၈။ ကတိတော်နှင့်ဆိုင်သောသားဣဇာက် (အခန်း ၂၁)

၂၁:၁၀ အာဗြဟံနှင့်စာရာတို့သည် ကတိတော်ပြုထားသည့်အတိုင်း သားရတနာ ဖွားမြင်ကြသော အခါ ဣဇာက်(ရယ်မောသူ) ဟု ကင်ပွန်းတတ်ကြသည် (၁၇:၁၉-၂၁)။ ထိုသို့သားရတနာ ထွန်းကားကြသောအခါ မိဘနှစ်ပါးသည် ဝမ်းသာရွှင်လန်းကြ သကဲ့သို့ မင်္ဂလာသတင်းစကားကြားသော ဆွေမျိုးများသည်လည်း ဝမ်းမြောက်ကြသည်။ ဣဇာက်သည် အသက်(၂)နှစ်မှ (၅)နှစ်ကြားတိုင်အောင် နို့စို့သည်။ ထိုအချိန်တွင် ဣရှမေလသည် အသက်(၁၃)နှစ်မှ (၁၇)နှစ်အကြားရှိနေပြီ။ ဣရှမေလက ဣဇာက်အား အနိုင်ကျင့်ကြောင်း စာရာတွေ့မြင်သောအခါ ဟာဂရတို့သားအမိအား အိမ်မှ နှင်ချမောင်းထုတ်ရန် အာဗြဟံအား တောင်းဆိုသည်။ ဤအချက်ကို ပညတ်တရားက ကျေးဇူးတော်တရားအား စုံစမ်းနှိပ်စက်ခြင်းဖြစ်ကြောင်း၊ ပညတ်တရားနှင့် ကျေးဇူးတော် ရောထွေး၍ မရကြောင်း ထုံးတမ်းစဉ်လာက ဝိညာဉ်ကောင်းကြီး မင်္ဂလာ မလွှမ်းမိုးနိုင်ကြောင်း ရှင်ပေါလုက အနက်ကောက်သည်(ဂလာ ၄:၂၉)။

၂၁:၁၁၁၃ အာဗြဟံသည် စိတ်မချမ်းမြေ့စွာဖြင့် ဟာဂရနှင့် ဣရှမေလတို့ သားအမိကို မောင်းထုတ်သည်။ သို့သော်လည်း ဘုရားသခင်က ဣရှမေလအား လူမျိုးကြီး၏ဖခင်ဖြစ်စေမည်ဟု ကတိပေးခဲ့သည်။ ကတိတော်ပြုထားသည့်အတိုင် ဣရှမေလသည် အချိန်နှင့် အညီဖွံ့ထွားကြီးပြင်းလာသည်။

၂၁:၁၄၂၁ ဟာဂရနှင့် ဣရှမေလတို့သားအမိသည် ခါနာန်ပြည်တောင်ပိုင်း သဲကန္တာရထဲတွင် ရေငတ်လျက် ဒုက္ခရောက်နေကြသည်။ ကြံရာမရ ပြေးလွှားရှာဖွေနေကြစဉ်၊ ဘုရားသခင်က ရေတွင်းတွေ့ပေးလိုက်သဖြင့် သေကံမရောက်သက်မပျောက်ခဲ့ကြ။ ထိုကာလတွင် ဣရှမေလသည် ဆယ်ကျော်သက် အရွယ်ရှိသည်။ ထို့ကြောင့် သားတော်မောင် ရေငတ်သေမည်ကို မမြင်ရက်သောကြောင့် မိခင်က ချုံပုတ်အောက်မှာ ထား၍ ရေထွက်ရှာသည်။ ဣရှမေလ နာမည်မှာ “ဘုရားသခင်က နားညောင်းသည်” ဟုအနက်ရကြောင်း အပိုဒ်ငယ်(၁၇)တွင် “ဘုရားသခင်အသံကြားသည်” “ဘုရားသခင်က အသံကြားတော်မူသည်” ဟု (၂)ကြိမ်တိုင်တိုင်ဆိုထားသည်။ ကလေးသူငယ်များနှင့် လူငယ်များ၏ ဆုတောင်းသံသည် စင်ကြယ်သောကြောင့် ဘုရားသခင်က နားညောင်းလေ့ရှိပါသည်။

၂၁:၂၂၃၄ အပိုဒ်ငယ် (၂၂)တွင်ပါရှိသည့် အဘိမလက်မင်းသည် အခန်းကြီး (၂၀)တွင် ပါရှိသည့် ဘုရင်မင်းဖြစ်သည်။ ထိုဘုရင်၏ လက်ပါးစေများက အာဗြဟံ၏ တပည့်သားမြေးများထံမှ ရေဝွင်းအနိုင်အထက် လုယူခဲ့ဘူးသည်။ ယခု အဘိမလက်နှင့်အာဗြဟံတို့ ရင်းနှီးချစ်ကြည်၍ မိဆွေကောင်း ဖွဲ့ကြသောအခါ ထိုရေတွင်းအကြောင်းကို အာဗြဟံက အဘိမလတ်အား ပြောပြသည်။ သို့ဖြင့် ထိုရေတွင်းအား မိတ်ဆွေကောင်းများဖြစ်ကြခြင်း အထိမ်းအမှတ်အဖြစ် အာဗြဟံသို့ ပြန်ပေးသည်။ ထိုရေတွင်း နာမည်ကိုလည်း ဗေရှေဒ(ကျမ်းကျိန်ရေတွင်း ဟု အနက်ရသည်) ဟု ခေါ်သည်။ ကာလကြာသော အခါ တောင်ပိုင်းနယ်စပ်ရှိ မြို့ပြကြီးဖြစ်လာသည်။ အမှတ်တရ အဖြစ် အာဗြဟံက မန်ကျည်းပင် စိုက်ထူထားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။