ကမ္ဘာဦးကျမ်း - ၂၀

အာဗြဟံနှင့်အဘိမလက်
1တစ်ဖန်အာဗြဟံသည် တောင်ပြည်သို့ ခရီးသွားသဖြင့်၊ ကာဒေရှမြို့နှင့် ရှုရမြို့စပ်ကြားမှာနေ၍၊ ဂေရာမြို့၌တည်းခို၏။ 2ထိုအခါ မိမိမယားစာရာသည် မိမိနှမဖြစ်သည်ဟု၊ သူတစ်ပါးတို့အား အာဗြဟံဆိုသောကြောင့်၊ ဂေရာမင်းကြီးအဘိမလက်သည် မိမိလူကိုစေလွှတ်၍၊ စာရာကိုယူစေ၏။က၊ ၁၂:၁၃၊ ၂၆:၇။ 3ညအချိန်တွင်အိပ်မက်အားဖြင့် ဘုရားသခင်သည် အဘိမလက်ဆီသို့ကြွလာ၍၊ သင်သည် လူသေဖြစ်၏။ အကြောင်းမူကား၊ သင်ယူသောမိန်းမသည် သူ့မယားဖြစ်၏ဟု မိန့်တော်မူ၏။ 4အဘိမလက်သည်၊ ထိုမိန်းမနှင့် မပေါင်းဖော်သေးသည်ဖြစ်၍၊ အိုဘုရားရှင်၊ ဖြောင့်မတ်သောလူမျိုးကို ကွပ်မျက်တော်မူမည်လော။ 5သူသည် ငါနှမဖြစ်၏ဟု အကျွန်ုပ်အား ယောက်ျားဆိုသည်မဟုတ်ပါလော။ အကျွန်ုပ်အားသူသည်ငါ့မောင်ဖြစ်၏ဟု၊ မိန်းမလည်းဆိုသည် မဟုတ်ပါလော။ ဖြောင့်မတ်သောသဘောရှိ၍၊ သန့်ရှင်းသောလက်နှင့် ဤအမှုကိုအကျွန်ုပ်ပြုပါပြီဟု လျှောက်ဆို၏။
6ထိုအိပ်မက်၌ ဘုရားသခင်ကလည်း၊ မှန်ပေ၏။ သင်သည် ဖြောင့်မတ်သောသဘောနှင့် ပြုသည်ကို ငါသိ၏။ သင်သည်ငါ့ကိုမပြစ်မှားစေခြင်းငှာ၊ သင့်ကို ငါဆီးတားပြီ။ သို့ဖြစ်၍ ထိုမိန်းမနှင့်ပေါင်းဖော်ရသောအခွင့်ကို ငါမပေး။ 7ယခုမှာ၊ သူ၏မယားကို သူ့အားပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်၏။ သင့်အဖို့ဆုတောင်းလျှင်၊ သင်သည် အသက်ချမ်းသာရလိမ့်မည်။ ပြန်၍မပေးဘဲနေလျှင်၊ သင်မှစ၍၊ သင်နှင့်ဆိုင်သောသူအပေါင်းတို့သည် ဧကန်အမှန်သေမည်ဟု မိန့်တော်မူ၏။
8နံနက်စောစောအဘိမလက်သည်ထ၍၊ မိမိကျွန်အပေါင်းတို့ကိုခေါ်ပြီးမှ၊ အမူအရာအလုံးစုံကိုပြောသဖြင့်၊ ထိုသူတို့သည် အလွန်ကြောက်ကြ၏။ 9အာဗြဟံကိုလည်း အဘိမလက်ခေါ်၍၊ သင်သည်ငါတို့၌ အဘယ်သို့ပြုသနည်း။ သင့်ကိုငါတို့သည်အဘယ်သို့ပြစ်မှားသောကြောင့်၊ သင်သည်ငါ၌လည်းကောင်း၊ ငါ့နိုင်ငံ၌လည်းကောင်း၊ ကြီးစွာသောအပြစ်ကို ရောက်စေသနည်း။ သင်သည် မပြုအပ်သောအမှုကို ငါ၌ပြုပါသည်တကားဟု ဆိုလေ၏။ 10တစ်ဖန်အဘိမလက်က၊ သင်သည် အဘယ်အမှုကိုမြင်၍ ဤသို့ပြုသနည်းဟု အာဗြဟံကိုမေးလျှင်၊ 11အာဗြဟံက၊ ဤအရပ်သားတို့သည် ဘုရားသခင်ကိုမကြောက်၊ အကျွန်ုပ်၏မယားအတွက် အကျွန်ုပ်ကိုသတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့်၊ ထိုသို့ပြုမိပါပြီ။ 12သို့သော်လည်း သူသည်အကျွန်ုပ်နှမမှန်ပါ၏။ အကျွန်ုပ်အဘ၏သမီးဖြစ်၏။ အမိ၏သမီးမဟုတ်။ အကျွန်ုပ်မယားလည်း ဖြစ်ပါ၏။ 13ဘုရားသခင်သည် အကျွန်ုပ်ကိုအဘ၏ အိမ်မှခေါ်၍ လည်စေတော်မူသောအခါ၊ အကျွန်ုပ်က၊ သင်သည်ငါ၌ပြုရသောကျေးဇူးဟူမူကား၊ ငါသည်သင်၏မောင်ဖြစ်ကြောင်းကို ရောက်လေရာရာ၌ပြောရမည်ဟု၊ မယားကိုမှာထားပါသည်ဟု ပြန်ပြောလေ၏။ 14ထိုအခါ အဘိမလက်သည်၊ သိုး၊ နွား၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကိုယူ၍၊ အာဗြဟံအားပေးလေ၏။ မယားစာရာကိုလည်းပြန်ပေး၏။ 15အဘိမလက်ကလည်း၊ ငါ့မြေသည် သင့်ရှေ့မှာရှိ၏။ အလိုရှိသည်အတိုင်း နေပါဟု အမိန့်ရှိ၏။ 16စာရာကိုလည်း၊ သင်နှင့် သင့်အပေါင်းအဖော်တို့အဖို့၊ မျက်နှာဖုံးများကို ဝယ်စရာဖို့၊ သင်၏မောင်အား ငွေတစ်ထောင်ကိုငါပေးပြီဟု အမိန့်ရှိသဖြင့်၊ သူသည်လည်း အရာရာ၌အဆုံးအမခံရ၏။
17အာဗြဟံသည်လည်း၊ ဘုရားသခင်ကိုဆုတောင်း၍၊ ဘုရားသခင်သည် အဘိမလက်နှင့် သူ၏မယား၊ သူ၏ကျွန်မတို့ကိုအနာပျောက်စေတော်မူသဖြင့်၊ သူတို့သည် သားကိုဖွားကြ၏။ 18အထက်က အာဗြဟံ၏မယားစာရာကြောင့်၊ ထာဝရဘုရားသည်၊ အဘိမလက်၏အိမ်သူ၊ မိန်းမတစ်ယောက်မျှ ပဋိသန္ဓေမယူစေခြင်းငှာ၊ စီရင်တော်မူသတည်း။

ကမ္ဘာဦးကျမ်း - ၂၀ (အနက်ဖွင့်)

၇။ အာဗြဟံနှင့် အဘိမလက် (အခန်း ၂၀)

          ၂၀:၁၈ အာဗြဟံက အသက်(၂၀)အရွယ်ခန့်ရှိသော လှသွေးကြွယ် သူ့မယား စာရာအား ဖာရောမင်းထံရောက်ဖို့ စီစဉ်နေပြန်သည်။ သူ့မယားအား နှမ အဖြစ် ဟန်ဆောင်ခိုင်းထားသည်။ မှတ်သားပါ။ လူသည် အပြစ်တစ်ခါကျူးလွန်သည်ကို အမှတ်မထားတတ်ကြ။ ဂေရမြို့မှ အဘိမလက်မင်းသည်လည်း အာဗြဟံ၏ မယားအား နှစ်ကြိမ်လွန်ကျူးတော့အံ့ဆဲဆဲဖြစ်သည် (၁၂:၁၀-၁၇)။ ဘုရားသခင်က ကြားဝင် ဖြန်ဖြေခြင်းကြောင့် ကတိတော်နှင့်ဆိုင်သော သားဣဇာက်ပေါ်ထွန်းလာခြင်းဖြစ်သည်။ ဘုရားရှင်က အဘိမလက်အား သေခြင်းတရားဖြင့် ခြိမ်းခြောက် တုန်လှုပ်စေခဲ့သည်။ ထိုမင်းသည်လည်း နယ်နယ်ရရ မဟုတ်။ ဆိုးသွမ်းသော တိုင်းသူပြည်သားများကို ငြိမ်သက်အောင် အုပ်စိုးနိုင်သည်။ ဤနေရာတွင်မူ အဘိမလက်မင်းသည် ဘုရားသခင်၏ အဆွေတော် အာဗြဟံထက် ဖြောင့်မတ်ကြောင်း တွေ့ရသည်။ (အဘိမလက်သည် လူနာမည်မဟုတ်။ အသေးလေးဟု အဓိပ္ပါယ်ရသည်)။ လောက လူသားတစ်ဦးက ယုံကြည်သူအား ဆုံးမပဲ့ပြင်ခြင်းသည် အဘယ်မျှ ရှက်ဖွယ်လိလိကောင်းပါသနည်း။ မမှန်တစ်ဝက် မှန်တစ်ဝက်ကို အမှန်သဖွယ် ပြောဆိုသော်လည်း လုံးဝမမှန်သော အမှားကိစ္စဖြစ်သည်။ အာဗြဟံသည် ဘုရားသခင်၏ အဆွေတော်ဖြစ်၍သာ တော်တော့သည်။ အစပထမတွင် ဘုရားသခင်ကို အပြစ်တင်တော့မည့် ပုံရှိသည်။ သို့သော်လည်း ဘုရားသခင်က အဘိမလက်အား အချိန်မီတွေ့ဆုံစေသောကြောင့် သူ့အမှားကို သိရှိဝန်ခံခွင့်ရသည်။ တစ်မိသားစုလုံးအတွက် ဘုရားသခင်အား ချီးမွမ်းရသည်။

အပိုဒ်ငယ် (၁၆)တွင် ပါရှိသည့် မျက်နှာဖုံးများကို ဝယ်စရာဖို့ ဆိုသည်မှာ စကားပြေအားဖြင့် မျက်စိ အုပ်ထားသည်ဟု အနက်ရသည်။ ဤသို့ပြန်ဆိုလျှင် အဓိပ္ပါယ်ပေါ်လွင် နားလည်ကြမည်။ “သင်နှင့်တကွ သင်နှင့်ပတ်သက်သောသူများ၏ အမှားအယွင်းများကို သင့်ကြောင့် အမြင်မှန်ရသွားကြပြီ” ဟု ဆိုရမည်။ လက်ဆောင်ပေးခြင်းဖြင့် ကြည်အေးစေသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။