ကမ္ဘာဦးကျမ်း - ၁၉

သောဒုံမြို့၏အပြစ်ဒုစရိုက်
1ကောင်းကင်တမန်နှစ်ပါးတို့သည် ညဉ့်ဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှာထ၍ မြေ၌ဦးညွှတ်ချလျက်၊ 2အကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ကျွန်၏အိမ်သို့ဝင်၍ တစ်ညလုံးနေကြပါ။ ခြေကိုဆေးကြပါ။ နံနက်စောစောထ၍ ကြွသွားကြပါလော့ဟု ဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တစ်ညလုံးလမ်း၌နေတော့မည်ဟု ဆိုသော်လည်း၊ 3ကျပ်ကျပ်သွေးဆောင်သောကြောင့် တစ်ဖန်လောတနေရာသို့လှည့်၍၊ သူ၏အိမ်သို့ဝင်ကြ၏။ လောတလည်း၊ သူတို့အဖို့ပွဲလုပ်၍၊ တဆေးမပါသောမုန့်ကိုပေါင်းပြီးမှ၊ သူတို့သည်စားကြ၏။
4ထိုသူတို့သည်မအိပ်မီ၊ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ်ကလာသော သူအပေါင်းတို့သည် အိမ်ကိုဝိုင်း၍၊ 5လောတကိုဟစ်ခေါ်လျက်၊ ယနေ့ညမှာ သင့်အိမ်သို့ဝင်သောလူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့် ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍၊ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ၏။
6လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ထွက်၍၊ မိမိနောက်၌ တံခါးကိုပိတ်ပြီးလျှင်၊ 7ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက်မပြုကြပါနှင့်။ 8အကျွန်ုပ်၌ ယောက်ျားနှင့်မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသောအခွင့်ကို ပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကိုခိုနေပါ၏ဟု တောင်းပန်သော်လည်း၊ 9သူတို့က၊ ဆုတ်လော့ဟုဆိုကြ၏။ တစ်ဖန်ကား၊ သင်သည်တည်းခိုခြင်းငှာသာရောက်လာသည်နှင့် တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ပြုသည်ထက်၊ သင်၌သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတကိုကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှာ ချဉ်းလာကြ၏။ 10ထိုအခါကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍၊ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်းပြီးလျှင်၊ တံခါးကိုပိတ်ကြ၏။ 11အိမ်တံခါးနားမှာရှိသောသူအကြီးအငယ်တို့ကို၊ မျက်စိကန်းစေခြင်းငှာ ဒဏ်ခတ်သဖြင့်၊ သူတို့သည်တံခါးကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။
သောဒုံနှင့်ဂေါမောရဖျက်ဆီးခံရခြင်း
12ကောင်းကင်တမန်တို့ကလည်း၊ ဤအရပ်၌ သင်နှင့်ဆိုင်သောသူရှိသေးသလော။ သားသမီး၊ သမက်၊ မြို့ထဲမှာသင်၌ရှိသမျှကို ဤအရပ်ကထုတ်ဆောင်လော့။ 13ဤအရပ်ကို ငါတို့သည်ဖျက်ဆီးရမည်။ အကြောင်းမူကား၊ အရပ်သားတို့သည် ထာဝရဘုရားရှေ့တော်မှာ အလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ်၍၊ ဖျက်ဆီးစေခြင်းငှာ ထာဝရဘုရားသည် ငါတို့ကိုစေလွှတ်တော်မူပြီဟု လောတအားပြောဆိုကြ၏။ 14လောတထွက်၍၊ သမီးနှင့်စုံဖက်သောသူ၊ မိမိသမက်တို့အား ထကြ၊ ဤအရပ်မှထွက်သွားကြ၊ ဤမြို့ကို ထာဝရဘုရားဖျက်ဆီးတော်မူမည်ဟုဆိုသော်လည်း၊ ကျီစားဟန်ရှိသည်ဟု သမက်တို့ထင်ကြ၏။
15မိုးသောက်သောအခါ၊ ကောင်းကင်တမန်တို့သည် လောတကိုဆော်လျက်၊ သင်သည်ထ၍ ဤအရပ်၌ရှိသော မယားနှင့် သမီးနှစ်ယောက်တို့ကို ယူသွားလော့။ သို့မဟုတ်၊ မြို့၏အပြစ်၌ ဆုံးခြင်းသို့ရောက်လိမ့်မည်ဟု ဆိုသော်လည်း၊ 16သူသည်ဖင့်နွှဲသောအခါ၊ ထာဝရဘုရားသနားတော်မူသောကြောင့်၊ ကောင်းကင်တမန်တို့သည်၊ သူနှင့် သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍၊ မြို့ပြင်သို့ ထုတ်ဆောင်ကြ၏။၂ ပေ၊ ၂:၇။
17ပြင်သို့ရောက်သောအခါ၊ သင်သည်အသက်ချမ်းသာရခြင်းငှာ ပြေးလော့။ နောက်သို့လှည့်၍ မကြည့်နှင့်။ မြေညီသောအရပ်၌ အလျှင်းမနေနှင့်။ တောင်ပေါ်သို့ပြေးလော့။ သို့မဟုတ် ဆုံးလိမ့်မည်ဟု ဆိုလေ၏။ 18လောတကလည်း၊ အကျွန်ုပ်သခင် ထိုသို့မဆိုပါနှင့်။ 19ယခုမှာ ကိုယ်တော်ကျွန်သည် ရှေ့တော်၌မျက်နှာရပါပြီ။ အကျွန်ုပ်အသက်ချမ်းသာစေသဖြင့်၊ အကျွန်ုပ်၌ပြုတော်မူသောကရုဏာ ကျေးဇူးများပြားလှပါ၏။ ဘေးလွတ်၍တောင်ပေါ်သို့ မပြေးနိုင်ပါ။ ဘေးတစ်စုံ တစ်ခုတွေ့၍သေမည်ကို စိုးရိမ်ပါ၏။ 20ကြည့်ပါ။ ထိုမြို့နီးပါ၏။ ပြေးသာပါ၏။ ငယ်သောမြို့လည်းဖြစ်ပါ၏။ ဘေးလွတ်၍ ထိုအရပ်သို့ပြေးပါရစေ။ ထိုမြို့သည် ငယ်သောမြို့မဟုတ်လော။ သို့ပြေးလျှင်၊ အသက်ချမ်းသာရပါမည်ဟု လျှောက်ဆို၏။ 21ထိုသူကလည်း၊ ကြည့်ပါ။ ဤအမူအရာ၌လည်း သင်၏စကားကို ငါနားထောင်စေခြင်းငှာ၊ ထိုမြို့အတွက်တောင်းပန်သောကြောင့် ငါမဖျက်ဆီး။ 22ဘေးလွတ်ခြင်းငှာ ထိုမြို့သို့အလျင်အမြန်ပြေးလော့။ ထိုမြို့သို့မရောက်မီ ငါသည်အဘယ်အမှုကိုမျှ မပြုနိုင်ဟုဆိုလေ၏။ ထိုကြောင့် ထိုမြို့ကို ဇောရမြို့ဟုသမုတ်ကြ၏။
23လောတသည် ဇောရမြို့သို့ဝင်သောအခါ၊ မြေကြီးပေါ်မှာ နေထွက်ချိန်ဖြစ်သတည်း။ 24ထိုအခါ ထာဝရဘုရားသည်ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့် မီးမိုးကို ရွာစေတော်မူ၏။ 25ထိုမြို့တို့ကိုလည်းကောင်း၊ ချိုင့်အရပ်တစ်လျှောက်လုံးကိုလည်းကောင်း၊ မြို့သားအပေါင်းတို့ကိုလည်းကောင်း၊ မြေ၌ပေါက်သမျှကိုလည်းကောင်း၊ မှောက်လှဲတော်မူ၏။မ၊ ၁၀:၁၅၊ ၁၁:၂၃-၂၄၊ လု၊ ၁၀:၁၂၊ ၁၇:၂၉၊ ၂ ပေ၊ ၂:၆၊ ယု၊ ၇။ 26လောတ၏မယားမူကား၊ နောက်သို့လှည့်ကြည့်၍ ဆားတိုင်ဖြစ်လေ၏။လု၊ ၁၇:၃၂။
27နံနက်စောစော အာဗြဟံသည်ထ၍၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေသော အရပ်သို့သွားပြီးလျှင်၊ 28သောဒုံမြို့နှင့် ဂေါမောရမြို့မှစသော ချိုင့်အရပ်တစ်လျှောက်လုံးကို ကြည့်ရှု၍၊ မီးဖို၌အခိုးကဲ့သို့၊ တစ်ပြည်လုံးအခိုးတက်သည်ကို မြင်လေ၏။ 29ထိုသို့ဘုရားသခင်သည် ချိုင့်ထဲမှာရှိသောမြို့တို့ကို ဖျက်ဆီးသောအခါ၊ အာဗြဟံကို အောက်မေ့တော်မူ၏။ လောတနေသောမြို့တို့ကို မှောက်လှဲသောအခါ မှောက်လှဲရာထဲက လောတကို လွှတ်လိုက်တော်မူ၏။
မောဘနှင့်အမ္မုန်အမျိုးအနွယ်
30လောတသည် ဇောရမြို့မှထွက်၍၊ သမီးနှစ်ယောက်နှင့်တကွ တောင်ပေါ်မှာနေ၏။ ဇောရမြို့၌မနေဝံ့၍၊ သမီးနှစ်ယောက်နှင့်တကွ ဥမင်၌နေ၏။ 31သမီးအကြီးက၊ ငါတို့အဘအိုပြီ။ မြေကြီးသားအပေါင်းတို့၏ ဘာသာအတိုင်း၊ ငါတို့ထံသို့ဝင်ရသော ယောက်ျားတစ်ယောက်မျှ မြေပေါ်မှာမရှိ။ 32လာကြ။ ငါတို့အဘကို စပျစ်ရည်တိုက်ကြစို့။ ငါတို့အဘ၏အမျိုးအနွယ်ကို စောင့်မ၍၊ သူနှင့်အိပ်ကြစို့ဟု ညီမကိုပြောဆို၏။ 33ထိုနေ့ညမှာ သူတို့သည် အဘကို စပျစ်ရည်တိုက်ပြီးလျှင်၊ သမီးအကြီးသည်ဝင်၍ အဘနှင့်အိပ်လေ၏။ သူအိပ်ကြောင်းကိုလည်းကောင်း၊ ထကြောင်းကိုလည်းကောင်း အဘမသိ။ 34နက်ဖြန်နေ့တွင် အကြီးကလည်း၊ မနေ့ညမှာ ငါသည် အဘနှင့်အိပ်လေပြီ။ ယနေ့ညတစ်ဖန်သူ့ကို စပျစ်ရည်တိုက်ကြစို့။ သင်သည်ဝင်၍ အဘ၏အမျိုးအနွယ်ကို စောင့်မခြင်းငှာ၊ သူနှင့်အိပ်လော့ဟု ညီမကိုပြောဆို၏။ 35ထိုနေ့ည၌လည်း သူတို့သည် အဘကို စပျစ်ရည်တိုက်ပြီးလျှင်၊ အငယ်သည်ဝင်၍ အဘနှင့် အိပ်လေ၏။ အိပ်ကြောင်းကိုလည်းကောင်း၊ ထကြောင်းကိုလည်းကောင်း အဘမသိ။ 36ထိုသို့လောတ၏သမီးနှစ်ယောက်တို့သည်၊ မိမိအဘအားဖြင့် ပဋိသန္ဓေစွဲနေ၏။ 37သမီးအကြီးသည်သားကိုဖွား၍ မောဘအမည်ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့၏အဘဖြစ်သတည်း။ 38သမီးအငယ်သည်လည်း သားကိုဖွား၍ ဗေနမ္မိအမည်ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော အမ္မုန်အမျိုးသားတို့၏အဘဖြစ်သတည်း။

ကမ္ဘာဦးကျမ်း - ၁၉ (အနက်ဖွင့်)

ဘုရားသခင်က အာဗြဟံ၏ မိသားစုသို့ ကောင်းကြီးပေးပုံကို အငယ် ၁၉တွင် ရှင်းပြထားပါသည်။

၁၉:၁၁ သောဒုံ ဟူသော နာမည်သည် လိင်တူချင်း စပ်ရှက်ခြင်းဖြင့် နာမည်ထင်ရှားလာသည်။ ထိုသို့သော သဘာဝတရားကို ဆန့်ကျင်၍ ညစ်ညမ်းမှုကြောင့် မြို့တစ်ခုလုံး ပျက်သုဉ်းပျောက်ကွယ်ခဲ့ရသည်။ ယေဇ ၁၆:၄၉-၅၀ တွင် သောဒုံမြို့သည် “မာနထောင်လွှားခြင်း၊ သောက်စားကျူးခြင်းနှင့် ပြစ်မှုဒုစရိုက် ပေါင်းစုံ လွန်ကျူးကြသည်” ဟု ဆိုသည်။

လောတ အိမ်တွင် ကောင်းကင်တမန်()ပါး ညအိပ်တည်းခိုသည်။ သောဒုံသားများသည် ထို သတင်းစကား ကြားသောအခါ သံဝါသပြုဖို့ အတင်း အဓမ္မ လာရောက် တောင်းဆိုကြသည်။ လောတသည် ဧည့်သည်များကို လုံခြုံစေလိုသည်။ အိမ်ရှင်ဝတ္တရား ကျေပြွန်လိုသဖြင့် ဧည့်သည်တော်ကောင်းကင်တမန်များ အစား သမီးပျိုနှစ်ယောက် ထုတ်ပေးသည်။ သို့သော် ကောင်းကင်တမန်များကိုသာ မရမက တောင်းဆိုကြသည်။ ထိုစဉ်ကောင်းကင်တမန်များက လက်ဆန့်တန်း၍ ဒဏ်ခတ်သဖြင့် သောဒုံသားတို့ မျက်စိကန်းသွားကြသည်။

လိင်တူဆက်ဆံခြင်း

ဓမ္မဟောင်းကျမ်း(က ၁၉:၁-၂၆၊ ဝတ် ၁၈:၂၂၊ ၂၀:၁၃) နှင့် ဓမ္မသစ်ကျမ်း (ရော ၁:၁၈-၃၂၊ ၁ကော ၆:၉ ၁တိ ၁:၁၀)တို့တွင် ဘုရားသခင်က ပြစ်တင်ရှုတ်ချကြောင်း တွေ့ရသည်။ ထိုအပြစ်ဒုစရိုက် ကျူးလွန်ကြသောကြောင့် ဘုရားသခင်က သောဒုံနှင့် ဂေါမူရမြို့ကိုဖျက်ဆီးပစ်သည်။ မောရှေ ပညတ်ကျမ်းအရ လိင်တူ ဆက်ဆံခြင်းသည် သေဒဏ်ဖြစ်သည်။ လိင်တူ ဆက်ဆံသူများသည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ခွင့်မရှိ။

ထိုမိန်းမရှာများသည် ကိုယ်ကျင့်တရား ရုပ်ပျက်ဆင်းပျက် ချို့တဲ့သူများဖြစ်သည်။ ရှင်ပေါလုက “အချင်းချင်း ကိလေသာ စိတ်ပူလောင်သဖြင့် ရှက်ကြောက်ဘွယ်သော အမှုကို ယောက်ျားချင်းပြုလျက်၊ မိမိတို့မှားယွင်းခြင်းနှင့် အလျောက် မိမိတို့အပြစ်ဒဏ်ခံရကြ၏” (ရော ၁:၂၇) ဟု ဆိုထားသည်။ ထိုသို့ လိင်တူ ဆက်ဆံခြင်းဖြင့် ကာလသားရောဂါ၊ AIDS ရောဂါနှင့် တခြား ရောဂါဆိုးများ ရရှိနိုင်သည်။ ရုပ်ခန္ဓာကိုယ် ချို့ယွင်းချက်အပြင် စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်ခြင်းသို့ ကူးစက်သွားသည်။

ထိုအပြစ်လည်း အခြားဒုစရိုက် အပြစ်များကဲ့သို့ နောက်တရ၍ ခရစ်တော်ထံသို့ ပြန်လာလျှင် ခရစ်တော်က ကယ်တင်ပါသည်။ ဘုရားသခင်သည် မိန်းမရှာဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ ပဏ္ဍုပ် ဖြစ်စေ မိမိ အပြစ်ကို ဝန်ချတောင်းပန်လျှင် ခွင့်လွှတ်သည်။

လိင်တူဆက်ဆံခြင်းနှင့် နှာဘူးထခြင်း မတူညီပါ။ လိင်တူဆက်ဆံခြင်းကို သမ္မာကျမ်းစာက ရှုတ်ချသော်လည်း နှာဘူးထခြင်းကို မကန့်ကွက်ပါ။ လိင်ဆန့်ကျင်ဘက်အား ပုံစံအမျိုးမျိုးဖြင့် ဖျားယောင်း သွေးဆောင်ဗန်းပြကြသော်လည်း ထိုလိင်နောက်သို့ ပါမသွားသူများစွာရှိပါသည်။ ဝိညာဉ်တော် အသိတရားဖြင့် မိမိကိုယ်ကို ထိန်းသိမ်းကြသည်။ စုံစမ်းသွေးဆောင်ခြင်းကို တွန်းလှန်နိုင်ကြသည်။

ခရစ်ယာန်များအကြားတွင်လည်း ထိုသို့နှာဘူးထသူများ အများအပြား တွေ့နေရသည်။

မိမိအခြေအနေကို သိကြသော်လည်း ပြုပြင်ပြောင်းလဲခြင်းမရှိသည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်သည်။ ထိုသူများကို ဝိညာဉ်တော်အသိစိတ်ဓာတ်ဖြင့် ဇွဲရှိရှိ ဆုံးမသွန်သင်၍ စင်ကြယ်စေရသည်။ စိတ်နှလုံးထဲမှ ခရစ်တော်ကို ယုံကြည်လက်ခံလျှင် ဘုရားသခင်က ထိုသူများ၏ အားနည်းချက်များကို ပြည့်စုံသွားစေပါမည်။၅၅

အချို့က ထိုသို့စိတ်စွမ်းအား လျှော့နည်းသည့်အကြောင်းကို ဘုရားသခင်အား အပြစ်ဖို့ချင်ကြသည်။ မွေးရာပါဗီဇဖြစ်သည်ဟု ဆိုကြသည်။ သို့သော် သူတို့ပြုသော ဒုစရိုက်အပြစ်အတွက် ဘုရားသခင်ကို လိမ်ညာ၍ မရပါ။ အာဒံမှ မွေးဖွားလာသော သားသမီးတိုင်း အပြစ်ဒုစရိုက်နှင့် မကင်းကြပါ။ အချို့က တစ်မျိုးတွင် အားနည်းချက်ရှိ၍ အခြားတစ်ယောက်က အခြားတစ်နေရာတွင် အားနည်းချက်ရှိပါသည်။ အပြစ်ဒုစရိုက်သည် စုံစမ်းခြင်းမဟုတ်၊ အပြစ်ကျူးလွန်ရန် ကြံစည်အားထုတ်ခြင်းသာလျှင် စုံစမ်း စစ်ဆေးခြင်း ဖြစ်သည်။

ယောက်ျားအချင်းချင်း၊ မိန်းမအချင်းချင်း၊ ကာမ တဏှာရမက်ကြီးခြင်း အပြစ်မှ ကယ်တင်ရန် နည်းလမ်းရှိပါသည်။ ထို့ကြောင့် လှုပ်ရှားသွားလာပြုမူရာတိုင်း၌ ဘုရားသခင်နှင့် နီးစပ်စွာရှိနေဖို့ လိုသည်။ ဘုရားသခင်ကို အမြဲတမ်း တိုင်ပင်ပါ။

ခရစ်ယာန်များသည် ထိုသို့သော လူမျိုးကို ချဉ်းကပ်ခြင်းမပြုရသည့်ပြင် ဘဝပြုပြင်ပေးရန် ဝတ္တရား ရှိသည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော် အသေခံခြင်းသည် အပြစ်သား အားလုံးနှင့် အကျုံးဝင်သည်။ ကူညီကယ်တင်ပေးရသည်။ ဘဝစင်ကြယ် စေရမည်။ “သန့်ရှင်းခြင်း ပါရမီ မရှိလျှင် အဘယ်သူမျှ ထာဝရ ဘုရားကို မဖူးမမြင်ရ” (ဟေဗြဲ ၁၂:၁၄)။

၁၉:၁၂၂၉ ကောင်းကင်တမန်များက “လောတအား သူ့မိသားစုများနှင့် အတူ ထိုမြို့မှ ထွက်ပြေးခိုင်း ကြသည်။ သားမက်များအား ပြောပြသောအခါ သားမက်များက နောက်ပြောင်သည်ဟု ထင်မှတ်ကြသည်။ နံနက်မိုးသောက်လုချိန်တွင် ကောင်းကင်တမန်များက လောတ၊ လောတ၏ ဇနီးနှင့် သမီးများအား သောဒုံမြို့ပြင်သို့ ဆွဲထုတ်သွားကြသည်။ ဇောရမြို့ရောက်သောအခါ ခဏနားဖို့လောတဆိုသည်။ ထိုမြို့သည်လည်း အပြစ်ဒုစရိုက်နွံထဲက မြို့တစ်မြို့ဖြစ်သည်။ သောဒုံမြို့တွင် ဖြောင့်မတ်သူ လူ(၁၀)ယောက် မပြည့် သောကြောင့် ဘုရားသခင်က ဖျက်ဆီးသည်။ အာဗြဟံ၏ ဆုတောင်းစကားကို ဘုရားသခင်က အဖြေ မပေးခဲ့သော်လည်း ဘုရားသခင်က အာဗြဟံကို အောက်မေ့သဖြင့် လောတအား ထိုဒုစရိုက် အပြစ်ပုံထဲမှ ဆွဲထုတ်ပေးသည်။

သောဒုံမြို့မှ သေပြေးရှင်ပြေးထွက်ပြေးကြရသော်လည်း လောတ၏ ဇနီးသည် သောဒုံမြို့ကို သံယောဇဉ်မဖြတ်နိုင်သဖြင့် ဘုရားသခင်၏ အပြစ်စီရင်ခြင်းခံရသည်။ သခင်ခရစ်တော် ဘုရားကလည်း သူပေးသော ကယ်တင်ခြင်းတရား ရရှိသူများအား လောကီဇာတိကို သံယောဇဉ်ညှိတွယ်မနေကြရန် လောတ၏ ဇနီး၏အဖြစ်အပျက်ကို သတိရကြလော့ဟု လု ၁၇:၃၂ တွင်သတိပေးထားသည်။

၁၉:၃၀၃၈ လောတတို့သားအဖများသည် ဇောရမြို့ကို လွန်၍ တောင်ပေါ်ဥမင်၌ ခိုနေကြသည်။ ထိုနေရာတွင် သမီးများက ဖခင်လောတအား အရက်မူးအောင် တိုက်ပြီး ဖခင်နှင့်အတူ တစ်ယောက်တစ်လှည့် အိပ်မှားကြသည်။ သမီးအကြီးက သား မွေးဖွား၍ မောဘဟု နာမည်ပေးလိုက်သည်။ သမီးအငယ်လည်း သား မျက်နှာမြင်၍ ဗေနမ္မိဟု နာမည်ပေးလိုက်သည်။ ထိုအချိန်မှစ၍ မောဘလူမျိုးနှင့်အမ္မုန် လူမျိုး ပေါ်ထွန်းလာသည်။ ဣသရေလအမျိုးအား အဖန်တလဲလဲ ဒုက္ခပေးသူများဖြစ်လာကြသည်။ မောဘ အမျိုးသမီးသည် ဣသရေလအမျိုးသားများကို ဖျားယောင်းသွေးဆောင်၍ ညစ်ညမ်းစွာ ပေါင်းဖက်ကြသည် (တော ၂၅:၁-၃)။ အာမောနိလူများသည် ဣသရေလအမျိုးအား မောလက်ဘုရားကိုးကွယ်ရန် သွန်သင်သဖြင့် သားသမီးတိုင်း ယဇ်ပူဇော်ကြသည် (၃ရာ ၁၁:၃၃၊ ယေ ၃၂:၃၅)။ ၂ပေ ၂:၇-၈ အရ လောတသည် ဖြောင့်မတ်သူ ဖြစ်သော်လည်း လောတဇာတိကို စိတ်မပျောက်နိုင်သောကြောင့် သက်သေခံချက်များ ပေါ်လွင် ထင်ရှားခြင်းမရှိ (ငယ် ၁၄)။ သူ့မိန်းမ(ငယ် ၂၆)၊ သားမက်များ၊ မိတ်ဆွေများ၊ အပေါင်းအသင်းများလည်း မကျန်တော့ပါ။ ယခင်က ကြွယ်ဝချမ်းသာခဲ့သမျှသည်လည်း ယခုအခါ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲလေပြီ။ သူ၏ အကျင့်အကြံကို (ငယ် ၃၅) သူ၏ အသက်လုယူပုံကို (ငယ် ၂၂)တွင် တွေ့ရသည်။ သူ့သမီးများ၏ အကျင့်သည်လည်းသောဒုံမြို့သူမြို့သားများ၏အကျင့်စာရိတ္တလွှမ်းမိုးကြောင်း တွေ့ရမည်။ ထိုသို့သော အကျင့်ယုတ်ခြင်းသည် လွတ်လမ်း မရှိ (ဟေဗြဲ ၂:၃)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။