ကမ္ဘာဦးကျမ်း - ၁၈

သားရမည့်ကတိတော်
1ထာဝရဘုရားသည် မံရေသပိတ်တောနားမှာ၊ အာဗြဟံအားထင်ရှားတော်မူသည် အကြောင်းအရာဟူမူကား၊ နေပူသောအချိန်တွင် အာဗြဟံသည် တဲတံခါးဝ၌ထိုင်လျက်၊ 2မျှော်ကြည့်၍၊ မိမိရှေ့မှာ လူသုံးယောက်ရပ်နေကြသည်ကိုမြင်သောအခါ၊ ခရီးဦးကြိုပြုခြင်းငှာ တဲတံခါးဝမှပြေး၍ မြေသို့ဦးညွှတ်ချလျက်၊ဟေဗြဲ၊ ၁၃:၂။ 3အကျွန်ုပ်သခင်၊ ရှေ့တော်၌အကျွန်ုပ်သည် မျက်နှာရလျှင် ကိုယ်တော်ကျွန်မှ လွန်၍မသွားပါနှင့်။ 4ရေအနည်းငယ်ကို ယူခဲ့ပါရစေ။ ခြေကိုဆေးပြီးလျှင် သစ်ပင်အောက်၌လျောင်းနေကြပါလော့။ 5မုန့်အနည်းငယ်ကိုလည်းယူခဲ့ပါမည်။ အမောအပန်းပြေသောအခါ သွားကြပါလော့။ ထိုသို့သော ကျေးဇူးတော်ကိုခံစေခြင်းငှာ၊ ကိုယ်တော်ကျွန်ရှိရာသို့ ရောက်ပါပြီဟုဆို၏။ ထိုသူတို့ကလည်း၊ ပြောသည်အတိုင်းပြုပါလော့ဟု ဆိုကြ၏။ 6အာဗြဟံသည်လည်း၊ တဲအတွင်း၌ရှိသော စာရာဆီသို့ အလျင်အမြန်ဝင်ပြီးလျှင်၊ ဂျုံမုန့်ညက်သုံးစလယ်ကို အသော့ပြင်၍ နယ်ပါ။ ပေါင်မုန့်ကိုလုပ်ပါဟုဆိုလေ၏။ 7တစ်ဖန်နွားစုသို့ပြေး၍ နုထွားကောင်းမွန်သောနွားသငယ်ကိုယူခဲ့၍၊ လုလင်၌အပ်သဖြင့် မြန်မြန်ပြင်ဆင်စေ၏။ 8ထိုနောက်၊ နို့နှင့် နို့ဓမ်းကိုလည်းကောင်း၊ ပြင်ဆင်သော နွားသငယ်ကိုလည်းကောင်းယူ၍၊ ထိုသူတို့ရှေ့၌ထည့်ပြီးလျှင်၊ သစ်ပင်အောက်၊ သူတို့အနားမှာရပ်နေ၍၊ သူတို့သည်စားကြ၏။ 9ပြီးသောအခါ၊ သင်၏မယားစာရာသည် အဘယ်မှာရှိသနည်းဟုမေးကြလျှင်၊ တဲအတွင်း၌ရှိပါသည်ဟု ပြန်ပြော၏။ 10ထိုသူတို့တွင် တစ်ပါးကလည်း၊ ဖွားချိန်စေ့သောအခါ၊ ငါသည် သင့်ဆီသို့ ဆက်ဆက်ပြန်လာဦးမည်။ ထိုအခါ သင်၏မယားစာရာသည် သားကိုရလိမ့်မည်ဟု ပြောဆို၏။ ထိုသို့ဆိုသောသူ၏နောက်၌ တံခါးဝအနားမှာ၊ စာရာရှိသောကြောင့် ထိုစကားကိုကြား၏။ရော၊ ၉:၉။ 11ထိုအခါ အာဗြဟံနှင့်စာရာသည် အသက်အရွယ်ကြီးရင့်လှပြီ။ စာရာသည် မိန်းမတို့၌ ဥတုရောက်မြဲရှိသည်အတိုင်း မရောက်ပြီ။ 12ထိုကြောင့် စာရာက၊ ငါလည်းအိုပြီ၊ ငါ့သခင်လည်းအိုပြီ၊ သို့ဖြစ်၍ ငါသည် ပျော်မွေ့ခြင်းရှိလိမ့်မည်လောဟုဆိုလျက်၊ တိတ်ဆိတ်စွာရယ်လေ၏။၂ ပေ၊ ၃:၆။ 13သင်၏မယားစာရာက၊ အကယ်၍ ငါသည်အိုပြီးမှ၊ သားကိုဖွားလိမ့်မည်လောဟုဆိုလျက်၊ အဘယ်ကြောင့် ရယ်သနည်း။ 14ထာဝရဘုရားမတတ်နိုင်သောအမှု တစ်စုံတစ်ခုရှိသလော။ ချိန်းချက်သော ဖွားချိန်စေ့သောအခါ၊ သင့်ဆီသို့ငါပြန်လာ၍၊ စာရာသည် သားကိုရလိမ့်မည်ဟု ထာဝရဘုရားသည် အာဗြဟံအားမိန့်တော်မူ၏။လု၊ ၁:၃၇။ 15စာရာကလည်း၊ ကျွန်မမရယ်ပါဟု၊ ကြောက်၍ ငြင်းလေ၏။ မဟုတ်ဘူး။ သင်ရယ်ပြီဟု မိန့်တော်မူ၏။
သောဒုံမြို့အတွက်လျှောက်ခြင်း
16ထိုလူတို့သည် ထိုအရပ်ကထ၍ သောဒုံမြို့သို့ မျက်နှာပြုလျက်သွားကြ၏။ အာဗြဟံသည်လည်း သူတို့ကိုပို့ခြင်းငှာ လိုက်လေ၏။ 17ထာဝရဘုရားကလည်း၊ ငါပြုမည်အမှုကို အာဗြဟံအား မဖော်မပြဘဲ ဝှက်ထားရမည်လော။ 18အာဗြဟံသည်ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသောလူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့်ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။ 19အကြောင်းမူကား၊ သူသည် မိမိနောက်၌ဖြစ်သောသားများ၊ အိမ်သူများတို့အား ပညတ်မည်အရာကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား၏တရားလမ်းသို့လိုက်၍၊ ဟုတ်မှန်ဖြောင့်မတ်စွာ ကျင့်ကြလိမ့်မည်။ သို့ဖြစ်၍ ကတိတော်ရှိသည်အတိုင်း၊ ထာဝရဘုရားသည် အာဗြဟံ၌ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏။ 20တစ်ဖန်ထာဝရဘုရားက၊ သောဒုံမြို့၊ ဂေါမောရမြို့၌ ကြွေးကြော်သောအသံသည်ကြီး၍၊ အလွန်အပြစ်လေးသောကြောင့်၊ 21ယခုငါသွား၍ ငါ့ရှေ့သို့ရောက်ခဲ့ပြီးသော ကြွေးကြော်ခြင်းရှိသည်အတိုင်း၊ သူတို့သည် အမှန်ပြုသည် မပြုသည်ကို ငါကြည့်ရှုမည်။ မပြုလျှင် မပြုကြောင်းကို ငါသိမည်ဟု မိန့်တော်မူ၏။ 22ထိုသူတို့သည် ထိုအရပ်မှမျက်နှာလှည့်၍ သောဒုံမြို့သို့သွားကြ၏။ အာဗြဟံမူကား၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေလျက်ရှိသေး၏။
23ထိုအခါ အာဗြဟံချဉ်းကပ်၍၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့ကို၊ မတရားသောသူတို့နှင့်တကွ ဖျက်ဆီးတော်မူမည်လော။ 24ထိုမြို့တွင် ဖြောင့်မတ်သောသူငါးဆယ်ရှိလျှင်၊ ဖျက်ဆီးတော်မူမည်လော။ ဖြောင့်မတ်သောသူ ငါးဆယ်ပါသောမြို့ကို သူတို့အတွက်မနှမြောဘဲ ဖျက်ဆီးတော်မူမည်လော။ 25ထိုသို့ပြု၍ ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှုသည် ကိုယ်တော်နှင့် ဝေးပါစေသတည်း။ ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့ကဲ့သို့ခံစေသောအမှုသည် ကိုယ်တော်နှင့် ဝေးပါစေသတည်း။ မြေကြီးလုံးကို စီရင်တော်မူသောသခင်သည်၊ တရားသဖြင့် ပြုတော်မူမည် မဟုတ်လောဟု လျှောက်ဆို၏။ 26ထာဝရဘုရားကလည်း၊ သောဒုံမြို့၌ ဖြောင့်မတ်သောသူငါးဆယ်ကိုငါတွေ့လျှင်၊ သူတို့အတွက် ထိုအရပ်လုံးကိုငါနှမြောမည်ဟု မိန့်တော်မူ၏။ 27တစ်ဖန်အာဗြဟံက၊ အကျွန်ုပ်သည်မြေမှုန့်နှင့် ပြာသက်သက်ဖြစ်သော်လည်း၊ ဘုရားရှင်ကိုယခုလျှောက်မည်ဟု အားထုတ်ပါ၏။ 28ဖြောင့်မတ်သောသူငါးဆယ်တို့တွင် ငါးယောက်မပြည့်လျှင်၊ ထိုငါးယောက်မပြည့်သောအတွက်ကြောင့်၊ ထိုမြို့လုံးကို ဖျက်ဆီးတော်မူမည်လောဟု မေးလျှောက်ပြန်သော်၊ ထိုမြို့၌လေးဆယ့်ငါးယောက်ကိုငါတွေ့လျှင်၊ ငါမဖျက်ဆီးဟု မိန့်တော်မူ၏။ 29တစ်ဖန်တုံ၊ ထိုမြို့၌ လေးဆယ်ကိုတွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုလေးဆယ်အတွက် ငါမပြုဘဲနေမည်ဟု မိန့်တော်မူ၏။ 30တစ်ဖန်တုံ၊ အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်၊ အကျွန်ုပ်လျှောက်ပါရစေ။ ထိုမြို့၌သုံးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ သုံးဆယ်ကိုငါတွေ့လျှင်၊ ငါမပြုဟုမိန့်တော်မူ၏။ 31တစ်ဖန်တုံ၊ အကျွန်ုပ်သည် ထာဝရဘုရားကို ယခုလျှောက်မည်ဟု အားထုတ်ပါ၏။ ထိုမြို့၌ နှစ်ဆယ်ကိုတွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ နှစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။ 32အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်။ သည်တစ်ကြိမ် အကျွန်ုပ်လျှောက်ပါရစေဦး။ ထိုမြို့၌တစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ တစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။ 33ထာဝရဘုရားသည်၊ အာဗြဟံနှင့် နှုတ်ဆက်ခြင်းအမှုကုန်စင်ပြီးမှ၊ ကြွသွားတော်မူ၏။ အာဗြံဟံသည်လည်း မိမိနေရာအရပ်သို့ ပြန်လေ၏။

ကမ္ဘာဦးကျမ်း - ၁၈ (အနက်ဖွင့်)

သောဒုံနှင့် ဂေါမောရ (အခန်း ၁၈၁၉)

          ၁၈:၁၅ အခန်းကြီး(၁၇)ပြီးဆုံးသည့်နောက်တွင် ကောင်းကင်တမန်တော်()ပါး ပေါ်ထွန်းလာသည်။ နှစ်ပါးသည် ကောင်းကင်တမန်ဖြစ်၍ ကျန်တစ်ပါးသည် ဘုရားရှင် ကိုယ်တော်တိုင် ဖြစ်ပုံရသည်။ အရှေ့အလယ်ပိုင်းသာများ ထုံစံအတိုင်း ဧည့်သည်များကို အာဗြဟံနှင့်စာရာက လှိုက်လှဲပျူငှာစွာ ဧည့်ခံကြသည်(ဟေဗြဲ ၁၃:၂)။ ထိုဧည့်သည် (၃)ပါးအနက်မှ အကြီးဆုံးဖြစ်ဟန်တူသူက စာရာ ကလေးမွေးမည့် အကြောင်း အာဗြဟံသို့ပြောသည်ကို စာရာက တံခါးကွယ်မှကြားသိ၍ ရယ်သွမ်းသွေးသည်။ ထိုသို့ရယ်ခြင်းမှာ ကလေးမွေးချိန်တန် အရွယ်လွန်သွားသောကြောင့် ဖြစ်သည်။ ဧည့်သည်တော်ကြီးက ဘုရားသခင် မတတ်စွမ်းနိုင်သောအရာ ရှိသလောဟု ဆိုသည်။ စာရာသည် ထိုစကားကို ကြားသိသောအခါ ဝမ်းသာသော်လည်း မယုံဝံ့။ မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေသည်။ ဘုရားသခင်၏ စကားတော်ကိုမူ အစဉ်အမြဲ ယုံကြည် စွဲမှတ်သည် (ဟေဗြဲ ၁၁:၁၁)။

၁၈:၁၆၃၃ ဘုရားသခင်သည် အာဗြဟံထံသို့ ကိုယ်ထင်ပြသပြီးနောက် သောဒုံမြို့အား ဖျက်ဆီးဖို့ ရှိသည်။ ကောင်းကင်တမန် (၂)ပါးသည် မြို့ထဲသို့ လျှောက်သွားကြသည်။ ထိုသို့ သောဒုံမြို့ ဖျက်ဆီးမည့်အကြောင်းကို အာဗြဟံက ဈေးဆစ်သည်။ သောဒုံမြို့မှာ ဖြောင့်မတ်သူ ၅၀ မှ ၄၅ မှ ၄၀ မှ ၃၀ မှ ၂၀ မှ ၁၀ထိ ဈေးဆစ်သည်။ (၁၀)ယောက်ရှိလျှင် သောဒုံမြို့ကို မဖျက်ဆီးဟု ဆိုသည်။ အာဗြဟံ၏ သောဒုံမြို့အတွက် ဆုတောင်းပေးချက်ကို ယနေ့ ယုံကြည်သူများ သင်ခန်းစာယူသည့်သည်။ ကမ္ဘာမြေကြီး တရားစီရင်မည့် အကြောင်းသည် ဖြောင့်မတ်စင်ကြယ်သူ လူဦးရေအပေါ်မှာ အခြေခံကြောင်း နားလည်ရသည် (ငယ် ၂၅)။ ထို့အပြင် အောက်ကျို့ နှိမ့်ချမှုသည် ဘုရားသခင် သိကျွမ်းမှုအပေါ်တွင် အခြေပြုရသည်။ အာဗြဟံ၏ လျှောက်လဲချက်သာလျှင် ဘုရားသခင်အား ဆိုင်းငံ့စေနိုင်သည် (ငယ် ၃၃)။ လူ့ဘဝအသက်တာ တွင် ကြုံတွေ့ရသော အမှုလက္ခဏာပေါင်းစုံ၏ အဖြေကို အပိုဒ်ငယ် (၂၅)တွင် အဖြေပေးထားပါသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။