ကမ္ဘာဦးကျမ်း - ၁၅

အာဗြံနှင့်ပြုသောပဋိညာဉ်
1ထိုနောက်မှ ဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ ငါသည် သင်၏အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည်အလွန်ကြီးလှ၏ဟု မိန့်တော်မူလျှင်၊ 2အာဗြံက၊ အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားမရှိဘဲသွားရပါ၏။ ဤဒမာသက်မြို့သား ဧလျာဇာသည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ်ကျေးဇူးကိုပြုတော်မူပါမည်နည်းဟု လျှောက်ဆို၏။ 3တစ်ဖန်အာဗြံက အကျွန်ုပ်အားအမျိုးအနွယ်ကို ပေးတော်မမူပါ။ အကျွန်ုပ်၏ အိမ်၌ဖွားသောသူသည် အကျွန်ုပ်၏အမွေခံဖြစ်ရပါသည်တကားဟု လျှောက်ဆို၏။ 4တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဤသူသည် သင်၏အမွေခံမဖြစ်ရ။ သင်၏ကိုယ်ထဲကထွက်သောသူသည် သင်၏အမွေခံဖြစ်လိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊ 5အာဗြံကိုပြင်သို့ ထုတ်ဆောင်တော်မူ၍၊ မိုးကောင်းကင်ကိုမျှော်ကြည့်လော့။ ကြယ်များကိုရေတွက်နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ရော၊ ၄:၁၈၊ ဟေဗြဲ၊ ၁၁:၁၂။ 6အာဗြံသည် ထာဝရဘုရားကိုယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။ရော၊ ၄:၃၊ ဂလ၊ ၃:၆၊ ယာ၊ ၂:၂၃။
7တစ်ဖန်၊ ငါသည် ဤပြည်ကိုသင်အမွေခံစရာဖို့၊ သင်အားပေးလိုသောငှာ၊ ခါလဒဲပြည်သားတို့နေသောဥရမြို့မှ သင့်ကိုထုတ်ဆောင်သော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူလျှင်၊ 8အရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်အမွေခံရမည်ကို အဘယ်သို့သိရပါအံ့နည်းဟု မေးလျှောက်လေ၏။ 9ထာဝရဘုရားကလည်း၊ သုံးနှစ်အသက်ရှိသောနွားမတစ်ကောင်၊ သုံးနှစ်အသက်ရှိသောဆိတ်မတစ်ကောင်၊ သုံးနှစ်အသက်ရှိသောသိုးထီးတစ်ကောင်၊ ချိုးတစ်ကောင်၊ ခိုသငယ်တစ်ကောင်တို့ကိုငါဖို့ယူလော့ဟု မိန့်တော်မူသည်အတိုင်း၊ 10ထိုတိရစ္ဆာန်အပေါင်းတို့ကိုယူ၍၊ တစ်ကောင်တစ်ကောင်ကို ထက်ဝက်စီခွဲပြီးလျှင်၊ ခွဲသောအသားတို့ကို တစ်ဖက်တစ်ချက်၌ထားလေ၏။ ငှက်ကောင်တို့ကိုမခွဲ။ 11ငှက်ရဲတို့သည် အသေကောင်တို့အပေါ်သို့ ဆင်းလာသောအခါ၊ အာဗြံသည်နှင်လေ၏။ 12နေဝင်သောအခါ၊ အာဗြံသည် ကြီးသောအိပ်ခြင်းဖြင့် အိပ်ပျော်လျက်၊ ထူသောမှောင်မိုက်နှင့်တွေ့၍၊ ထိတ်လန့်ခြင်းသို့ ရောက်လေ၏။ယောဘ၊ ၄:၁၃-၁၄။ 13ထာဝရဘုရားကလည်း၊ သင်၏အမျိုးအနွယ်သည်၊ သူတစ်ပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတစ်ပါးတို့၌ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။ထွ၊ ၁:၁-၁၄။ တ၊ ၇:၆။ 14သူတို့ကိုစေခိုင်းသောလူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ၊ သူတို့သည် များစွာသောဥစ္စာနှင့် ထွက်ကြလိမ့်မည်။ထွ၊ ၁၂:၄၀-၄၁။ တ၊ ၇:၇။ 15သင်သည်ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရလိမ့်မည်။ အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ 16လူမျိုးလေးဆက်လွန်သောအခါ၊ သူတို့သည် ဤပြည်သို့ပြန်လာကြလိမ့်မည်။ အာမောရိအမျိုးသားတို့၏ဒုစရိုက်အပြစ်သည် မစုံလင်သေးဟု အာဗြံအား မိန့်တော်မူ၏။
17တစ်ဖန် နေဝင်၍မိုက်သောအခါ၊ ခွဲထားသောအသားအလယ်၌၊ မီးခိုးထွက်သောမီးဖို၊ မီးထွန်းလင်းသောမီးခွက်သည် ထင်ရှားစွာလျှောက်သွားလေ၏။ 18ထိုနေ့၌ ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူလျက်၊ အဲဂုတ္တုမြစ်မှစ၍ မြစ်ကြီးတည်းဟူသော၊ ဥဖရတ်မြစ်တိုင်အောင်၊ ဤပြည်ကိုလည်းကောင်း၊တ၊ ၇:၅။ 19ကေနိလူ၊ ကေနဇိလူ၊ ကာဒမောနိလူ၊ 20ဟိတ္တိလူ၊ ဖေရဇိလူ၊ ရေဖိမ်လူ၊ အာမောရိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ယေဗုသိလူတို့ကိုလည်းကောင်း၊ 21သင်၏အမျိုးအနွယ်အား ငါအပ်ပေးပြီဟုမိန့်တော်မူ၏။

ကမ္ဘာဦးကျမ်း - ၁၅ (အနက်ဖွင့်)

၄။ အမွေတော်ခံမည့်အကြောင်းအာဗြဟံသို့ကတိတော် (အခန်း ၁၅)

          ၁၅: အခန်းငယ်(၁)သည် အခန်းကြီး(၁၄)၏ ချိတ်ဆက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဟေဗြဲ ဘိုးအေကြီးက သောဒုံမင်း၏ လက်ဆောင်ကမ်းလှမ်းချက်ကို ငြင်းပယ်သည်။ ယေဟောဝါဘုရားသခင်က အာဗြဟ့အား အချင်းအာဗြဟံ၊ မစိုးရိမ်နှင့် ငါသည် သင်၏ အကွယ်အကာဖြစ်၏။ သင်၏ အကျိုးသည် အလွန်ကြီးလှ၏” ဟု ဆိုသည်။ ထိုစကားသည် အာဗြဟံအား ကွယ်ကာစောင်မသည့် အကြောင်းနှင့် ကြွယ်ဝ ချမ်းသာစေမည့် ကတိတော်ဖြစ်သည်။

၁၅: သားသမီးမရှိသော အာဗြဟံသည် သူ၏အမွေအား အစေခံကျွန် ဒမာသက်သား ဧလျာဇာက မဆီမဆိုင် အမွေခံရမှာကို စိုးရိမ်သည်။ ထိုသို့ အမွေခံရသည့်အကြောင်းမှာလည်း ထိုခေတ်အခါက ထုံးတမ်းစဉ်လာ ပညတ်တရားဖြစ်သည်။ သို့သော် ဘုရားသခင်က သား ရရှိမည့်အကြောင်းနှင့် ထိုသားအားဖြင့် ကောင်းကင်တခွင်များပြားသော ကြယ်များကဲ့သို့ သားမြေးထွန်းကားမည့်အကြောင်း ကတိတော်ပေးသည်။ လူ့အမြင်ဖြင့်ဆိုလျှင် ထိုကတိတော်သည် မဖြစ်လာနိုင်။ အဘယ်ကြောင့်ဆိုသော် အာဗြဟံ၏ မိန်းမစာရာသည် သွေးဆုံးနေပြီ။ သို့သော် အာဗြဟံသည် ဘုရားသခင်၏ စကားတော်ကို ယုံကြည်သည်။ ဘုရားရှင်သည် ဖြောင့်မတ်သူဖြစ်၍ ဘယ်သောအခါမှ ကတိသစ္စာပျက်လေ့မရှိ။ ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်မှန်ကန်ခြင်း၏ သမ္မာတရားပြည့်စုံသည့်အကြောင်းကို ရော ၄:၃၊ ဂလာ ၃:၆ နှင့် ယာ ၂:၂၃ တွင် ထပ်မံရှင်းပြထားသည်။ ၁၃:၁၆ တွင် သဲပွင့်သမျှ သားမြေးရမည့်အကြောင်း ၁၅:၅ တွင် ကောင်းကင်ကြယ်သမျှ သားမြေးထွန်းကားမည့်အကြောင်း ကတိတော်ပေးထားသည်။ သဲပွင့်သည် အာဗြဟံ၏ သွေးသားယုဒနွယ်ဖွားများကို ရည်ညွှန်း၍ ကောင်းကင်ကြယ်များသည် ဝိညာဉ်ရေးရာ မျိုးစေ့ကို ဆိုလိုသည်။ ထိုအကြောင်းကို ယုံကြည်ခြင်း ဝိညာဉ်ရှိလူတိုင်း နားလည်ကြသည် (ဂလာ ၃:၇ ကိုကြည့်)။

၁၅:၂၁ သားစဉ်မြေးဆက်နှင့်ပတ်သက်သော ကတိတော် (ငယ် ၁-၆)၊ ကတိတော်မြေ (ငယ် ၇:၈၊ ၁၈-၂၁) အတွက် ဘုရားသခင်၏ ထူးခြားလေးနက်သော အမှတ်လက္ခဏာများကို (ငယ် ၉-၂၁)တွင် ပါရှိသည်။ ထိုအကြောင်းကို David Baron က ဤသို့ရှင်းပြသည်။

ရှေးခေတ်ကာလတွင် အရှေ့တိုင်းသားများသည် တိရစ္ဆာန်သတ်၍ ပဋိညာဉ်ပြုကြလေ့ရှိသည်။ ထိုသို့ ပြုလုပ်ခြင်းသည် ကတိပြုချက်အား ပြည့်စုံ ရှင်သန်ခြင်း အထိမ်းအမှတ်၊ အတိတ်နိမိတ်ဖြစ်သည်။ (ယေ ၃၄:၁၈၊၁၉ ကိုလည်းကြည့်) ယခု ကမ္ဘာဦးကျမ်းအခန်းကြီး (၁၅)တွင်မူ ဘုရားသခင် တစ်ပါးတည်းက သာလျှင် မီးခိုးမီးငွေ့နှင့် တောက်လောင်သော မီးပုံစံဖြင့် ယဇ်ကောင် အလယ်တွင် ထင်ရှားပြသသည်။ အာဗြဟံက သိုသို့ ယဇ်ပူဇော်သောအခါ ဘုရားသခင်၏ ကျေးဇူးတော်သည် အံ့မခန်းလိလိ ထင်ရှားခဲ့သည်။၁၃

ထိုကတိတော်သည်ချို့ယွင်းချက်မရှိသော ကတိတော်ဖြစ်၍ ဘုရားသခင် တစ်ပါးတည်းထံသို့သာ မှီခိုရသည်။

နောက်ရှုဒေါင့်တစ်ခုမှာ ပူဇော်သက္ကာများသည် ဣသရေလလူမျိုးကို ပုံဆောင်သည်။ လင်းတငှက်များသည် တစ်ပါးအမျိုးသားများ ပုံဆောင်သည်။ အဲဂုတ္တုမြေသည် ဣသရေလတို့ပိုင်မြေမဟုတ်။ ဣသရေလများသည် ထိုအဲဂုတ္တုပြည် ခါနန်ပြည်သို့ စတုတ္ထမျိုးနွယ်ဆက်တွင် ပြောင်းရွှေ့ ရောက်ရှိလာကြသည်။ ပေါင်းအိုးထဲက မီးခိုးနှင့် တောက်လောင်နေသောမီးလျှံ့သည် ဣသရေလတို့၏ ဘုန်းကံကြမ္မာအတိတ် နိမိတ်ဖြစ်သည်။ ပင်ပန်းဆင်းရဲ ဒုက္ခခံရမည့်အကြောင်းနှင့် ဘုရားသခင်၏ သက်သေခံများဖြစ်ကြမည့် အကြောင်း အတိတ်စိမ်းပေးခြင်းဖြစ်သည်။

အာမောရိလူများ၏ ဆိုးညစ်မှုမကုန်မချင်း ဣသရေလတို့ ကယ်နှုတ်ခြင်း မပြည့်စုံနိုင်။ ထိုသို့ အာမောရိသားများ ဆိုးညစ်ခြင်းသည် ခါနာန်သားများ၏ ရုပ်တုဆင်းတု ဘုရားတုကိုးကွယ် ခြင်းအား အမျိုးတုံးစေသည်။ ဘုရားသခင်သည် အပြစ်စီရင်ခြင်းကာလ မရောက်မီ သူ့လူများ၏ ဆိုးညစ်ခြင်းကို တစ်ခါတရံ လွှတ်ပေးထားတတ်သည်။ သို့သော် ဘုရားသည် အာမောရိ လူမျိုး အပါအဝင် မည်သည့်တိုင်း နိုင်ငံသားကိုမှ ပျက်စီးခြင်းမရောက်စေလို (၂ပေ ၃:၉)။ ဘုရား တရားမသိသူများကိုလည်း သူတို့ သဘော အတိုင်း ဖြစ်ထွန်း၍ မကောင်းသော အသီးအပွင့်များကို သီးပွင့်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ အမျက် ဒေါသသင့်ကြရသည်။ အမျက်တော်သည် အကြွင်းမဲ့ မှန်ကန်သော ဖြောင့်မတ်ခြင်း ဖြစ်သည်။

အပိုဒ်ငယ် ၁၃ နှင့် ၁၄ သည် ရာဇဝင် စဉ်လာပြဿနာ ဖြစ်သည်။ အာဗြဟံ၏ လူများသည် လူစိမ်းမြေတွင် နှစ်ပေါင်း (၄၀၀)ကြာ ဆင်းရဲ ဒုက္ခခံပြီးမှ အဆုံးတွင် ကုံလုံကြွယ်ဝကြမည် ဟု ဆိုသည်။ တ ၁၇:၆ တွင်လည်း နှစ်ပေါင်း (၄၆၀)ကို ထပ်မံဖော်ပြထားသည်။

ထွ ၁၂:၄၀-၄၁ တွင် အဲဂုတ္တုပြည်၌ မွေးဖွားသော ဣသရေလလူငယ်များသည် နှစ်ပေါင်း (၄၃၀) ကြာညောင်းမည်ဟု ဆိုထားသည်။

ဂလာ ၃:၁၇ တွင် ပေါလုက အာဗြဟံသို့ ပေးထားသော ကတိတော်သည် နှစ်ပေါင်း (၄၃၀) ကြာညောင်း ပြီးမှ ပြည့်စုံလာသည်ဟု ဆိုသည်။

ဤအချက်ကို မည်သို့ဆက်စပ်နားလည် နိုင်ရမည်နည်း

က ၁၅:၁၃ နှင့် တ ၇:၆ တွင်ရှိသည့် နှစ်ပေါင်း (၄၀၀)သည် အဲဂုတ္တုပြည်တွင် ဣသရေလတို့ ဆင်းရဲ ဒုက္ခကျွန်ပြုခံရသည့် ကာလဖြစ်သည်။

ထွ ၁၂:၄၀-၄၁ တွင် ပါရှိသည့်နှစ်ပေါင်း (၄၃၀)သည် အဲဂုတ္တုပြည်တွင် ဣသရေလများ အများဆုံး နေထိုင်ခဲ့ကြသည့် ရက်လ ကာလဖြစ်မည်။

ဂလာ ၃:၁၇ တွင် ပါရှိသည့်နှစ်ပေါင်း (၄၃၀)သည် (ထွ ၁၂:၄၀-၄၁)တွင် ပါရှိသည့်ကာလနှင့် နီးစပ် ညီမျှသည် အာဗြဟံသို့ပေးထားသော ကတိတော်အား ဘုရားသခင်က ယာကုပ်သို့ ထပ်မံအတည်ပြုသည်။ ယာကုပ် အဲဂုတ္တုပြည်သို့ ဝင်ရောက်သည့်အချိန် (က ၄၆:၁-၄) အပါအဝင် အဲဂုတ္တုပြည်မှ ထွက်မြောက်လာကြသည့် နောက်ပိုင်း (၃)လတွင် ပညတ်တော်ပေးသည့် ကာလထိ ရေတွက်ခြင်းဖြစ်ပေမည်။

က ၁၅:၁၆ တွင်ပါရှိသည့် သားမြေး (၄)ဆက်ကို (ထွ ၆:၁၆-၂၀)တွင် ယေဝိ၊ ကောဟတ်၊ အာမရုံ၊ မောရှေ ဟု တွေ့ရသည်။ အပိုဒ်ငယ် ၁၈-၂၁ တွင် ဣသရေလတို့၏ ကတိတော်မြေအကြောင်း မတွေ့ရသေး။ ရှောလမုန်က တိုင်းနိုင်ငံကို အုပ်စိုးကြောင်း (၃ရာ ၄:၂၁-၂၄) တွေ့ရသော်လည်း ထိုမြေသည် အကြုံးမဝင်။ ခရစ်တော်ဘုရား တဖန်ကြွလာသည့်အခါမှ သာလျှင် ကတိတော်ပြည့်စုံမည်။ ဘုရားသခင်၏ ကတိတော်ကို မပြည့်စုံအောင် မည်သည့်အရာကမှ တားဆီးနှောင့် ယှက်ခြင်းမပြုနိုင်။ ဘုရားသခင်၏ ကတိတော်သည် အစဉ် အမြဲ စေ့စပ်သေချာ၍ ပြည့်စုံသည်။

အပိုဒ်ငယ်(၁၈)တွင် ပါရှိသည့် အဲဂုတ္တုမြစ်သည် သမိုင်းကြောင်းတွင် မပေါ်လွင် မထင်ရှားသော မြစ်တစ်မြစ်ဖြစ်ဟန်တူသည်။ ဂါဇမြို့တောင်ဘက်ပိုင်းတွင် ရှိသော ချောင်းကြီး မြစ်ငယ် ဖြစ်နိုင်သည်။ ဝါဒီအယ် အာရိမြစ် မဟုတ်သကဲ့သို့ နိုင်းလ်မြစ်လည်း မဟုတ်ပါ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။