ကမ္ဘာဦးကျမ်း - ၁၀

နောဧသားများ၏သားစဉ်မြေးဆက်
(၅ ရာ၊ ၁:၅-၂၃)
1ရေလွှမ်းမိုးသောနောက်၊ နောဧသား ရှေမ၊ ဟာမ၊ ယာဖက်တို့မှဆင်းသက်သော သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။ 2ယာဖက်၏သားကား ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိရတ်တည်း။ 3ဂေါမာသားကား၊ အာရှကေနတ်၊ ရိဖတ်၊ တော်ဂမတည်း။ 4ယာဝန်သားကား၊ ဧလိရှာ၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒနိမ်တည်း။ 5ဤသူတို့သည် လူအမျိုးမျိုး တစ်ကျွန်းတစ်နိုင်ငံမြေနယ်တို့ကို ဘာသာအသီးအသီး၊ အမျိုးအနွယ်အသီးအသီးရှိသည်အတိုင်း၊ အချင်းချင်းခွဲဝေကြ၏။ 6ဟာမသားကား၊ ကုရှ၊ မိဇရိမ်၊ ဖုတ၊ ခါနာန်တည်း။ 7ကုရှသားကား၊ သေဘ၊ ဟာဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါတည်း။ ရာဂမသားကား၊ ရှေဘ၊ ဒေဒန်တည်း။ 8ကုရှသည် သားနိမ်ရောဒကိုလည်းရသေး၏။ ထိုသားသည် မြေကြီးပေါ်မှာ အဦးစွမ်းနိုင်သောသူဖြစ်၏။ 9ထာဝရဘုရားရှေ့မှာ အားကြီးသောမုဆိုးဖြစ်၏။ ထိုကြောင့် စကားပုံ၌ကား၊ ဘုရားရှေ့နိမ်ရောဒ၊ အားကြီးမုဆိုး၊ ပြုလုပ်သည်လိုဟု စပ်ဆိုသတည်း။ 10သူ၏နိုင်ငံအဦးကား၊ ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရက်မြို့၊ အက္ကဒ်မြို့၊ ကာလနေမြို့တည်း။ 11ထိုပြည်မှအာရှုရိပြည်သို့သွား၍ နိနေဝေမြို့၊ ရဟောဘုတ်မြို့၊ ကာလမြို့ကိုလည်းကောင်း၊ 12နိနေဝေမြို့နှင့်၊ ကာလမြို့စပ်ကြားမှာ ကြီးစွာသောမြို့တည်းဟူသော ရေသင်မြို့ကိုလည်းကောင်း တည်ဆောက်လေ၏။
13မိဇရိမ်သားကား၊ လုဒိမ်လူ၊ အာနမိမ်လူ၊ လဟာဗိမ်လူ၊ နတ္တုဟိမ်လူ၊ 14ပါသရုသိမ်လူ၊ ကာသလုဟိမ်လူ၊ ကတ္တောရိမ်လူတည်း။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိလူဖြစ်သတည်း။
15ခါနာန်သားအကြီးကား၊ ဇိဒုန်။ ထိုနောက် ဟေသ။ 16ထိုနောက် ယေဗုသိလူ၊ အာမောရိလူ၊ ဂိရဂါရှိလူ၊ 17ဟိဝိလူ၊ အာကိလူ၊ သိနိလူ၊ 18အာဝဒိလူ၊ ဇေမရိလူ၊ ဟာမသိလူတည်း။ ထိုနောက် ခါနာန်အမျိုးသားအသီးအသီးတို့သည် နှံ့ပြားကြလေ၏။ 19ခါနာန်အမျိုးသားနေရာပြည်နယ်သည် ဇိဒုန်မြို့မှ ဂေရာမြို့၊ ဂါဇမြို့တိုင်အောင်လည်းကောင်း၊ တစ်ဖန်သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့ကိုလွန်၍ လာရှမြို့တိုင်အောင်လည်းကောင်း ရှိသတည်း။ 20ဤသူတို့သည် သီးခြားသောအမျိုးအနွယ်၊ သီးခြားသောဘာသာအလိုက်၊ အပြည်ပြည်အတိုင်းတိုင်း၌နေသော ဟာမသားများဖြစ်သတည်း။
21ယာဖက်ညီ၊ ဟေဗြဲလူအပေါင်းတို့၏အဘ၊ ရှေမသည်လည်း သားများကိုမြင်လေ၏။ 22ရှေမသားကား၊ ဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒ၊ အာရံတည်း။ 23အာရံသားကား၊ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှတည်း။ 24အာဖာဇဒ်သားရှာလ၊ ရှာလသားဟေဗာတည်း။ 25ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ၏။ သားတစ်ယောက်ကား၊ ဖာလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ့လက်ထက်၌ မြေကြီးကိုခွဲဝေကြ၏။ သူ၏ညီကား၊ ယုတ္တန်အမည်ရှိ၏။ 26ယုတ္တန်သားကား၊ အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊ 27ဟဒေါရံ၊ ဥဇလ၊ ဒိကလ၊ 28ဩဗလအဘိမေလ၊ ရှေဘ၊ 29ဩဖိရ၊ ဟဝိလ၊ ယောဗပ်၊ ဤသူအပေါင်းတို့သည် ယုတ္တန်သားဖြစ်သတည်း။ 30သူတို့နေရာမူကား၊ မေရှမြို့မှသည် အရှေ့မျက်နှာ၌ သေဖာတောင်တိုင်အောင် ရှိသတည်း။ 31ဤသူတို့သည် သီးခြားသောအမျိုးအနွယ်၊ သီးခြားသောဘာသာအလိုက်၊ အပြည်ပြည်အတိုင်းတိုင်းတို့၌နေသော ရှေမသားများဖြစ်သတည်း။
32ဤရွေ့ကား မိမိတို့အမျိုးအနွယ် အသီးအသီးအလိုက်မှတ်သားသော နောဧသား ဆွေစဉ်မျိုးဆက်စာရင်းပေတည်း။ ထိုသူတို့သည် ရေလွှမ်းမိုးသောနောက်၊ မြေကြီးပေါ်မှာ သီးခြားသောတိုင်းပြည်တို့ကို တည်ထောင်ကြလေ၏။

ကမ္ဘာဦးကျမ်း - ၁၀ (အနက်ဖွင့်)

(လူမျိုးများ၏ မျိုးနွယ်စာရင်း (အခန်း ၁၀)

ရှေမ၊ ဟာမ၊ ယာဖက် တို့သည် လူမျိုးနွယ်စု၏ ဖခင်ကြီးများ အသီးသီးဖြစ်လာကြသည်။

ရှေမ၊ ဆီမိုမျိုးနွယ်စု ဖြစ်သော ဂျူး၊ အာရပ်၊ အာရှုရီး၊ အာရမိ နှင့် ဖုနိလျှန် လူမျိုး။

ဟာမ။ ဟာမစ်တစ်လူမျိုးနွယ်စုဖြစ်သော အဲသယောပိ၊ အဲဂုတ္တု၊ ခါနာန်၊ ဖိလိတိန်း၊ ဗာဗုလုန် အမျိုးဖြစ်သည်။ အာဖရိကမျိုးနွယ်စုနှင့် အရှေ့တိုင်းသားများဖြစ်နိုင်သည်။ အချို့ ကျမ်းစာ ပညာရှင်များကမူ အရှေ့တိုင်းသားများသည် ယာဖက်အမျိုးဖြစ်သည်ဟု ဆိုကြသည်။

ယာဖက်။ ယာဖက်မျိုးနွယ်စုဖြစ်သော မိဒျန်း၊ ဂရိ cypriotsမျိုးနွယ်စုများဖြစ်သည်။ များသောအားဖြင့် ကော့ကေးရှ ဥရောပ အနွယ်နှင့် အာရှမြောက်ပိုင်း အစွန်များရှိ လူများဖြစ်သည်။ အချို့ ကျမ်းစာပညာရှင်များက အရှေ့ပိုင်းအာရှ တိုင်းရင်းသားများ ပါ၀င်သည် ဟုဆိုကြသည်။

အခန်းငယ် ၂-၅ တွင် ယာဖက်၏သား မြေးစဉ်ဆက်စာရင်း ရေးပြထားသည်။ ဟာမ၏ သားမြေး စဉ်ဆက်ကို ငယ် ၆-၂၀ တွင်၎င်း၊ ရှေမ၏ နောက်လာနောက်သားများကို ငယ် ၂၁-၃၁ တွင် ရေတွက်ပြထားသည်။ ဓမ္မဟောင်းကျမ်းတွင် ရှေမ၏ သားစဉ်မျိုးနွယ်စဉ်အား ဘုရားသခင် ဝိညာဉ်တော်က အလေးပေးရေးမှတ်ခိုင်းသည်။ ဘာသာစကား ကွဲပြားခြားနားသွားကြခြင်းကို အပိုဒ်ငယ် ၅ တွင် ရှင်းပြထားသည်။ ထိုသို့ ကွဲပြားကြရခြင်းအကြောင်းရင်းမှာ ဗာဗုလုန် မျှော်စင် တည်ဆောက်ကြသောကြောင့် ဖြစ်သည်။ (၁၁:၁-၉)

ဤအခန်း (၁၀)တွင် လူတန်းစာ (၃)မျိုးကွဲပြား ကြကြောင်း တွေ့ရမည်။ အပိုဒ်ငယ် (၅)တွင် ယာဖက်မျိုးနွယ်စု အစိပ်စိပ် အမွှာမွှာ ကွဲပြားကြကြောင်း တွေ့ရသည်။ ပိုဒ်ငယ် (၂၅)တွင် ဖာလတ် လက်ထက်၌ မြေကြီး (အာဗေလတွင်) ခွဲဝေကြသည့် အကြောင်း တွေ့ရမည်။  အပိုဒ်ငယ် (၃၂)တွင် အခန်း(၁၁)ရှိ အာဗေလမျှော်စင်အကြောင်း စာမြည်း မိတ်ဆက်ပေးထားသည်။ နောဧ၏ သားများသည် မိသားစုအလိုက် နေရာဒေသအသီးသီးသို့ ပြန့်ကြဲ၍ ဘာသာစကား အမျိုးမျိုး ကွဲပြားကြသည်။ တိုင်းနိုင်ငံ အသီးသီး ထူထောင်သွားကြသည်။

အပိုဒ်ငယ် ၈-၁၀ တွင် နိပ်ရောဒ အမည်တွေ့ရသည်။ ထိုနာမည်၏ အဓိပ္ပါယ်မှာ ပုန်ကန်ခြင်းဟု အနက်ရသည်။ ရေလွှမ်းမိုးခြင်းခံရပြီး နောက်ပိုင်းတွင် မြေကြီးပေါ်တွင် အဦးစွမ်း နိုင်သောသူ အင်အားတန်ခိုးကြီးမားသူ ဖြစ်သည်။ မြို့ပြနိုင်ငံများ တည်ထောင်ခဲ့သည် (ငယ် ၁၀)။ ဘုရားသခင်ကို ပုန်ကန်အန်တုရန် (ဗာဗုလုန်၌) ဗာဗေလမျှော်စင် တည်ဆောက်သည်။ အာရှုရိပြည်တွင် နိနေဝေမြို့ တည်သည် (ငယ် ၁၁) ဘုရားသခင်၏ လူများကို ဆန့်ကျင် ပုန်ကန်သည်။

ယာဖက်၏ အစ်ကိုရှေမ၏ မျိုးရိုးစဉ်ဆက်ကို အငယ် (၂၁)တွင် ရေတွက်ပြထားသည်။

အတိအကျမှန်ကန်သည်ဟု မဆိုနိုင်သော်လည်း နေရပ်ဒေသ အသီးသီးတွင် တိုင်းနိုင်ငံ ထူထောင်ကြသော လူမျိုးမျိုးများကို အောက်ပါအတိုင်း လေ့လာသိရှိနိုင်သည်။

တာရှု (ငယ် ၄)                           စပိန်

ကိတ္တိမ် (ငယ် ၄)                                    ကုပရုကျွန်း

ကုရှ (ငယ် ၆)                            အဲသယောပိ

ဖိဇရိမ် (ငယ် ၆)                          အဲဂုတ္တု

ဖုတ (သို့မဟုတ် ပုတ (ငယ် ၆)    လစ်ဗျား

ခါနာန် (ငယ် ၆)                         ပါက်စတိုင်း

အာရှုရ (ငယ် ၁၁)                       အာရှုရိ

ဧလမ် (ငယ် ၂၂)                                    ပါရှား

အာရမ် (ငယ် ၂၂)                       ဆီးရီးယားနှင့် မက်ဆိုပိုတေးမီးယား (မေသောပေါတာမိ)

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။