ယေဇကျေလအနာဂတ္တိကျမ်း - ၈

ဘုရားသခင်ကိုမြင်သောဒုတိယဗျာဒိတ်
(၈:၁-၁၀:၂၂)
ယေရုရှလင်မြို့ထဲမှညစ်ညူးခြင်း
1သက္ကရာဇ်ခြောက်ခု၊ ဆဋ္ဌမလ၊ ငါးရက်နေ့တွင်၊ ငါသည်ကိုယ်အိမ်၌ထိုင်၍၊ ယုဒအမျိုးအသက်ကြီးသူတို့သည် ငါရှေ့မှာထိုင်ကြစဉ်၊ အရှင်ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်သို့ သက်ရောက်လေ၏။ 2ထိုအခါ ငါကြည့်ရှု၍၊ မီးအရောင်ကဲ့သို့သော ပုံသဏ္ဌာန်သည် ထင်ရှား၏။ ခါးသဏ္ဌာန်မှသည် အောက်ပိုင်း၌ မီးအရောင်ကဲ့သို့လည်းကောင်း၊ အထက်ပိုင်း၌ ဟရှမေလရွှေအရောင်ကဲ့သို့လည်းကောင်း ထင်ရှား၏။ 3လက်သဏ္ဌာန်ကိုဆန့်၍ ငါ၏ဆံပင်တစ်စုကို ကိုင်လျက်၊ ဝိညာဉ်တော်သည် ငါ့ကို မြေနှင့်မိုးကောင်းကင်ကြားမှာ ချီကြွ၍၊ အမျက်တော်ကို နှိုးဆော်သော ရုပ်တုပလ္လင်ရှိရာ ယေရုရှလင်မြို့ မြောက်မျက်နှာအတွင်း တံခါးဝသို့၊ ဘုရားသခင်၏ ဗျာဒိတ်တော်ရူပါရုံအားဖြင့် ငါ့ကိုဆောင်သွား၏။ 4လွင်ပြင်၌ အရင်ငါမြင်ဖူးသော ဗျာဒိတ်ရူပါရုံကဲ့သို့၊ ဣသရေလအမျိုး၏ဘုရားသခင်ဘုန်းတော်သည် ထင်ရှား၏။ 5အချင်းလူသား၊ မြောက်လမ်းသို့ မျှော်ကြည့်လော့ဟု မိန့်တော်မူသည်အတိုင်း၊ မြောက်လမ်းသို့ ငါမျှော်ကြည့်၍၊ မြောက်မျက်နှာ၊ ယဇ်ပလ္လင်တံခါးဝ၌အမျက်တော်ကို နှိုးဆော်သောရုပ်တုရှိ၏။
6တစ်ဖန်တုံ၊ အချင်းလူသား၊ ငါသည် ငါ၏ သန့်ရှင်းရာဌာနနှင့် ဝေးစွာသွားစေခြင်းငှာ သူတို့ပြုကြသောအမှု၊ ဤအရပ်၌ ဣသရေလအမျိုးပြုသော၊ အလွန် စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကို မြင်ပြီလော။ တစ်ဖန် လှည့်၍သွားဦးလော့။ သာ၍ကြီးသော ရွံရှာဖွယ်အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက်၊ 7တံတိုင်းတံခါးဝသို့ ငါ့ကိုဆောင်သွား၍ ငါကြည့်ရှုသောအခါ၊ တံတိုင်းရိုး၌ အပေါက်ကို မြင်လေ၏။ 8တစ်ဖန်တုံ အချင်းလူသား၊ တံတိုင်းရိုးကို တူးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည်တူးပြီးမှ တံခါးဝကို မြင်လေ၏။ 9ဝင်လော့။ ဤအရပ်၌ ပြုကြသော စက်ဆုပ်ရွံရှာဖွယ် အမှုဆိုးတို့ကို ကြည့်ရှုလော့ဟု မိန့်တော်မူသည်အတိုင်း၊ 10ငါသည် ဝင်၍ကြည့်ရှုသောအခါ၊ တံတိုင်းရိုး အတွင်းပတ်လည်၌၊ တွားတတ်သော အကောင်မှစ၍ ရွံရှာဖွယ်သော တိရစ္ဆာန်အမျိုးမျိုးနှင့် ဣသရေလအမျိုးကိုးကွယ်သော ရုပ်တုဆင်းတုရှိသမျှတို့၏ ပုံသဏ္ဌာန်သည် ရေးထားလျက်ရှိ၏။ 11သူတို့ရှေ့မှာ ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်တို့နှင့်တကွ၊ ယာဇညာသားရှာဖန်သည် သူတို့အလယ်၌ရပ်၍၊ ထိုသူအပေါင်းတို့သည် အသီးအသီး လင်ပန်းကိုကိုင်လျက်၊ နံ့သာပေါင်းကို မီးရှို့ကြသဖြင့်၊ မီးခိုးသည် ထူထပ်စွာတက်လေ၏။
12တစ်ဖန်တုံ၊ အချင်းလူသား၊ ဣသရေလအမျိုး အသက်ကြီးသူ အသီးအသီးတို့သည် မှောင်မိုက်ထဲမှာ ပုံရေးသောအခန်းတို့၌ ပြုသောအမှုကို မြင်ပြီလော။ သူတို့က၊ ထာဝရဘုရားမမြင်။ ထာဝရဘုရားသည် မြေကြီးကို စွန့်ပစ်လေပြီဟု ဆိုကြ၏။ 13တစ်ဖန် လှည့်၍ သွားဦးလော့။ သူတို့ပြုသော အမှုတို့တွင် သာ၍ကြီးစွာသော စက်ဆုပ်ရွံရှာဖွယ် အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက်၊ 14ဗိမာန်တော်မြောက်တံခါးဝသို့ ဆောင်သွား၍၊ ထိုအရပ်၌ မိန်းမတို့သည် တမ္မုဇနတ်အဖို့ ငိုကြွေးလျက် ထိုင်ကြ၏။ 15အချင်းလူသား၊ ထိုအမှုကိုမြင်ပြီလော။ တစ်ဖန် လှည့်၍သွားဦးလော့။ ထိုမျှမက သာ၍ကြီးစွာသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက်၊ 16ထာဝရဘုရား၏ အိမ်တော်အတွင်း တံတိုင်းထဲသို့ ဆောင်သွား၍၊ ဗိမာန်တော်တံခါး၊ ဗိမာန်တော်ဦးနှင့် ယဇ်ပလ္လင်ကြားမှာ၊ လူနှစ်ကျိပ်ငါးယောက်တို့သည် ဗိမာန်တော်ကို ကျောခိုင်းလျက်၊ အရှေ့သို့ မျက်နှာပြုလျက်၊ အရှေ့မျက်နှာ၌ နေကို ကိုးကွယ်ကြ၏။ 17တစ်ဖန်တုံ၊ အချင်းလူသား၊ ထိုအမှုကို မြင်ပြီလော။ ယုဒအမျိုးသည် ဤအရပ်၌ စက်ဆုပ်ရွံရှာဖွယ် အမှုတို့ကို ပြုသောအပြစ် ပေါ့သလော။ သူတို့သည် အဓမ္မမှုဖြင့် တစ်ပြည်လုံးကို ပြည့်စေ၍ ငါ၏အမျက်ကို အထပ်ထပ် နှိုးဆော်ကြပြီ။ သစ်ခက်ကိုလည်း မိမိတို့နှာခေါင်းဝ၌ ကပ်၍ကိုင်ကြ၏။ 18ထိုကြောင့်၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ ငါ၏အမျက်ကိုလွှတ်လိုက်မည်။ သူတို့သည် ကျယ်သောအသံနှင့် အော်ဟစ်၍ တောင်းလျှောက်သော်လည်း၊ ငါသည် နားမထောင်ဟု မိန့်တော်မူ၏။

ယေဇကျေလအနာဂတ္တိကျမ်း - ၈ (အနက်ဖွင့်)

(ဗိမာန်တော်ထဲ၌ ရွံရှာဘွယ်ရာရုပ်တုကိုးကွယ်မှု ရူပါရုံ (အခန်း၈)

          : သက်ကြီးသူများက ကူညီမစခြင်းမရှိ၊ မျက်နှာလွဲခဲ့ကြသောကြောင့် တရားစီရင်ခြင်းခံထိုက်ကြောင်းကို သက်သေခံကြမည်။ ဤအဖြစ်သနစ်မျိုးကို ယနေ့ကာလ၌လည်း မကြာခဏ ကြုံတွေ့ရသည်။ ဘုရားသခင်က ယေဇကျေလအား ဗျာဒိတ်ရူပါရုံဖြင့် ဗာဗုလုန်မှ ယေရုရှလင်သို့ခေါ်ဆောင်သွားသည်။ ရွံရှာဘွယ်ရုပ်တုဆင်းတုများအား ဝတ်ပြုကိုးကွယ်နေကြပုံကို အော့အန်ချင်စရာတွေ့ရသည်။ ဗိမာန်တော် အဝင်တံခါးနားမှာ ယုတ်ညံ့သော ရုပ်တုဆင်းတုများတည်ထားသည်ကိုမြင်တွေ့ရသည်။ ယင်းအရာတို့သည် ဘုရားသခင်၏ အမျက်တော်ကိုကြီးကျယ်စွာ လှုံ့ဆော်ကြလေပြိတကား။

၈:၇−၁၅ ဒုတိယမြင်ရသော ဗျာဒိတ်ရူပါရုံမှာ ဗိမာန်တော်တံတိုင်း ဖြစ်သည်။ သက်ကြီးသူ ယုဒလူများကရုပ်တုအသီးသီးကို ဝတ်ပြုရှိခိုးနေကြသည်။ ဘေးပတ်လည်နံရံပေါ်၌ ပန်းချီရုပ်တုပုံများ၊ ဓါတ်ပုံများကို ဝတ်ဖြည့်နေကြသည်။

တတိယမြင်ရသော ရူပါရုံမြင်ကွင်းမှာ မြောက်ဘက်တံခါးဝတွင် အမျိုးသမီးများသည် ဗာဗုလုန်တို့၏ တမ္မုဇနတ်အတွက် ငိုကြွေးနေကြသည်။ အလေ့ကျပေါက်ပင်များသည် အချိန်တန်လျှင် ထုံးစံအတိုင်း အရွက်ခြောက်သေကြသည် မဟုတ်လော့။

၈:၁၆−၁၈ စတုတ္တရူပါရုံမြင်ကွင်းမှာ ထာဝရဘုရားအိမ်တော်၏ အတွင်းဘက်တံတိုင်း ဖြစ်သည်။ ဗိမာန်တော်တံခါးဝ၊ ဗိမာန်တော်ဦးနှင့်ယဇ်ပလ္လင် ကြား၌ လူနှစ်ဆယ့်ငါးယောက်တို့သည် ဗိမာန်တော်ကိုကိုကျောခိုင်း၍ အရှေ့ဖက်သို့ မျက်နှာပြုကာ နေကိုကိုးကွယ်နေကြသည်။ အပိုဒ်ငယ်−၁၇ ၌ပါရှိသော သစ်ခက်မှာ အဓိပါယ်မရှင်းပါ။ နှာခေါင်းဝတွင် သစ်ကိုင်းကပ်ခြင်းသည် ဘုရားသခင်အား မကြည်ညိုခြင်း သင်္ကေတဖြစ်နိုင်သည်။ သစ်ကိုင်းသစ်ခက်သည် ညစ်ညမ်းသော ဖိုမင်္ဂါအဖြစ် သရုပ်ဖော်ခြင်းလည်း ဖြစ်နိုင်ပါသည်။

အသက်တာ၌ ပြောင်းလဲခြင်းမရှိ၊ဘုရားစစ်ဘုရားမှန်ကိုမသိသော ဘာသာရေးခေါင်းဆောင်များ၏ အမူအကျင့်ဆိုး မှားယွင်းသော အယူဝါဒ၊ ညစ်ညမ်းသော အကျင့်စရိုက်များကို ဘုရားသခင်က မြင်ပါသည်။ ထို့ကြောင့် သူတို့စကားကိုနားမထောင်ဟု ဘုရားရှင်က အတိအလင်းဆိုထားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။